မိုးကုတ် ဆရာတော် ဘုရားကြီး ဟောကြားတော်မူသော တရားတော်တို့တွင် -

" ဒကာ ဒကာမတို့ , တရားရရှိရန် (ပကတိသာဝက ဖြစ်နိုင်ရန်) ပါရမီ မလိုတော့ဘူး ၊ ခင်ဗျားတို့မှာ ပါရမီတွေက ပြည့်နေကြပြီးဖြစ်တယ် ။

ပြည့်စုံတာကို ဘုန်းကြီး ထောက်ခံချက်ပေးမယ် ၊ ဘုရားသာသနာနဲ့ ကြုံခြင်းသည်လည်း ပြည့်စုံခြင်း တစ်မျိုး ၊ သာသနာမှာ သက်ဝင်ယုံကြည်မှု
(သဒ္ဓာ) ရှိနေခြင်း သည်လည်း ပြည့်စုံခြင်း တစ်မျိုး ၊ သစ္စာတရား ဟောတတ်တဲ့ ပုဂ္ဂိုလ်နဲ့ တွေ့ခြင်း သည်လည်း ပြည့်စုံခြင်း တစ်မျိုး ၊
ထောင်တတ်တဲ့ နားနဲ့ တရားနာနေရခြင်း သည်လည်း ပြည့်စုံခြင်း တစ်မျိုး ၊ တရားတော်လာအတိုင်း ကျင့်ကြံ အားထုတ်နိုင်ခြင်း သည်လည်း
ပြည့်စုံခြင်း တစ်မျိုး ၊ ဆိုတာကို အင်္ဂုတ္တိုရ် ပါဠိတော်ကြီးမှာ ဘုရားရှင် ကိုယ်တော်တိုင် ပါရမီပြည့်, မပြည့် ဆုံးဖြတ်ချက် ချတဲ့နေရာမှာ အခုပြောတဲ့
အချက် ငါးချက်ကို သေသေချာချာ ဟောပြထားပါတယ် " လို့ မိန့်ကြားခဲ့ပါတယ် ။

အဲဒီတော့ မိမိမှာ ပါရမီ ဘယ်လောက်ထိ ပြည့်စုံနေပြီလဲ ၊ ဘယ်လောက်ထိ ဖြည့်ပြီးနေပြီလဲ ဆိုတာ ခန့်မှန်းတွက်ဆကြည့်နိုင်တယ် ၊ ဘုရားသာသနာနဲ့
ကြုံရတဲ့ ပါရမီက ရနေပြီ ၊ ဗုဒ္ဓဘာသာဝင်ဖြစ်လို့ ယုံကြည်မှု သဒ္ဓာလဲ ရှိနေပြီလို့ ဆိုရမယ် ၊ သို့ရာတွင် သစ္စာတရားနှင့် ကိုက်ညီစွာ ဟောပြောနိုင်သူ ၊
သစ္စာတရားကို ထောင်တတ်တဲ့နား (လေးစားရိုသေစွာ တရားနာခြင်း ၊ တရားစာဖတ်ရှုလေ့လာမှု) ရှိခြင်း ၊ နှင့် တရားတော်လာအတိုင်း ကျင့်ကြံနိုင်ခြင်း၊
ဆိုတဲ့ ပါရမီတွေ ပြည့်စုံဖို့ကိုတော့ လူတိုင်းမှာ မပြည့်စုံသေးဘူး ဖြစ်နေတယ် ။

မိမိမှာ ဘယ်လောက် ပါရမီ ပါလာသလဲ ဆိုတာ မိမိကိုယ်တိုင် မဆိုထားနဲ့ ရဟန္တာတွေ , ပစ္စေကဗုဒ္ဓာ တွေတောင် သတ္တဝါတွေရဲ့ ပါရမီ ဓာတ်ခံ ရင့်, မရင့်ကို
သိနိုင်တဲ့ ဥာဏ် မရှိပါဘူး ။

