သမ္မာဒိဌိနဲ့ သဒ္ဒါတရား မိမိရဲ့ စိတ်သန္တာန်မှာ ကိန်းနေအောင် ဘယ်လိုအားထုတ်ရမလည်းလို့ မေးရင် သဒ္ဒါတရား
ဆိုတဲ့ အဓိပ္ဖါယ်ကို သေချာသိနေဖို့ လိုအပ်ပါတယ်.အဲဒီတော့ သဒ္ဒါတရား အကြောင်းကို အရင်ဦးဆုံး
လေ့လာရပါလိမ့်မယ်.

ဘာကြောင့်လည်းဆိုတော့ ကိုယ်လုပ်နေတဲ့ အလုပ်ဟာ ဘာလုပ်နေမှန်းသိမှ
လုပ်နေတဲ့ အလုပ်တိုင်းဟာ အဓိပ္ဖါယ်ရှိမှာ ဖြစ်တဲ့ အတွက်ကြောင့်ပါပဲ.

သဒ္ဒါတရားဆိုတာ ယုံကြည်ခြင်းလို့ အဓိပ္ဖါယ်ရပါတယ်. ဘာကို ယုံကြည်ရမှာလည်းလို့
မေးရင် ကံ ကံ၏အကျိုးတရားကို ယုံကြည်ခြင်းကို သဒ္ဒါလို့ ခေါ်ပါတယ်.ဘယ်ကံတွေကို ယုံကြည်ရင်
သဒ္ဒါတရားဖြစ်မှာလည်းလို့ ဆက်မေးရင် လူတွေဟာ နေ့စဉ်နေ့တိုင်း မိမိနဲ့ မိမိ မိသားစု စားဖို့ ၀တ်ဖို့ နေဖို့ တစ်နည်း စားဝတ်နေရေးလို့ ခေါ်တဲ့ ဘ၀ရပ်တည်မှု ကိစ္စတွေကို မိမိတက်စွမ်းတဲ့ ကာယအားတွေ ဥာဏအားတွေကို အသုံးပြုရင်း ရုန်းကန်ရှာဖွေလုပ်ကိုင်နေကြရပါတယ်.

အဲဒီလို လုပ်နေတဲ့နေရာမှာ ပကတိမျက်စိနဲ့ ကြည့်ရင် ဆိုက်ကားနင်းတဲ့ အလုပ် ကားမောင်းတဲ့ အလုပ် ဈေးရောင်းတဲ့ အလုပ် ရုံးအလုပ်
စသည်ဖြင့် အမည်နာမကွဲတွေ အများကြီးကို မြင်တွေ့နေကြရမှာပါ.

မြတ်စွာ ဗုဒ္ဒဘုရားရှင်ဟာ အဲဒီလို မြင်တာ
တွေဟာ သတ်မှတ်ချက်တွေကို ကြည့်နေလို့ သတ်မှတ်ချက်အတိုင်းသာ မြင်တွေ့နေကြရတာပါ.အဲဒါတွေကို
ပညတ်ချက်လို့ ခေါ်ပါတယ်.

တစ်နည်း သမုတိသစ္စာလို့ ခေါ်ပါတယ်.အဲဒီ သမုတိသစ္စာ ဆိုတာဟာ
လောက လူသားတွေ အချင်းချင်း နားလည်ရလွယ်ကူအောင် ဆက်သွယ်ပြောဆိုရလွယ်ကူအောင် သတ်မှတ်
ထားတာတွေပဲလို့ နားလည်လိုက်မယ်ဆိုရင် သမုတိသစ္စာရဲ့ သဘောကို လက်ခံတယ်လို့ ခေါ်ပါတယ်.

အဲဒီ သမုတိသစ္စာရဲ့ နောက်မှာ ပရမတ်သစ္စာလို့ ခေါ်တဲ့ မှန်ကန်တဲ့ သစ္စာတရားတစ်ခုရှိနေတယ်လို့ မြတ်စွာ ဘုရားရှင်ဟာ
လောက လူသားတွေ ကောင်းကျိုးကို ရည်ရွယ်ပြီး ဟောပြခဲ့ပါတယ်.

