ပညာရှိ သူတော်ကောင်းနဲ့ ပေါင်းခြင်းဟာ မင်္ဂလာဖြစ်တယ်။ ရိုးရိုးနားလည်သလိုက ပညာရှိသူတော်ကောင်းတွေနဲ့ ပေါင်းခြင်းသည် မင်္ဂလာဆိုတော့ အဓိပ္ပါယ်က သိသလိုလိုနဲ့ သိပ်မရှင်းဘူး။ ပညာရှိနဲ့ ပေါင်းရင် အောင်မြင်မယ်။ ကြီးပွားမယ်။ ပြည့်စုံမယ်။

“လူမိုက်နဲ့ မပေါင်းခြင်းသည် မင်္ဂလာ”
ပညာရှိသူတော်ကောင်းနဲ့ ပေါင်းဖော်ခြင်းသည်
မင်္ဂလာ” (ဗုဒ္ဓမြတ်စွာဘုရား)
မင်္ဂလာသုတ် ဒုတိယအပိုဒ်က
“ပဏ္ဍိတာနဉ္စ သေဝနာ”

ဘာဖြစ်လို့လဲဆိုတော့ ပညာရှိတဲ့သူဟာ သူကိုယ်တိုင် မကောင်းမှု မလုပ်ဘူး။ သူကိုယ်တိုင်က မကောင်းမှု မလုပ်တော့ သူနဲ့ပေါင်းလို့ရှိရင် ကိုယ်ကမကောင်းမှုလုပ်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ မကောင်းမှုကို မလုပ်ဖို့ သူတားမယ်။ ကောင်းမှုတွေကို လုပ်ဖို့ကို တိုက်တွန်းမယ်။ အဲဒီတော့ သူနဲ့ပေါင်းရတာ ကိုယ့်အတွက် အန္တရယ်မရှိဘူး။ ဒါကြောင့် ပညာရှိသူတော်ကောင်းနဲ့ ပေါင်းလို့ရှိရင် မကောင်းမှုတွေ ပါးသထက်ပါးသွားမယ်။ ကုသိုလ်ကောင်းမှုတွေ တဖြည်းဖြည်း ပိုပြီးတော့ တိုးပွားလာမယ်။

***ပညာရှိတဲ့သူဆိုတာ သူကိုယ်တိုင် ကောင်းတာပဲ လုပ်တတ်သလို သူတစ်ပါးကိုလည်း ကောင်းတာပဲလုပ်ဖို့ တိုက်တွန်းလေ့ရှိတယ်။ လူမိုက်နဲ့ပြောင်းပြန်နော်။ လူမိုက်က သူကိုယ်တိုင်လည်းပဲ မကောင်းတာလုပ်သလို သူတစ်ပါးကိုလည်း မကောင်းတာလုပ်ဖို့ တိုက်တွန်းတယ်။***

အာသေဝနာ စ ဗာလာနံ”.. “လူမိုက်နဲ့မပေါင်းနဲ့လို့” ဘုရားဟောတော်မူထားတာဟာ လူမိုက်နဲ့ပေါင်းရင် ဘာလုပ်မလဲ။ ဘာဖြစ်မလဲ။ လူမိုက်က သူတစ်ယောက်တည်း မိုက်ရုံနဲ့ သူမကျေနပ်ဘူးနော်။ အဖော်စပ်ချင်တယ်။ အဖော်ညှိချင်တယ်။ ဘယ်ကိစ္စဖြစ်ဖြစ် အဖော်ရှိမှ အင်မတန်လုပ်လို့ ကောင်းတယ်နဲ့ တူပါတယ်။ အဲဒီတော့ သူမကောင်းတာကို လုပ်တော့မယ်ဆိုရင် အားရှိအောင်ဆိုပြီးတော့ သူကအဖော်ရှာတယ်။ အဖော်ရှိရင် အားရှိတာကိုနော်။

လူမိုက်နဲ့ပေါင်းပြီး လူမိုက်က ကိုယ့်ကို မကောင်းတာလုပ်ဖို့ တိုက်တွန်းတာကို လက်မခံဘူး။ ငြင်းပယ်မယ်ဆိုရင် ဘာဖြစ်မလဲ။ ကိုယ့်ကို သူစိတ်ဆိုးမှာပေါ့။ ရန်ရှာမှာပေါ့။ ကိုယ်ကသူ့ကို ကောင်းစေချင်လို့ ပြန်ဆုံးမရင်တောင်မှ သူကြိုက်ချင်မှ ကြိုက်မှာနော်။ အဲဒီတော့ လူမိုက်နားမှာ တရားစကားနားခါးတယ်တဲ့။ လူမိုက်ကို တရားသွားဟောလို့ မရဘူး။ သူနားခါးတယ်။ သူမကြိုက်ဘူး။