ပါရမီ ရှိပါလျှက်နှင့် မိမိရဲ့ သဒ္ဓာ( ရတနာ သုံးပါးအပေါ် ယုံကြည်အားထားမှု) နဲ့ ဆန္ဒ ( ကျင့်ကြံအားထုတ်လိုခြင်း ) များ လျော့ပါး
နေပြီး လုံ့လ ဝီရိယ စိုက်ထုတ်မှု မရှိခဲ့လျှင် ရရှိလာခဲ့သည့် ပါရမီ မှာ ရေစုံမျောဖို့ရန်သာ ရှိပါတော့တယ် ။

ဘုရားရှင် လက်ထက်တော်၌ပင် ပါရမီတို့ရှိပါလျှက် တရားနှင့် ဝေးကွာသူများ ရှိခဲ့ဖူးပါတယ် ။ ကုဋေရှစ်ဆယ် သူဌေးသားဇာတ် ဆိုလျှင် လူတိုင်းသိပြီး ဖြစ်တယ် ။

သူဌေးသား လင်မယား နှစ်ယောက် အသက်ကြီးရင့်တဲ့အခါ တောင်းရမ်းစာသောက်နေရသဖြင့် ဆွမ်းကျွေးအလှူပွဲမှာ တောင်းရမ်းနေသည်ကို ဘုရားရှင်မြင်၍
ပြုံးသည်တွင် အရှင် အာနန္ဒာက မေးမြန်းသည်ရှိသော် - " ချစ်သားအာနန္ဒာ , ဤသူတောင်းစားလင်မယားသည် ပထမအရွယ် ငယ်စဉ်က လုံ့လဝီရိယဖြင့် စီးပွား
ရှာခဲ့လျှင် ထိပ်တန်း သူဌေးကြီးများဖြစ်နိုင်တယ် ၊ ငါဘုရားထံမှာ တရားလာရောက် နာကြားခွင့် ရခဲ့လျှင် ယောက်ျားသည် ရဟန္တာဖြစ်၍ မိန်းမသည် အနာဂါမ်
ဖြစ်နိုင်တဲ့ ပါရမီများ ပါရှိခဲ့ပြီးဖြစ်တယ် ။ ဒုတိယအရွယ်မှာ စီးပွားကြိုးစားရှာလျှင် အလတ်တန်း သူကြွယ်ကြီးများ ဖြစ်နိုင်တယ် ၊ ငါဘုရားဧ။် တရားစကား ကြားနာ
ခဲ့ရလျှင် ယောက်ျားက အနာဂါမ် ဖြစ်ပြီး မိန်းမက သကဒါဂါမ် ဖြစ်နိုင်တယ် ။ တတိယအရွယ်ရောက်မှ သတိတရားရကာ စီးပွားရှာခဲ့လျှင် သာမန်အထက်တန်းလူ
အဖြစ်နေနိုင်ပြီး ငါ့ထံ တရားလာရောက်နာယူနိုင်ပါမူ ယောက်ျားက သကဒါဂါမ် ဖြစ်ပြီး မိန်းမက သောတာပန် ဖြစ်ဖို့ ပါရမီ ပါရှိကြပြီးဖြစ်တယ် ၊ ယခုသော် အရွယ်
လွန်နေပြီ ဖြစ်လို့ နောင် သံသရာ၌ ဝဋ်ဒုက္ခတွေကို အချိန်ကြာမြင်စွာ ခံကြရပေဦးတော့မည် " ဟူ၍ မိန့်ကြားခဲ့ပါတယ် ။

ယခုအခါမှာ ဆုတ်ကပ်ခေတ်ကို ရောက်နေ၍လားမသိ ၊ လူအတော်များများဟာ တရားစကားနာကြားရမှာ ၊ တရားစာများဖတ်ရှုရမှာ စိတ်ဝင်စားမှု နည်းနေကြတယ် ။