အဲဒါကတော့ အဲဒီ ဆိုက်ကားနင်းတဲ့ အလုပ် ကားမောင်းတဲ့ အလုပ် ဈေးရောင်းတဲ့ အလုပ် ရုံးအလုပ် စတဲ့ အမည်နာမတွေကို ဥာဏ်မျက်စိနဲ့ ခွဲခြမ်း
စိတ်ဖြာပြီး ကြည့်လိုက်ရင် ဆိုက်ကားနင်း ကားမောင်း ဈေးရောင်း ရုံး စတဲ့ ရှေ့က သတ်မှတ်ချက်တွေကွဲလွဲသွား
ပေမဲ့ နောက်က အလုပ်ဆိုတာဟာ တူညီနေပါတယ်.

အဲဒီ အလုပ်ကို လုပ်နေရင် အဲဒီအလုပ်က ရတဲ့ အကျိုးတရားတွေကို မိမိနေ့စဉ် ခံစားနေရတာဟာလည်း လူတိုင်းသိပြီးသားဖြစ်ပါတယ်. အဲဒီ အလုပ်ဟာပဲ ကံ
လို့ ခေါ်ပါတယ်. အဲဒီ အလုပ်တွေကို မိမိ ဘယ်လိုလုပ်သလည်းဆိုတဲ့အပေါ် မူတည်ပြီး ရလာတဲ့ အကျိုးတရားတွေဟာ ကွဲသွားတယ်ဆိုတာလည်း လူတိုင်း မငြင်းနိုင်ပါဘူး. အဲဒီအလုပ်ဟာ ကံပါပဲ.

ဥာဏ်ပညာ
မျက်စိနဲ့ ကြည့်လိုက်ရင် မြတ်စွာ ဘုရားရှင်ဟာ လူတိုင်းနေ့စဉ် လုပ်နေတဲ့ အလုပ်တွေဟာ ကာယကံ နဲ့ လုပ်ကြ
ရတယ် ၀စီကံနဲ့ ပြောဆိုရတယ်. မနောကံနဲ့ ကြံစည်တွေးတော ကြရတယ်.အဲဒီ ကံတွေဟာပဲ ဒီနေ့လုပ်လိုက်ရင်
နောက်နေ့မှာ အတိတ်ကံ ဖြစ်သွားပြီး မိမိဘ၀မှာ အကြောင်းတိုက်ဆိုင်တိုင်း အကျိုးပေးနေတယ်လို့ ဟောပြခဲ့ပါတယ်.

အဲဒီလို့ မိမိရဲ့ ကာယကံအမှု ၀စီကံအမှု မနောကံ အမှုတွေဟာ မိမိရည်ရွယ်ထားတဲ့အတိုင်း
ပြောတဲ့အတိုင်း လုပ်တဲ့အတိုင်း မိမိကို ပြန်ပြီး အကျိုးပေးနေတယ်လို့ လက်ခံယုံကြည်ခြင်းဟာပဲ ကံ ကံ၏အကျိုး
ကိုယုံကြည်ခြင်းလို့ ခေါ်ပါတယ်.

အဲဒီလို မိမိပြုလုပ်လိုက်တဲ့ ကံတွေဟာ မိမိကို ပြန်ပြီး အကျိုးပေးနေတယ်လို့ လက်ခံယုံကြည်ခြင်းလိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ်လက်ခံလိုက်တဲ့ အကြောင်းတရားတစ်ခုဟာ ဟုတ်လည်း
ဟုတ်တယ် မှန်လည်းမှန်လည်း လိုက်နာကျင့်သုံးလိုက်ရင်လည်း အကျိုးရှိမှာ သေချာတဲ့ အကြောင်းတရား
ဖြစ်တဲ့ အတွက် သမ္မာလို့ ခေါ်ပြီး ဒီလို ယူဆလိုက်တာဟာ ဒိဌိလို့ ခေါ်ပါတယ်. ဒီလို မိမိပြုလုပ်လိုက်တဲ့ ကံနဲ့
အဲဒီ ကံရဲ့ အကျိုးတရားကို ယုံလိုက်တာကိုပဲ သမ္မာဒိဌိ အယူမှန်တယ်လို့ ခေါ်ပါတယ်.