အဲဒီတော့ လူမိုက်က သူတစ်ယောက်တည်း မိုက်ရုံတင် မဟုတ်ဘူး။ သူတစ်ပါးကိုပါ မကောင်းမှုလုပ်ဖို့ရာ ဆွယ်တတ်တဲ့အတွက်ကြောင့် လူမိုက်နဲ့ပေါင်းလို့ရှိရင် ကိုယ်က ကိုယ့်ကိုကိုယ် မထိန်းသိမ်းနိုင်တဲ့သူဖြစ်မယ်ဆိုရင် သူနဲ့အတူတူရောပြီး မိုက်မိမှာပဲ။

အရှင်းဆုံး ဥပမာဆိုပါတော့..။ အရက်သောက်တတ်တဲ့သူက သူအရက်သောက်ချင်ရင် တစ်ယောက်တည်းသောက်ရတာ ပျင်းတယ်။ ပျင်းတော့ အဖော်စပ်တော့တာပဲ။ သူငယ်ချင်း လာကွာ..အရက်သောက်ရအောင်။ အဲဒီတော့ မသောက်ချင်တဲ့သူက ဟာကွာ….. ငါအရက်မသောက်ချင်ဘူးဆိုပြီးတော့ ပြောမယ်ဆိုရင် ငါ့ကိုခင်ရင် သောက်ပါကွာ။ အနေရခက်အောင် ပြောတာပေါ့။ ငါ့ကိုချစ်ရင်တော့ သောက်ပါကွာဆိုတော့ မသောက်တော့ရင်ပဲ မခင်လို့၊ မချစ်လို့ဆိုတဲ့ အဓိပ္ပါယ်ပေါက်တာပေါ့။ တခြားမူးယစ်ဆေးတို့.. မကောင်းတဲ့နေရာသွားဖို့တို့.. တခြားမကောင်းမှုတွေလည်း ထိုနည်းလည်းကောင်းပဲ။ လူမိုက်နဲ့ ပေါင်းမိရင် ကိုယ်ပါမိုက်မိသွားတတ်တယ်။ မိုက်မိဖို့ရာက ရာခိုင်နှုန်းများနေပြီ။

နောက်ရှိသေးတယ်။ ဘုန်းကြီးနဲ့သိတဲ့ တပည့်လေးက ပြေပြတယ်။ သူ့တို့ညီအစ်ကိုတွေ တစ်ဝမ်းကွဲတွေလည်းပါတယ်။ မွေ့နေ့ပွဲမှာ ပါတီပွဲလုပ်တာပေါ့။ ညီအစ်ကိုတွေ စုမိတဲ့အခါ ပါတီပွဲဆိုတော့ သောက်ကြတယ်။ သူကအရင်တုန်းက သောက်တယ်။ နောက်တော့ မသောက်တော့ဘူး။ သူကို့သောက်ခိုင်းတော့ မသောက်ဘူး။ “မင်းတို့ သောက်ချင်ရင်သောက်၊ ငါလည်းသောက်တုန်းက သောက်ခဲ့တယ်။ ဒါပေမယ့် ငါ့ကိုတော့သောက်ဖို့ မတိုက်တွန်းပါနဲ့..။ ငါတော့မသောက်ချင်ဘူး။ မင်းတို့အနားမှာပဲရှိနေမယ်။ မင်းတို့ပြောတဲ့စကားကိုလည်း နားထောင်မယ်။ စကားဝိုင်းထဲ ငါပါမယ်။ ငါ့အတွက်တော့ ဖျော်ရည်ဖြစ်ဖြစ်၊ ကော်ဖီဖြစ်ဖြစ် လုပ်ပေးပါ။ အဲဒီလိုပြောပြီးတော့ ရှောင်တယ်တဲ့။

“ကိုယ့်ကို ချစ်တဲ့သူ ခင်တဲ့သူတွေကိုက ကိုယ့်ကို တစ်ခါတစ်ရံမှာ မကောင်းမှုပြုလုပ်ဖို့ တိုက်တွန်းတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်တိုင်က အကျင့်သီလနဲ့ ပတ်သတ်ပြီး တိတိကျကျ တင်းတင်းကျပ်ကျပ် ထိန်းသိမ်းဖို့ရာ ရည်ရွယ်ချက်မရှိဘူး။”

ဒါကြောင့်… “ဦးချိုရှိတဲ့သတ္တဝါကို ဝေးဝေးကနေရှောင်။ အဆိပ်ရှိတဲ့သတ္တဝါကိုလည်း ဝေးဝေးကနေရှောင်။ လူမိုက်ကိုကျတော့ တော်ရုံတန်ရုံလေးမဟုတ်ဘူး… အရပ်ဒေသပါ စွန့်ပြီးတော့ ရှောင်။”
.........
ဆရာတော်ဦးဇောတိက (“မင်္ဂလာတရားတော်” စာအုပ်မှ ဖြစ်ပါသည်)