မိမိရဲ့ နှလုံးသားတောင်ထိပ်မှာ အရဟံစေတီကြီး တည်ကြရအောင်။ အရဟံဂုဏ်တော်ကို ပွားများဆင်ခြင်နေရင် အရဟံစေတီ တည်တာပါပဲ။
`အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား`
အဲဒါ အရဟံဂုဏ်တော်ရဲ့ အဓိပ္ပါယ်ပါပဲ။ အဲဒီ အဓိပ္ပါယ်သည်ပင်လျှင် အရဟံဂုဏ်တော် ပွားများတဲ့ နည်းလမ်းပါပဲ။ အရဟံဂုဏ်တော်ဆိုတာ ကိလေသာကင်းစင်ခြင်းပဲဆိုတာ သိပြီး ဘယ်လို ပွားများရမလဲလို့ တွေးနေစရာ မလိုပါဘူး။
အရဟံဆိုတာ ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရားလို့ အဓိပ္ပါယ်လေး တစ်ခေါက်သိပြီးတဲ့နောက် အရဟံဂုဏ်တော်ပွားတဲ့အခါမှာ `အရဟံ၊ အရဟံ၊ အရဟံ` နဲ့ အဲဒီလို ပါဠိလိုချည်း ဆက်တိုက်ရွတ်ဆိုရမှာ မဟုတ်ပါဘူး။ ရွတ်လို့လည်း ရတော့ ရပါတယ်။
သို့သော် မိမိက ပါဠိလူမျိုး မဟုတ်တဲ့အတွက်ကြောင့် အရဟံဆိုတာ ကိလေသာကင်းစင်တဲ့သူလို့ အဓိပ္ပါယ်ရတယ်ဆိုတာ သိထားပေမယ့် အရဟံဆိုတဲ့ စကားလုံးသက်သက်ကိုပဲ ထပ်ကာထပ်ကာ ရွတ်တဲ့အခါမှာတော့ ရွတ်တိုင်းရွတ်တိုင်း `ကိလေသာကင်းစင်သူ` ဆိုတဲ့ အဓိပ္ပါယ်ကို သိမြင်မနေတော့ပါဘူး။
ဆိုပါတော့၊ ၁၀၈ လုံး ပုတီးတစ်ပတ် ဆိုရင်ပဲ ၁၀၈ ခေါက်ရှိတယ်။ အဲဒီ ၁၀၈ ခေါက်လုံး အရဟံ၊ အရဟံလို့ ပါဠိသက်သက်ပဲ ရွတ်နေတဲ့အချိန်မှာ ၁၀၈ ခေါက်လုံး `ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား` ဆိုတဲ့ အဓိပ္ပါယ်အပေါ်မှာ အာရုံမရောက်တော့ပါဘူး။
ပထမ နှစ်ခေါက်၊ သုံးခေါက်လောက်ကတော့ အရဟံလို့ ဆိုလိုက်တာနဲ့ ကိလေသာတွေ ကင်းစင်တော်မူသော မြတ်စွာဘုရားလို့ အဓိပ္ပါယ်က အာရုံထဲမှာ ထင်ချင်ထင်လိမ့်မယ်။ နောက်အခေါက်တွေ နောက်အခေါက်တွေကျတော့ အရဟံ အရဟံနဲ့ `အ - ရ - ဟံ` ဆိုတဲ့ စာလုံးလေး သုံးလုံးပဲ မျက်စိထဲ မြင်နေတော့တယ်။
ဒါမှမဟုတ်ရင်လည်းပဲ မိမိကြည်ညိုတဲ့၊ မိမိအာရုံယူထားတဲ့ ရုပ်ပွားတော်တစ်ဆူဆူရဲ့ မျက်နှာတော်၊ ဒါမှမဟုတ် စေတီတော်၊ အဲဒီလိုအားဖြင့် မြတ်စွာဘုရားရှင်ရဲ့ စေတီတော်တွေ၊ ရုပ်ပွားတော်တွေ၊ မျက်နှာတော်တွေကိုပဲ မိမိအာရုံထဲမှာ မြင်နေတော့မှာပဲ။ ကိလေသာကင်းခြင်းဆိုတဲ့ ဂုဏ်သတ္တိ၊ ကိလေသာကင်းခြင်းဆိုတဲ့ စိတ်အရည်အသွေးရဲ့အပေါ်မှာ မိမိစိတ်က အာရုံမရောက်တော့ဘူး။
အဲဒီလိုဆိုရင် မိမိရဲ့ အရဟံစေတီဟာ သိပ်ပြီးတော့ ကြည်ညိုဖွယ်ရာ မဖြစ်တော့ဘူး။ သိပ်ပြီးတော့ မသပ္ပာယ်တော့ဘူး။ သိပ်ပြီးတော့ အစွမ်းသတ္တိ မထက်မြက်တော့ဘူး။ သိပ်ပြီးတော့ တန်ခိုးမကြီးတော့ဘူး။
သပ္ပာယ်ပြီး တန်ခိုးကြီးတဲ့ အရဟံစေတီကို တည်မယ်ဆိုရင်တော့ စိပ်ပုတီးစိပ်တာ ဝါသနာပါတဲ့ ပုဂ္ဂိုလ်များကလည်းပဲ `အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား` အဲဒီလို အပြည့်အစုံ ဆိုပြီးတော့မှ ပုတီးလေး တစ်လုံးချ၊ နောက်တစ်လုံးကျတော့လည်း `အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား` တစ်လုံးချ၊ `အရဟံ` ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊ တစ်လုံးချ။ ပါဠိလိုရော၊ မြန်မာလိုအဓိပ္ပါယ်ရော ပွားများပြီးတော့မှ ပုတီးတစ်လုံးစီ ချသွား။ ပါဠိသက်သက်ပွားများတာထက် ပိုပြီးတော့ အစွမ်းသတ္တိ ထက်မြက်ပါတယ်။