အဲဒီအယူအဆလေး
ဟာ ဟုတ်လည်းဟုတ်တယ် မှန်လည်းမှန်တယ် လိုက်နာကျင့်သုံးရင်လည်း အကျိုးလည်းရှိတယ်လို့ သိလိုက်တဲ့ အသိလေးဟာပဲ မိမိရဲ့စိတ်မှာ မိမိရဲ့ ယူဆချက်ကြောင့် တစ်နည်း တရားကို နှလုံးသွင်းမိလိုက်တဲ့ အတွက်မိမိရဲ့ စိတ်ကို ကြည်စေပါတယ်.

ဒါကိုပဲ ယုံတယ် ယုံလိုက်တဲ့ ထင်မြင်ယူဆချက်ဟာ ဓမ္မလမ်းကြောင်းပေါ်မှာ ဖြစ်တဲ့
အတွက် စိတ်ကို ကြည်လင်စေပါတယ်.ဒါကိုပဲ ယုံကြည်ခြင်း သဒ္ဒါတရားလို့ ခေါ်ပါတယ်.အဲဒီသဒ္ဒါတရားလေး
မိမိရဲ့ စိတ်သန္တာန်မှာ ဖြစ်ပေါ်စေတယ်.

ဖြစ်ပေါ်စေရုံနဲ့ ပြီးသလားလို့ မေးရင် မပြီးပါဘူး. အဲဒီ စိတ်ရဲ့ အစွမ်းသတ္တိ
လေးကို မိမိရဲ့ စရဏ စွမ်းအားကို အသုံးချပြီး မိမိရဲ့ သွေးထဲမှာ ကိန်းနေအောင် အားထုတ်ရပါမယ်.

သိယုံလေးနဲ့
မပြီးဘူးလို့ ဆိုလိုခြင်းပါ.အသိရဲ့ နောက်မှာ အကျင့်ကို အားကိုးပြီး ထိုအသိလေး စွဲနေအောင် အားထုတ်ရပါမယ်.

အဲဒီလို အားထုတ်လိုက်မယ်ဆိုရင်. မကောင်းတဲ့လူဟာ ကောင်းတဲ့လူတွေ ဖြစ်လာမယ် ကောင်းတဲ့လူတွေဟာ
လည်း ပိုပြီးကောင်းလာမယ်.အဲဒီလို ကောင်းလာဖို့ကြတော့ အချက်နှစ်ချက်နဲ့ ပြည့်စုံရပါတယ်.

ပထမ အချက်
ကတော့ ကလျာနမိတ္တလို့ ခေါ်တဲ့ မိတ်ဆွေကောင်းရှိခြင်းနဲ့ ဒုတိယအချက်ကတော့ ပရိယူပဒေသ၀ါသောစလို့
ခေါ်တဲ့ သင့်တင့်လျောက်ပတ်တဲ့ နေရာဒေသရှိခြင်းပါပဲ.မကောင်းတဲ့လူတစ်ယောက်ရဲ့ စိတ်သန္တာန်မှာ အဲဒီ
ကံ ကံ၏အကျိုးကို ယုံကြည်လာပြီဆိုရင် သူ့မှာ မိတ်ဆွေကောင်းရှိမှ အဲဒီမိတ်ဆွေကောင်းက ကောင်းတာတွေ
လုပ်ဖို့ ပြောမယ် ကူညီမယ်ဆိုရင် လွယ်ကူစွာ လုပ်နိုင်မှာ ဖြစ်ပါတယ်.

အဲဒီမိတ်ဆွေကောင်းမရှိရင် ပရိယူပဒေသ
ဝါသောစလို့ ခေါ်တဲ့မင်္ဂလာတရားနဲ့ အညီ ပတ်ဝန်းကျင်ကောင်းဖို့ လိုအပ်ပါတယ်.အဲဒီတော့မှ အဲဒီ ပတ်ဝန်းကျင်
ရဲ့ ထောက်ပံ့မှုကြောင့် မကောင်းတာတွေကို ရှောင်နိုင်လာမှာ ဖြစ်ပါတယ်.ကောင်းတဲ့လူအဖို့တော့ အဲဒီလိုဆိုရင်
ပိုကောင်းလာပါတယ်.

