" ဓမ္မ " ဆိုတဲ့ တရားသဘာဝဟာ အလွန်နက်နဲ သိမ်မွေ့ပြီး နားလည်သဘောပေါက်ဖို့ ခက်ခဲလှပါတယ် ။

မြတ်စွာဘုရားရှင်ရဲ့ သဗ္ဗညုတ ဥာဏ်တော်ကြီးနဲ့ ဟောကြားထားတာဖြစ်လို့ တရားစာ တစ်လုံးတစ်လုံးရဲ့ အဓိပ္ပာယ်ကို
ပြန်လည်ဖွင့်ဆိုပြရာမှာ အယူအဆ သဘောသဘာဝတွေ ကွဲလွဲနိုင်ပါတယ် ။ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးဖြစ်တဲ့
ရဟန္တာ အရှင်မြတ်တို့မှာပင် ပုထုဇဉ်လူသားတွေကို နိဗ္ဗာန်သဘော နားလည်အောင် ရှင်းမပြနိုင်ပါဘူး ။

ရဟန္တာ အချင်းချင်းမှာလည်း အမြင်သန့်ရှင်းပုံချင်း မတူကြလို့ ဟောပြတဲ့တရားတွေမှာ နည်းပေးလမ်းပြပုံချင်း ကွဲလွဲကြပါတယ် ။
တရားသဘောကို အပေါ်ယံသိကြတဲ့ တရားအားထုတ်သူများဟာ သူ့နည်းကပိုကောင်းတယ် ၊ ငါ့နည်းကပိုမှန်တယ် စသည်ဖြင့်
တရားတော်အပေါ်မှာ ပုဂ္ဂိုလ်စွဲ , ငါစွဲတွေနဲ့ လွဲမှားစွာ ဝေဖန် ငြင်းခုံ ဆုံးဖြတ်နေကြပါတယ် ။

မြတ်စွာဘုရားရဲ့ တရားဓမ္မတွေဟာ ကိလေသာ အပူမီးများ ငြိမ်းအေးဖို့နဲ့ မူလနှစ်ဖြာဖြစ်တဲ့ ' အဝိဇ္ဇာ ' နဲ့ ' တဏှာ ' ကင်းကွာဖို့ပဲ
ဖြစ်ပါတယ် ။ ဘုရားပေါင်းများစွာ ၊ ရဟန္တာပေါင်း မရေမတွက်နိုင်အောင်ရှိလို့ နည်ပေါင်းမြောက်မြားစွာ ရှိတယ်လို့ မယူဆရပါဘူး ။
သို့သော်လည်း ဗုဒ္ဓသာသနာ ထွန်းပေါ်ခဲ့တာ နှစ်ပေါင်း ၂၅၀၀ ကျော်လာပြီဖြစ်လို့ ဝါဒကွဲ ၊ ဂုဏ်းကွဲ တွေ ဖြစ်ပေါ်နေပါတယ် ။
တကယ်စစ်မှန်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာကိုတော့ ပိဋကတ်သုံးပုံဖြစ်တဲ့ ပါဠိတော်များမှာ တိတိကျကျ သိနိုင်ပါတယ် ။
ဒါတောင် ဆရာကောင်း ဆရာမြတ်တို့ရဲ့ သေချာကျနစွာ သင်ကြားပြသမှုကို ခံယူခဲ့ရပြီး ၊ ကိုယ်တိုင်လည်း တရားတော်သဘောအမှန်ကို
တကယ်လိုချင်သော ဆန္ဒအမှန် ပြင်းပြစွာ ဖြစ်လို့ လုံ့လကြိုးကုတ် အားထုတ်ထားပါမှ တော်ကာကျမှာပါ ။

