ကုရုတိုင်း ဟတ္ထိနီမြို့သို့ ဥပုသ်ပြုအံ့သောငှာ ထိုထိုမြို့ရွာတို့မှ သံဃာတော်တို့ ကြွလာကြသော်၊ မြို့သူမြို့သားတို့သည် သံဃာတော်တို့အား နှမ်း၊ ဆန်စသည်တို့ကိုလည်းကောင်း၊ ထောပတ်၊ ဆီဦး၊ ပျားရည် စသည်တို့ကိုလည်းကောင်း၊ စုပေါင်း၍ အလှူပြုကြကုန်၏။ မြို့သူမြို့သားတို့က သံဃာ့ဒါနကို ပြုသည်ကို “သေရိဏီ” မည်သော ပြည့်တန်ဆာမသည် ဝန်တိုစိတ် ဖြစ်ပွားလေ၏။ အလှူ၏ အဖို့ဘာဂကို သာဓုခေါ်ရန် ထိုမြို့သူမြို့သားတို့က ဖိတ်ကြားသော် ထိုပြည့်တန်ဆာမက “ဦးပြည်း ကတုံးရဟန်းတို့အား ပေးကမ်းလှူဒါန်းခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း” ဟု ဖိတ်ကြားလာသူတို့ကို ပြောဆိုလွတ်၏။ အလှူ့ရှင် မြို့သူမြို့သားတို့သည် ထိုပြည့်တန်ဆာမ၏ စကားကို ကြားရ၍ များစွာ ထိတ်လန့်သံဝေဂ ရကြလေ၏။

ထိုပြည့်တန်ဆာမသည် မကြာမီကွယ်လွန်သော် ကုရုတိုင်း၏ အစွန်ကျသော မြို့နယ်တစ်ခု၏ ကျုံးအပြင်၌ အဝတ်မစည်း အရိုးအရေမျှသာရှိ၍ ခြောက်ကပ်သော စက်ဆုပ်ဖွယ်ကောင်းသော အဆင်းရှိသည့် ပြိတ္တာမ ဖြစ်သွားလေ၏။ တစ်နေ့မှာ ဟတ္ထိနီမြို့သား ကုန်သည်တစ်ဦးသည် ထိုမြို့သို့ ကုန်ရောင်းဝယ်ရန် ရောက်သွား၏။ ထိုမြို့သားသည် နံနက်မိုးသောက်ချိန်၌ ကျုံးအပြင်သို့ လမ်းလျှောက်သွား၏။ ထိုပြိတ္တာမသည် ထိုကုန်သည်ကိုသိ၍ ကိုယ်ထင်ပြ၏။ ထိုကုန်သည်ကမေးသည်ရှိသော် ထိုပြိတ္တာမက “ကျွန်မသည် လူ့ဘဝက ဟတ္ထိနီမြို့၌ နေခဲ့စဉ်က မကောင်းမှုကို ပြုမိခဲ့၍ ယခုပြိတ္တာမဖြစ်နေရပါ၏။ မြို့သူမြို့သားတို့ သံဃာ့ဒါနအလှူပြုရာတွင် ကျွန်မသည် ဝန်တိုစိတ်ပွားပြီး ထိုသံဃာ့ဒါနကို ဆန့်ကျင်ကာ ရှုံ့ချစကား ပြောကြားမိခဲ့သဖြင့် ယခုအခါရေကိုတွေ့လျက် ရေမသောက်ရ၊ အရိပ်ကိုတွေ့လျက် နေပူထဲ၌ နေရကာ၊ ဆင်းရဲကြီးစွာကို ခံစားနေရပါ၏။” ဟု သူ့ဘဝအကြောင်းကို ပြန်ပြောပြလေ၏။

ပြိတ္တာမက ကုန်သည်အား အရှင် ဟတ္ထိနီမြို့ရှိ ကျွန်မ၏ မိခင်အား ကျွန်မဒုက္ခရောက်နေပုံကို ပြောပြပေးပါ။ လူ့ဘဝ၌ ကျွန်မရှိခဲ့စဉ်က အိမ်၏အိပ်ယာကုတင် အောက်တည့်တည့်တွင် ငွေလေးသိန်းကို ကျွန်မမြှုပ်ထား ခဲ့ပါ၏။ ထိုငွေတို့ကို ကျွန်မသေခါနီးတွင် မိခင်အား မပြောမိခဲ့ပါ။ ထိုငွေကို ဖော်ထုတ်ယူ၍ တစ်ဝက်ကို သုံးစွဲပြီး၊ ကျန်တစ်ဝက်ကို ကျွန်မအား ရည်စူး၍ ကုသိုလ်ပြုပြီး အမျှဝေပေးရန် မိခင်အား ပြောကြားပေးဟု ပြောဆို အကူအညီတောင်းခံပါတယ်။
ထိုအခါ ကုန်သည်က ဆောင်ရွတ်ပေးပါမည်ဟု ကတိပြု၍ ထိုမြို့၌ ပြုဖွယ်ကိစ္စများကို ဆောင်ရွတ်ပြီးနောက် ဟတ္ထိနီမြို့သို့ ပြန်ရောက်လျှင် ထိုပြိတ္တာမ၏ မိခင်အား ထိုအကြောင်းအရာ အလုံးစုံကို ပြောပြလေ၏။ ထိုပြိတ္တာမ၏ မိခင်သည် ထိုဥစ္စာတို့ကို ဖော်ယူပြီး သမီးဖြစ်သူ ပြိတ္တာမကိုရည်စူး၍ သံဃာတော်တို့အား အလှူပေး၍ ကုသိုလ်၏ အဖို့ဘာဂကို အမျှပေးဝေလေ၏။ ထိုပြိတ္တာမသည် မိခင်ပေးလှူသည့် အလှူ၏ အဖို့ဘာဂကို အမျှရ၍ ချမ်းသာသော နတ်စည်းစိမ်ကို ခံစားရလေ၏။ ထိုနောက်သူမသည် မိမိခံစားရသည့် နတ်စည်းစိမ်ကို မိခင်ထံ လာရောက်၍ ကိုယ်ထင်ရှားပြလေ၏။ မိခင်သည် ထိုအကြောင်းကို ရဟန်းတော်တို့အား လျှောက်ထား၍ ထိုရဟန်းတော်တို့က တဖန်မြတ်စွာဘုရားရှင်အား ထိုအကြောင်းကို လျှောက်ထားကြလေ၏။ မြတ်စွာဘုရားရှင်သည် ထိုပြိတ္တာမအကြောင်း အလုံးစုံကို တရားနာ ပရိတ်သတ်တို့အား ပြန်လည်ဟောကြားတော်မူ၏။ (သေရိဏီပေတီ ဝတ္ထု)
လူဖြစ်ရကျိုးနပ်ကြပါစေဟု ဆန္ဒြုပုပါသည်။

ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)