အဲဒီလို မိမိရဲ့ ကံနဲ့ မိမိလုပ်လိုက်တဲ့ ကံဟာ မိမိကို အကျိုးပေးနေတယ်လို့ ယူဆလိုက်တဲ့
ယူဆချက်လေးဟာ ကံတရားနဲ့ ပတ်သတ်ပြီး ဓမ္မအတိုင်းလက်ခံလိုက်တာပါပဲ.အဲဒါဟာ သမ္မာဒိဌိပါပဲ.အဲဒီသမ္မာ
ဒိဌိဆိုတဲ့ မဂ္ဖင်တရားလေး မိမိရဲ့ သန္တာန်မှာ ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် သဒ္ဒါတရားဖြစ်ဖို့ တံခါးပွင့်သွားပြီး သဒ္ဒါ
တရားဟာ မိမိရဲ့စိတ်သန္တာန်မှာ ၀င်ခွင့် ဖြစ်ခွင့်ရသွားပါပြီ.

အဲဒီလို မနောကံထဲမှာ ဖြစ်နေတာတွေကို ၀စီကံနဲ့ပြော
မယ် ကာယကံနဲ့ လုပ်နေမယ်ဆိုရင် ဒါဟာ သဒ္ဒါတရားကို သိလည်းသိသွားပြီး အဲဒီသဒ္ဒါတရားကြောင့်ဖြစ်တဲ့
စိတ်ရဲ့ အနေအထားကိုလည်း ခံစားမိပြီဆိုရင် ဓမ္မကိုသိတဲ့သူလို့ ခေါ်လို့ ရပါပြီ.

အဲဒီနောက် အဲဒီသူဟာ မိမိရဲ့
ကာယကံတွေဟာ မကောင်းတာတွေလုပ်ခဲ့မယ် ၀စီကံကလည်း မကောင်းတာတွေကို ပြောခဲ့မယ်. မနောကံ
ကလည်း မကောင်းတာတွေကို တွေးခဲ့မယ်ဆိုရင်တောင် အဲဒီမကောင်းတာတွေကို သိခွင့်ရှိသွားပါတယ်.

အဲဒါ
ဟာ သမ္မာဒိဌိလို့ခေါ်တဲ့ ထင်မြင်ယူဆချက်မှန်ကန်တာရယ် အဲဒီထင်မြင်ယူဆချက်ကြောင့် ဖြစ်လာတဲ့ သဒ္ဒါတရားရဲ့ စွမ်းအားရယ် နှစ်ခုပေါင်းစပ်မိတဲ့ အတွက်ကြောင့် မကောင်းတာတွေကို မကောင်းတာမှန်း မကောင်းမှုကို မကောင်းမှုမှန်း သိခွင့်ရှိတာပါပဲ.

ဒါဟာ ဓမ္မကို လက်ခံမိတဲ့အတွက်ကြောင့် ဓမ္မရဲ့ ဂုဏ်သတ္တိတွေဟာ မိမိရဲ့မနောထဲမှာ ခဏကိန်းလာခြင်းပါပဲ.အဲဒီနောက်တော့ အဲဒီရထားတဲ့ အစွမ်းသတ္တိလေးကို အားကောင်းလာအောင် စရဏလို့ ခေါ်တဲ့ လိုက်နာကျင့်သုံးခြင်းဆိုတဲ့ အလုပ်ကို မနောကံထဲမှာတင် လမ်းဆုံးမသွားစေပဲ ပြောသင့်တဲ့ အချိန် ပြောသင့်တဲ့ နေရာမှာ ပြောမယ် လုပ်သင့်တဲ့ အချိန် လုပ်သင့်တဲ့ နေရာမှာ လုပ်နေမယ်ဆိုရင် တရားအားထုတ်နေခြင်းပါပဲ. အဲဒီလို လုပ်ဆောင်နေရင်း အဓိပတိတက်လာခဲ့မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ.