သည့်အတွက် တရားတော်တွေကို ဝေဖန် သုံးသပ် ရေးသား ကြတဲ့အခါ မှာဖြစ်စေ ၊ တရားစာသင် , တရားစာပြ နေကြတဲ့ ရဟန်းသံဃာများကို
ဝေဖန်ဆုံးဖြတ်ကြတဲ့ အခါ ၊ တရားဟော , တရားပြ ဆရာတော်များ ၊ ကိုယ်တိုင်ကျင့်ကြံနေသော ရဟန်းသံဃာများအား ဝေဖန်ပြစ်တင်ကြတဲ့
အခါမှာဖြစ်စေ ၊ အလွန်သတိထားဖို့ လိုအပ်ပါတယ် ။ မိမိရဲ့ တစ်ချို့တစ်ဝက် သိမှတ်ထားတဲ့ တရားစာပေ , တရားအသိတွေကို ကိုးကားပြီး
ဝေဖန်သုံးသပ်မယ်ဆိုရင် အပြစ် အလွန်ကြီးလေးပါတယ် ။ ဗုဒ္ဓမြတ်စွာရဲ့ တရားသဘောနဲ့ ကွဲလွဲသွားမယ်ဆိုရင် ဘုရားရှင်ကို ဆန့်ကျင်ရာ
ရောက်ပါတယ် ။ ဒီအခါ မိမိမသိလိုက်ဘဲ မိမိမှာ ဓမ္မန္တရာယ် ဖြစ်သွားပြီး ၊ မိမိ တရားအားထုတ်တဲ့အခါမှာ တရားရဖို့ မဖြစ်နိုင်တော့ပါဘူး ။
ပြီးတော့ကာ စာပြ , စာသင် , တရားဟော , တရားပြ , တရားကျင့်နေတဲ့ ရဟန်းသံဃာတွေကို မိမိရဲ့ ကိုယ်ပိုင် အယူအဆ ၊ အထင်အမြင်တွေနဲ့
ဝေဖန်သုံးသပ် ဆုံးဖြတ်မယ်ဆိုရင်လည်း မိမိထက် သီလ သမာဓိ ပညာ နဲ့ အကျင့်မြတ်တို့ သာလွန်တဲ့ ရဟန်းသံဃာတွေကို ပုတ်ခတ်စော်ကားရာ
ရောက်ပါတယ် ။ အလွန်သတိထားနိုင်မှ အပြစ်မဖြစ် အပြစ်လွတ်မှာ ဖြစ်ပါတယ် ။

မိမိရဲ့ မိခင်ကြီးနဲ့ ပြောဖြစ်ခဲ့တဲ့ အကြောင်းအရာကို ရေးပါဦးမယ် ။ မိခင်ကြီးဟာ အရွယ်ရလာတဲ့ အခါမှ စ၍ ဒါန သီလတို့ကို မြတ်မြတ်နိုးနိုး
ပြုလုပ်ကျင့်ဆောင်ခဲ့ပါတယ် ။ ဒုတိယ အရွယ်မှာပဲ ဝိပဿနာ ဘာဝနာ အားထုတ်ခြင်းကို အားသွန်ခွန်စိုက် ကျင့်ကြံခဲ့ပါတယ် ။ တရားဟော
တရားပြဆရာတော်တို့ရဲ့ ချီးမွမ်းမြှောက်စားခြင်းခံရသလို တရားကျင့်ဖေါ်ကျင့်ဖက်များရဲ့ လေးစား ကြည်ညို ချစ်ခင်ခြင်းလည်း ခံရပါတယ် ။
တရားအလုပ်မှာ စွဲမြဲစွာ ကျင့်ကြံသလို တရားစကားမှလွဲပြီး တစ်ခြားအကြောင်းအရာများ ပြောခဲပါတယ် ။ အချိန်အားရသမျှမှာ တရားစာပေတို့ကိုသာ
လေ့လာလိုက်စား ဖတ်မှတ်နာကြားလျက် သားသမီး မြေးမြစ်များကအစ မိတ်ဆွေတိုင်းကို တရားနှင့်ယှဉ်ပြီး ဆုံးမလေ့ရှိပါတယ် ။