မြန်မာလိုပါ တွဲရွတ်တိုင်းရွတ်တိုင်း မြတ်စွာဘုရားရှင် စိတ်အစဉ်မှာ ကိလေသာတွေကင်းစင်နေတဲ့ သဘောလေးကို အာရုံပြုပြီးတော့ ကြည်ညိုလို့ရပါတယ်။ ဂုဏ်တော်အပေါ်မှာ ကြည်ညိုတဲ့စိတ် ဖြစ်မှလည်းပဲ ဂုဏ်တော်ပွားခြင်းကြောင့် ပီတိပဿဒ္ဓိလို့ခေါ်တဲ့ နှစ်သက်ဝမ်းမြောက်မှု၊ ငြိမ်းအေးမှုဆိုတာ ဖြစ်နိုင်ပါတယ်။
ဂုဏ်တော်အပေါ်မှာ ကြည်ညိုပြီး နှစ်သက်ဝမ်းမြောက် ငြိမ်းအေးနေတဲ့ ပီတိပဿဒ္ဓိ အားကောင်းမှသာလျှင် ဂုဏ်တော်ပွားခြင်းရဲ့ လောကီလောကုတ္တရာ တန်ခိုးသတ္တိတွေကို အပြည့်အဝ ရရှိနိုင်ပါတယ်။
ဒါပေမဲ့ ဘာဝနာဆိုတာကတော့ စိတ်ရဲ့အလုပ်မျှသာ ဖြစ်ပါတယ်။ နှုတ်ရဲ့ အလုပ်လည်း မဟုတ်ပါဘူး။ လက်ရဲ့ အလုပ်လည်း မဟုတ်ပါဘူး။ စိတ်သက်သက်နဲ့ အာရုံပြုပွားများနိုင်လောက်အောင် မိမိက စိတ်စွမ်းရည် မပြည့်ဝသေးဘူးဆိုရင်တော့ ပြင်ပရုပ်ဝတ္တုပစ္စည်းတစ်ခုခုရဲ့ အကူအညီကို ယူပြီးတော့ ပွားများရမှာပေါ့။
စိတ်သက်သက်နဲ့ပဲ ပွားများလို့ ရလာအောင်၊ စိတ်သက်သက်နဲ့ပဲ အာရုံပြုကြည်ညိုလို့ ရလာအောင် မိမိမှာ စိတ်စွမ်းရည်ပြည့်ဝနေပြီဆိုရင်တော့ ပြင်ပရုပ်ဝတ္တုပစ္စည်းတွေရဲ့ အကူအညီ လုံးဝ မလိုအပ်တော့ပါဘူး။ နှုတ်ရဲ့ အကူအညီလည်းပဲ လုံးဝ မလိုအပ်တော့ပါဘူး။ လက်ရဲ့ အကူအညီလည်းပဲ လုံးဝ မလိုအပ်တော့ပါဘူး။
ဘာဝနာပွားတဲ့အချိန်ကို ပြောတာပါ။ ဘာဝနာပွားတဲ့နည်းနဲ့ မဟုတ်ဘဲနဲ့ အခြေအနေအားလျော်စွာ ကိုယ့်ဘာသာကိုယ် ကြည်ညိုလို့၊ ကုသိုလ်ရချင်လို့ အသံထွက်ပြီးတော့ ရွတ်ဆိုချင်တယ်၊ ရွတ်ပွားချင်တယ် ဆိုရင်တော့ နှုတ်အကူအညီ၊ လက်အကူအညီ၊ ပုတီးစတဲ့ ရုပ်ဝတ္တုတစ်ခုခု အကူအညီနဲ့ ရွတ်ဆိုလို့၊ ရွတ်ပွားလို့ ရပါတယ်။
စိတ်သက်သက်နဲ့ ဂုဏ်တော်ပွားခြင်းအားဖြင့် ကိုယ့်နှလုံးသားမှာ တည်လိုက်တဲ့ဘုရားက ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးဘုရားပါပဲ။
ပြင်ပမှာ တည်ထားတဲ့ ဘုရားတွေက အလကားနေရင်း အလိုအလျောက် ကိုယ့်ကို လာပြီး ကောင်းကျိုး မပေးနိုင်ပါဘူး။ ကိုယ့်နှလုံးသားမှာ တည်ထားတဲ့ ဘုရားကမှ ကိုယ့်ကို ကောင်းကျိုးပေးနိုင်ပါတယ်။
ပြင်ပက တန်ခိုးကြီးဘုရားတွေကို ဖူးမြော်ပူဇော်တာဟာ အဲဒီဘုရားတွေကို အာရုံပြုပြီး ကိုယ့်နှလုံးသားမှာ ဘုရားတည်ဖို့အတွက်ပါပဲ။ ကိုယ့်နှလုံးသားမှာ ဘုရားပြောင်းမတည်ပဲနဲ့တော့ ဘယ်တန်ခိုးကြီးဘုရားကမှ ကိုယ့်ကို မ, မစနိုင်ပါဘူး။
ဂုဏ်တော်တွေကို တစ်ကြိမ်တစ်ခါလောက် ပွားရုံ၊ အကြိမ်နည်းနည်း ပွားရုံနဲ့လည်း တစ်သက်စာ အားကိုးရလောက်အောင် နှလုံးသားထဲက ဘုရားက တန်ခိုးမကြီးသေးပါဘူး။ အကြိမ်ကြိမ်အထပ်ထပ် ပွားမှ တန်ခိုးကြီးလာတာပါ။
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(နှလုံးသားတောင်ထိပ်က အရဟံစေတီ မှ)