အဲဒီ သဒ္ဒါတရားလေးကြောင့်ပဲ မကောင်းတာတွေကို သိလာမယ် သိလာပြီး ရှောင်လာမယ် ရှောင်လာပြီးရင် ကောင်းတာတွေ တွေးမယ် ပြောမယ် လုပ်မယ်ဆိုရင် မိမိရဲ့ ကိုယ်ကျင့်တရားလေးဟာ မဂ္ဖင်
လမ်းပေါ် ရောက်လာမယ်.အဲဒီလို ရောက်လာရင် သဒ္ဒါရဲ့ စွမ်းအားကြောင့် ကိုယ်ကျင့်တရားလေးကောင်းလာ
ပြီး တစ်ပြိုင်နက် သီလလေးပါလုံလာမယ်.

သဒ္ဒါတရားလေးဟာ သူ့အစွမ်းသတ္တိနဲ့ အဲဒီသူကို မကောင်းတာ
တွေ ရှောင်စေတယ်.အဲဒီရှောင်နေရင်းကနေ အားမရတော့ပဲ ထပ်ခါတလည်းလည်းပြုလုပ်နေမယ် ဆိုရင်
အာသေ၀န ပစ္စယ သတ္တိတွေဟာ သဒ္ဒါတရားကြောင့် အားကောင်းလာမယ်.အာသေ၀နပစ္စယ သတ္တိနဲ့
သဒ္ဒါတရားလေး ညီညွတ်လာတော့ သီလတရားလေးပါ လုပ်ဖြစ်လာတယ်.

နောက်တော့ အာသေ၀နပစ္စယ
သတ္တိရယ် သဒ္ဒါတရားရယ် သီလရဲ့ စွမ်းအားရယ် အားကောင်းလာတော့ အာရုံတွေ ဖြစ်တိုင်းမှာ ကောင်းတဲ့
စိတ်ဟာ ဆန္ဒလေးနဲ့ တွဲခွင့်ရသွားပါတယ်.

အဲဒီနောက် အားကောင်းလာတော့ ဆန္ဒဓိပတိဖြစ်လာမယ်.ဆန္ဒ
လေးအားကြီးလာရင် စိတ်ကလည်း အားကောင်းလာတယ်.အဲဒီနောက် အရှေ့က တရားတွေရဲ့ အထောက်အ
ပံ့တွေ များလာမယ်. အားကောင်းလာမယ်ဆိုရင် ကောင်းတာတွေကို လုပ်ဖို့် ၀ိရိယလေးပါ ပါလာမယ်.

ဝိရိယလေးဟာလည်း အာသေ၀န ပစ္စယသတ္တိလေးဖြစ်အောင် ကြိုးစားလိုက်မယ်ဆိုရင် ၀ိရိယာဓိပတိ ဖြစ်လာမယ်.

အဲဒီနောက် အကြောင်းအကျိုးတွေကို ဆင်ခြင်မိလာမယ်.ဆင်ခြင်မှုတွေ အားကောင်းလာတော့
ဝီမံသလို့ ခေါ်တဲ့ ပညာရဲ့ စွမ်းအားတွေ ဖြစ်လာမယ်.ပြီးရင် အားကောင်းလာတော့ မိမိရဲ့ စိတ်ဟာဝီမံသာအဓိ
လို့ခေါ်တဲ့ ဥာဏ်ပညာတွေ အားကောင်းလာမယ်.

အဲဒီလို သမ္မာဒိဌိရယ် သဒ္ဒါတရားရယ် သီလရယ် သုံးခုစလုံး
အတန်သင့် အညမည ဖြစ်မယ် သဟဇာတ ဖြစ်လာမယ်ဆိုရင် ဒီအတိုင်းမနေတော့ဘူး အရင်က မကောင်းခဲ့
တဲ့အချိန်တုန်းက တရားစကားတွေ လာပြောရင် နားမထောင်ချင်ပေမဲ့ အဲဒီအချိန်ကျတော့ တရားအသံကြား
ရင် နားထောင်ချင်လာမယ်. တရားနဲ့ ပတ်သက်တဲ့ နေရာတွေ သွားချင်လာမယ် မြင်ချင်လာမယ်.