အဲဒီအချိန်မှာ ပေါ်ထွန်းလာတဲ့ " အရှင်ဆန္ဒာဓိက " ကိုယ်တော်လေးရဲ့ သဒ္ဓာ , ဆန္ဒ , ဝီရိယ နဲ့ ပညာ တို့ကို မိခင်ကြီးက အလွန်လေးစား ကြည်ညို
မေတ္တာတွေ ပိုခဲ့ပါတယ် ။ ဆရာတော်လေးဟာ တရားစာအုပ်တွေကို ဆက်တိုက်ဆိုသလို ရေးသားထုတ်ဝေလာတဲ့အခါ မိခင်ကြီးက မကျေမနပ်ဖြစ်လာပါတယ် ။
ကရုဏာဒေါသောနဲ့ ဘာလို့စာတွေရေးနေသေးတာလဲ ၊ ငယ်ရွယ်ကျန်းမာစဉ် ၊ သတိဝီရိယတွေ အားကောင်းနေတဲ့အချိန် ၊ သဒ္ဓာထက်သန်နေစဉ်အချိန်မှာ
ဝိပဿနာဘာဝနာအမှုကို လုံ့လပြုရမှာပေါ့ ၊ ငါကဖြင့် ကိုယ်တော်လေးကို အရမ်းမျှော်လင့်နေခဲ့ရတာ ၊ ခုတော့ဖြင့် ငါမျှော်မှန်းသလို မဟုတ်လို့ စိတ်ဆင်းရဲပါတယ်လို့
မိမိကို ရင်ဖွင့်ငြီးငြူပါတယ် ။

ဒီအခါမှာ မိမိက ဖြေသိမ့်ပေးရင်း တရားသဘာဝတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ် ။
" ဒီလိုရှိပါတယ် အမေရယ် . . . တိပိဋကဓရ မင်းကွန်းဆရာတော်ကြီးလောက် ဇွဲ ၊ ဝီရိယ ၊ သီလ ၊ ပညာ ၊ ဥာဏ်တွေ ကောင်းလွန်းသူ ရှိသေးရဲ့လား ၊ အဲဒီမှာ ဆရာတော်ကြီးကို၊
ဘာလို့ စာအုပ်တွေထဲမှာ ရှိပြီးသား ပိဋကတ်သုံးပုံကို အချိန်အကုန်ခံပြီး အာဂုံဆောင်နေသေးတာလဲ ၊ ဝိပဿနာဘာဝနာကို အားထုတ်တော့ပါလား လို့ ဝေဖန်သုံးသပ်ခဲ့မယ်ဆိုရင်
အဲဒီသူမှာ ဘယ်လောက် အပြစ်ကြီးသွားမှာလဲ , စဉ်းစားကြည့်ပါ ။ မဟာဂန္ဓာရုံ ဆရာတော်ကြီးလောက် သီလ ၊ သမာဓိ ၊ ပညာ ၊ ဗဟုသုတကြွယ်ဝမှု တွေ ပြည့်ဝနေတဲ့ ပုဂ္ဂိုလ်ကြီးက