တရားစကား ၊ တရားစာများနှင့် ပတ်သက်လာလျှင် ပျင်းရိနေကြတာတွေ့ရတယ် ၊ စကားပုံလေးတွေ ၊ သြဝါဒ အတိုချုပ်လေးတွေ ၊ ဆောင်ပုဒ်တိုလေးတွေကိုသာ
ပေါ့ပေါ့ပါးပါး အပေါ်ယံလောက်ကို ဖတ်ရှုကြပြီး၊ ကြိုက်တယ် , ကောင်းတယ်ဆိုသော အဆင့်တွင်ပင် လမ်းဆုံးနေကြတယ် ။

တရားတော်ရဲ့ အနှစ်အရသာကို နားလည်
သဘောပေါက်ရန် လုံ့လမပြုကြပါဘူး၊ ကျင့်ကြံနိုင်ရန် အားမထုတ်ကြပါဘူး ၊ တရားနှင့် အလှမ်းဝေးနေကြပါတယ် ။

ကာမဂုဏ် တရားတွေအတွက်ဆိုရင် အင်တိုက်အားတိုက် ရှာဖွေခံစားနေကြသူတွေက အချိုးမမျှစွာ များပြားနေကြပါတယ် ။

တရားအလုပ်ကို မေ့လျော့နေကြပါတယ် ။

အဆင်းအာရုံ ( ရုပ်ရှင် ၊ ဇာတ်လမ်း ၊ မင်းသား ၊ မင်းသမီး ၊ ဖက်ရှင်အဝတ် အသုံးအဆောင် စသည် ) ၊ အသံအာရုံ ( သီချင်း ၊ သံစဉ် ၊ တေးသံရှင် ကျား , မ စသည် )၊
အနံ့အာရုံ ( ရေမွှေး ၊ မိတ်ကပ် စသည် ) ၊ အရသာအာရုံ ( စားသောက်ဖွယ်အမျိုးမျိုး ၊ စားသောက်ဆိုင်အမျိုးမျိုး စသည် ) ၊ အတွေ့အာရုံ ( ကားအကောင်းစား ၊ တိုက်တာ
ခြံမြေကောင်းကောင်း ၊ မိန်းမ, ယောက်ျား ချောချောလှလှ စသည် ) တို့အတွက် ဆိုလျှင် ကြိုက်နှစ်သက်စွာ ၊ စွဲလန်းတပ်မက်စွာ ၊ လိုချင်သောဆန္ဒတွေ ပြင်းပြစွာဖြင့်
မမောနိုင် မပန်းနိုင် ကြိုးစားရှာဖွေ စုဆောင်းကြပြီး အဲဒီ ကာမဂုဏ် တရားတွေနောက်ပဲ လိုက်နေကြတာကို အလွန်ဝမ်းနည်းဖွယ် တွေ့နေကြရပါတယ် ။

ပါရမီဆိုတာ ရင့်သန်ခဲ့ပြီးဖြစ်လျှင် ထိပ်အဆုံးသို့ရောက်ရန် ဆက်လက်ဖြည့်ကျင့်ရမယ့် တာဝန်ရှိပါတယ် ၊ နုနေသေးတယ်ဆိုရင်လည်း ရင့်သန်လာဖို့ ဆက်ပြီး ဖြည့်ကျင့်
ရမယ့် တာဝန် ရှိပါတယ် ၊ ယခုလို ဘုရားသာသနာမှာ လူလာဖြစ်ရပြီး ၊ ဗုဒ္ဓဘာသာဝင်ဖြစ်နေရတဲ့ ပါရမီ ရရှိလာခဲ့ပြီးမှ ဆက်လက်၍ မလေ့လာ မကျင့်ကြံ ဘူးဆိုရင်
လယ်တီဆရာတော်ဘုရားကြီး မိန့်သလို " အပါယ်ဆိုတာ နင်လိုလူမိုက် သွားတဲ့လမ်းသာ ဖြစ်တော့သည် " ဟုဆိုလျှင် လွန်အံ့မထင်ပါ ။