အဲဒါလို
ကြားချင် မြင်ချင်တာက သုတ လို့ ခေါ်တယ်.သုတဆိုတာ အကြားအမြင်. ဗဟုသုတ ဆိုတာ ဗဟုဆိုတာ များ
ပြားခြင်း သုတဆိုတာ အကြားအမြင် ဗဟုသုတဆိုတော့ အကြားအမြင်များပြားခြင်းလို့ ခေါ်တယ်.

ကြားချင်
မြင်ချင်လာတော့ တရားဓမ္မနဲ့ ပတ်သက်လာရင် နားထောင်တယ်.ကြည့်လာတယ်.သမ္မာဒိဌိကြောင့် သဒ္ဒါ
တရားဖြစ်တယ်. သဒ္ဒါတရားကြောင့် သီလဖြစ်တယ်.

သီလကြောင့် သုတ ဖြစ်လာတယ်.ဒီတင်ပြီးသလား
ဆိုတော့ မပြီးဘူး သီလလေးအားကောင်းလာမယ်ဆိုရင် အဲဒီ ဓမ္မတရားတွေကြောင့် ပေးချင်ကမ်းချင်တဲ့
စိတ်တွေ ဖြစ်ပေါ်လာတယ်.ပိုပြီးအားကောင်းလာရင် ကိုယ့်အတွက်တောင် မငဲ့တော့ပဲ ပေးတဲ့ အလုပ်တွေ
ပါ လုပ်ဖြစ်လာတယ်.အဲဒီလိုဆိုရင် ပါရမီဖြစ်သွားတယ်.

ပါရမီဆိုတာ မိမိရဲ့ အကျိုးကို မငဲ့ကွက်ပဲ သူတစ်ပါး
အကျိုးစီးပွား ဖြစ်ထွန်းရာ ဖြစ်ထွန်းကြောင်းကို တွေးလည်းတွေးတယ် ပြောလည်းပြောတယ် လုပ်လည်းလုပ်
တဲ့ အကြောင်းတရားကို ပါရမီလို့ ခေါ်ပါတယ်.အဲဒီလို ပေးကမ်းစွန့်ကြဲလာတာဟာ စာဂ လို့ခေါ်ပါတယ်.

စာဂ
တရားလေးလည်း မိမိရဲ့ သန္တာန်မှာ ဖြစ်လာတယ်.ကံ ကံ၏အကျိုးကို ယုံတယ်ဆိုတဲ့ သမ္မာဒိဌိ ကနေ တွန်းပို့
လိုက်တာဟာ သဒ္ဒါတရားရယ် သီလတရားရယ် သုတတရားရယ် စာဂတရားရယ်တင်လမ်းဆုံးသွားလား.မ
ဟုတ်သေးဘူး.

အဲဒီလို အသိတွေကို စရဏလို့ခေါ်တဲ့ လိုက်နာကျင့်သုံးခြင်းဆိုတဲ့ အသိနဲ့ အကျင့် ညီမျှလာရင်
အော်ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တယ်. ဒီအကြောင်းဟာ ကောင်းကျိုးကိုဖြစ်စေတဲ့ အကြောင်းပဲ.အဲဒီ
ကောင်းကျိုးကိုဖြစ်စေတဲ့ အကြောင်းကို ငါလုပ်လိုက်လို့ ဒီလို ကောင်းကျိုးကိုရတယ်.ငါမဟုတ်ပဲ တစ်ခြားသူ
လုပ်လည်း ရမှာပဲ.

ဒါဟာ ဓမ္မဂုဏ်တော်တွေနဲ့ ပြည့်စုံတယ်.ဒီလိုသိရှိ ခံစားမိရင် အကြောင်းအကျိုး အကောင်း
အဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတက်တဲ့ ပညာဥာဏ်လေးလည်း ဖြစ်လာတယ်.အဲဒီလို ဖြစ်လာတော့
မကောင်းကျိုးကိုလည်း သိတယ် မကောင်းကျိုးကို ဖြစ်စေတဲ့ အကြောင်းလည်း သိလာတယ်. ကောင်းကျိုးကို
လည်း သိတယ် ကောင်းကျိုးကို ဖြစ်စေတဲ့ အကြောင်းတရားကိုလည်း သိလာတယ်.