ဘာလို့ ကျောင်းတိုက်တွေ တည်ထောင်ပြီးတော့ စာတွေသင်နေရတာလဲ၊ ဝိပဿနာဘာဝနာပဲ အားထုတ်ပါတော့လား လို့ ဝေဖန်ရင် သင့်မြတ်ပါ့မလား ၊ မာန်လည်ဆရာတော်ဘုရားကြီး
မာဃဒေဝ လင်္ကာ ရေးတာ ၊ ရှင်မဟာရဋ္ဌသာရ ကဗျာလင်္ကာတွေ သီကုံးနေတာတွေ ၊ စသည်ဖြင့် ပြောရင် အများကြီးပါ ။ ဘုရားရှင် လက်ထက်တော်မှာ ရဟန်းသံဃာတွေအကုန်လုံး
တရားပဲ အားထုတ်နေတာမဟုတ်ပါဘူး ၊ သူကျရာတာဝန် သူဆောင်ရွက်နေရတာပါပဲ ။ နောက်ပြီး သာဝကဆိုတာ တစ်ပါးနဲ့တစ်ပါး ပါရမီချင်းတူတာမှမဟုတ်တာ ၊ သူတို့ဖြည့်ကျင့်ခဲ့တဲ့
အကျင့် , သူတို့ရည်ရွယ်ခဲ့တဲ့ဆန္ဒ , သူတို့မျှော်မှန်းထားတဲ့ သံသရာ ခရီးလမ်းတွေဟာ ကွဲပြားခြားနားကြတာချည်းပါပဲ ၊ နိဗ္ဗာန်မရမီ သံသရာခရီးသွားရတဲ့အခါ ' ဒါန ' ၊'သီလ ' ၊ 'သမထ'
ဆိုတဲ့' စရဏ ' တရားလဲလိုပါတယ် ၊ ' ဝိပဿနာ ' ဆိုတဲ့ ' ဝိဇ္ဇာ ' တရားလဲ လိုပါတယ် ၊ " ဝိဇ္ဇာ ၊ စရဏ " နှစ်ပါးစုံမှ မဂ်ဖိုလ်ရဖို့လွယ်ပါတယ် ၊ ရဟန်းသံဃာတွေမှာ ' ဒါနပါရမီ ' ဖြည့်ချင်ရင်
' ဓမ္မဒါန ' ဖြစ်တဲ့ တရားအလှူနဲ့ပဲ ဖြည့်ကြရပါတယ် ၊ သူတို့ပြုနေတဲ့ တရားအလှူတွေကို မလုပ်ပါနဲ့လို့ ဝေဖန်တားဆီးမိရင် ထိုသူမှာပဲ အပြစ်ဖြစ်ပါလိမ့်မယ် ၊ အဲဒီတော့ သူတို့ရဲ့ အတွင်း
အဇ္ဈတ္တ မှာ ရှိတဲ့ အဓိဋ္ဌာန်တွေ ၊ သူတို့ရဲ့ လက်ရှိအခြေအနေတွေကို မိမိက မသိပါဘဲလျက် ဘေးကနေ ဝေဖန်ဆုံးဖြတ် နေရင် မိမိမှာသာ အကုသိုလ်ဖြစ်ပြီး အကျိုးယုတ်သွားနိုင်တာမို့
ရဟန်းသံဃာတွေကို မဝေဖန်မိဖို့ သတိထားကြရမှာပါ " လို့ ရှည်ရှည်ဝေးဝေးပဲ ရှင်းပြခဲ့ပါတယ် ။