ယခုအခါမှာ တရားစာပေ ကျမ်းဂန်တို့လည်း စုံလင်စွာရှိနေကြတယ် ၊ တရားဟော တရားပြဆရာများ ၊ တရားရိပ်သာများလည်း ရှိနေပါသေးတယ် ၊ တရားကို လေ့လာ
ကျင့်ကြံ ပွားများရမှာကတော့ မိမိဧ။် တာဝန်သာ ဖြစ်ပေတယ် ။

ပါရမီ ရင့်ကျက်ပြီးဖြစ်ရင်လဲ ဒီဘဝမှာပဲ မဂ်ဖိုလ်ဆိုက်ရောက်နိုင်တယ် ၊ ပါရမီ နုနေသေးရင်လဲ ပါရမီတွေ
ရင့်သန်လာကာ သေပြီးတဲ့နောက်မှာ ကောင်းတဲ့လားရာ ၊ ကောင်းတဲ့ဘဝဖြစ်တဲ့ နတ်ပြည်ကိုရောက်ပြီး ဓမ္မကထိက နတ်သား ( ဘုရားရှင်ကို ကိုယ်တိုင်ဖူးတွေ့ခဲ့ရပြီး
ဘုရားရှင်ရဲ့တရားတော်ကို ကိုယ်တိုင်နာကြားခဲ့ရသော နတ်သား များစွာရှိနေသေးသည် ) နှင့် တွေ့ဆုံရကာ တရားတော်ကို ထက်မြက်သောနားဖြင့် နာကြားရသဖြင့်
အရိယာနတ်သား ဖြစ်သွားနိုင်ပါတယ် ။

ယခုမျက်မှောက်ဘဝမှာလည်း တရားအားထုတ်ကျင့်ကြံနေလို့ ကြောင့်ကြစရာမရှိ ၊ ပူပင်မှုကင်းပြီး ဘေးရန်ကင်းကွာ ချမ်းသာစွာ
နေရမှာဖြစ်တယ် ။ ကောင်းမှုတွေ ပြုနေတဲ့အတွက် မကောင်းမှုကို မပြုဖြစ်တော့ဘဲ စိတ်ရောကိုယ်ပါ လုံခြုံစိတ်ချရပြီး သက်သက်သာသာနဲ့ ဘဝမှာ ထောက်တည်ရာ
ရနေပါတယ် ။

အဲဒီတော့ကာ ခေတ်ကို လွှဲချမနေသင့်တော့ပါ ၊ မိမိဥာဏ်မမှီဘူး , မှီတယ် ၊ ပါရမီ မရင့်ဘူး , နုသေးတယ် စသည်ဖြင့် ရှည်ရှည်ဝေးဝေး တွေးမနေပါနဲ့တော့ ၊ သဒ္ဓာနဲ့ ဆန္ဒကို
တိုးပွားလာစေပြီး လုံ့လ ဝီရိယတွေနှင့် အားစိုက်ကြိုးစားကာ လေ့လာ ကျင့်ကြံ ပွားများကြမယ် ၊ တစ်ဘဝစာဖြစ်တဲ့ လောကီအလုပ်တွေနဲ့ပဲ အချိန်မကုန်စေဘူးဆိုရင်
သာသနာတွင်းကာလမှာ ဗုဒ္ဓဘာသာဝင် ဖြစ်လာရတဲ့ ပါရမီဟာ ရင့်ကျက်ခိုင်မာလာပြီး လူဖြစ်ကျိုးနပ်မှာအမှန်ဧကန်ဖြစ်ပါကြောင်း သတိပေးနှိုးဆော်လိုက်ရပါတယ်
သူတော်ကောင်း အပေါင်းတို့ ။ ။