ဒီအခါမိခင်ကြီးက " ဟုတ်လိုက်တာ ၊ အမေလဲ ဆန္ဒစွဲ , ငါစွဲ တွေနဲ့ သတိလွတ်ပြီး အဆင်အခြင်မဲ့စွာနဲ့ ကိုယ်မမှီတဲ့ တရားတော်နဲ့ သံဃာတော်ကို ဝေဖန်မိသွားတယ် ၊ ဘယ်လိုပဲ ကိုယ့်ဘက်က
စေတနာ မှန်တယ်ပြောပြော ဘာသာရေးမှာ မိမိအယူအဆ အထင်မြင်တွေနဲ့ မဝေဖန်သင့်ဘူး ၊ ဝေဖန်ပြောဆိုမိသူ မိမိမှာသာ အကျိုးသက်ရောက်မှာဖြစ်တာပေါ့ ၊ ဒီတော့ ဆရာတော်လေးကို
ပုံတော်မှန်းပြီး ဝန်ချ ကန်တော့ တောင်းပန်လိုက်ပါ့မယ် " လို့ သံဝေဂ တရားယူလိုက်ပါတယ် ။

တစ်ခါက ရဟန္တာ ကိုယ်တော်ကြီးတစ်ပါး ဆွမ်းခံပြန်လာစဉ် လေနာရောဂါရှိတာကြောင့် ကျောင်းမရောက်ခင် လမ်းမှာပဲ ယာဂုဆွမ်းကို သုံးဆောင်တော်မူပါတယ် ။ အတူပါလာတဲ့ ရဟန်းငယ်က
စိတ်ထဲမှနေ၍ ရဟန်းကြီးကို ကဲ့ရဲ့မိသွားပါတယ် ၊ ကျောင်းရောက်တော့ ရဟန္တာကိုယ်တော်ကြီးက ရဟန်းငယ်ကို စကားဆိုပါတယ် ။
" ငါ့ရှင် တရားအဆင့် ဘယ်လောက်ရောက်နေပြီလဲ "
" တပည့်တော် သောတပတ္တိမဂ် ရရှိပြီးပါပြီ ဘုရား "
" ဒါဆိုဆက်ပြီး တရားအားထုတ်မနေနဲ့တော့ , အရှင်ဟာ ကိုယ့်ထက်အဆင့်မြင့်တဲ့ပုဂ္ဂိုလ်ကို စိတ်နဲ့ ပြစ်မှားမိပြီ ၊ တရားတက်လမ်းမရှိတော့ပါ " လို့ မိန့်တော့မှ ရဟန်းငယ်လဲ သတိရပြီး
ရဟန္တာကိုယ်တော်ကြီးကို ရှိခိုးတောင်းပန်လိုက်၍ အပြစ်ပြေသွားရပါတယ် ။

ဒေသနာတော်မှာ သာသနာတော် သုံးရပ် ပြဋ္ဌာန်းထားပါတယ် ။
" ပဋိယတ္တိသာသနာ " ၊ " ပဋိပတ္တိသာသနာ " ၊ " ပဋိဝေဓသာသနာ " ဟူ၍ဖြစ်ပါတယ် ။

" ပဋိယတ္တိသာသနာ " ဆိုတာ တရားစာပေများကို သင်ကြားပြသ လေ့လာနာယူခြင်း ၊ တရားစာပေရေးသားဟောပြောခြင်း ၊ စသည်ကို ဆိုပါတယ် ။
" ပဋိပတ္တိသာသနာ " ဆိုတာ တရားတော်အဆုံးအမအတိုင်း ကျင့်ကြံ အားထုတ်ခြင်း ၊ ဘာဝနာပွားများခြင်းကို ဆိုပါတယ် ။
" ပဋိဝေဓသာသနာ " ဆိုတာ တရားတော်လာအတိုင်းကျင့်ကြံလို့ ရလာတဲ့ " မဂ် ၊ ဖိုလ် ၊ နိဗ္ဗာန် " တရားမြတ်ကို ဆိုပါတယ် ။

ပဋိယတ္တိ သာသနာကို ရေကန်ဘောင် နှင့် ပမာနှိုင်း၍ ဒေသနာတော်မှာ လာရှိပါတယ် ။
ပဋိပတ္တိ သာသနာကို ရေကန်အတွင်းမှာ ရှိသော ရေ နှင့် ပမာနှိုင်းပါတယ် ။
ပဋိဝေဓ သာသနာကို ရေကန်ရေမှာ ပွင့်လန်းလာတဲ့ ကြာပန်း နှင့် ပမာနှိုင်းပါတယ် ။

ရေကန်ဘောင်မှ ရေကို ကောင်းစွာ ထိန်းထားနိုင်မှ ကြာပန်းဟူသော ပန်းတို့ပွင့်လန်းနိုင်မည်ဖြစ်သလို ၊
ပဋိယတ္တိ မမှန်သော ပဋိပတ္တိသည် နိဗ္ဗာန်ဟူသော စခန်းကို တက်လှမ်းနိုင်မည် မဟုတ်ပါ ။
ပဋိယတ္တိ ဟူသော တရားဘောင်အတွင်းမှ ပဋိပတ္တိအကျင့်ကို ပွားများနိုင်မှသာလျှင် ပဋိဝေဓဟူသော နိဗ္ဗာန်သို့ရောက်နိုင်မည်ဖြစ်သည် ။
သည့်အတွက် သာသနာ့ ဝန်ထမ်းရဟန်းသံဃာတို့ဧ။် အသီးသီး ကျင့်ကြံနေကြသော တာဝန်ဝတ္တရားများကို မိမိသေချာမသိပါပဲ
ဝေဖန် သုံးသပ် ဆုံးဖြတ် ပြစ်တင်နေပါက မိမိသာလျှင် အကျိုးဆုတ်ယုတ်မည် ဖြစ်ပါကြောင်း စေတနာကောင်းဖြင့် ဖေါ်ပြအပ်ပါသည် ။ ။