အဲဒီလို မကောင်းကျိုး
မကောင်းကြောင်းနဲ့ ကောင်းကျိုး ကောင်းကြောင်းတွေကို သိလာတော့ ဟိရီလို့ ခေါ်တဲ့ မကောင်းတာကို
တွေးရမှာ ပြောရမှာ လုပ်ရမှာ ရှက်လာတယ်.သြတ္တပ္ဖလို့ ခေါ်တဲ့ မကောင်းတာတွေးရမှာ ပြောရမှာ လုပ်ရမှာကို
ကြောက်လာတယ်. ဟိရီတရားနဲ့ သြတ္တပ္ဖတရားနှစ်ပါးဟာလည်း မိမိရဲ့ မနောမှာ ဖြစ်လာတယ်.

အဲဒါဟာ ဘာ
ကြောင့်လည်းလို့ မေးရင် ကံ ကံ၏အကျိုးကို ယုံခြင်းလို့ ခေါ်တဲ့ သမ္မာဒိဌိ ဆိုတဲ့ ဟုတ်တယ် မှန်တယ် အကျိုးရှိ
တယ် ဆိုတဲ့ ဓမ္မတရားကို လက်ခံခြင်းကြောင့် ဒီအကြောင်းတရားပေါ်မှာ ယုံလိုက်တဲ့အတွက် စိတ်ကလေးကြည်
လာခြင်းဆိုတဲ့ အကျိုးလေးဖြစ်လာတယ်.ဒါကိုပဲ ယုံကြည်ခြင်း သဒ္ဒါတရားလို့ ခေါ်ပါတယ်.

နိဂုံးချုပ်ဆိုရသော် လူရယ်လို့ ဖြစ်လာရင် အတိတ်က ကိုယ်လုပ်ခဲ့တဲ့ ကံတရားတွေ ရှိတယ်.အဲဒီကံ
တရားတွေဟာ လက်ရှိရနေတဲ့ ဘ၀ကို ကျေးဇူးပြုနေတယ်. အဲဒီကံတရားတွေဟာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှု
တွေ မကောင်းမှုတွေကြောင့် ဖြစ်ရတယ်.

ဒါကိုပဲ စဉ်းစားကြည့်ရင် သိနိုင်တယ်.ဆိုပါစို့ ငယ်ငယ်က ကိုယ်ကျက်
ခဲ့တဲ့ စာလေးတစ်ကြောင်း ညအခါ လသာသာ ကစားမလား နားမလားဆိုတဲ့ စာကြောင်းလေးပေါ့. ခုချိန်မှာ တစ်
စုံတစ်ယောက်က ညအခါ လသာသာလို့ ဆိုလိုက်တာနဲ့ နောက်က စာကြောင်းလေးကို သူမဆိုလည်း ကိုယ်က
ရနေပြီ. ဒီအကြောင်းအရာလေးကို ကြည့်ခြင်းအားဖြင့် ငယ်ငယ်က ကိုယ်လုပ်ခဲ့တဲ့ အလုပ်တိုင်းဟာ အတိတ်ကံ
ဆိုတာ ဖြစ်တယ်. အဲဒီအတိတ်ကံဟာ ပစ္စုပ္ဖာန်မှာ အကြောင်းတိုက်ဆိုင်ရင် ကျေးဇူးပြုပြီး ပေါ်လာတယ်ဆိုတာ
စဉ်းစားမိတဲ့သူတိုင်း လက်ခံနိုင်ပါတယ်.

အဲဒီတော့ အတိတ်မှာ မကောင်းတာတွေ လုပ်ခဲ့တဲ့သူတွေလည်း ရှိမယ်.
ကောင်းတာတွေ လုပ်ခဲ့တဲ့သူတွေလည်းရှိမယ်. မကောင်းတာတွေ လုပ်ခဲ့မယ်ဆိုရင်လည်း ကိုယ်ပဲ ခံရမယ်.
ကောင်းတာတွေလုပ်ခဲ့ရင်လည်း ကိုယ်ပဲ စံရမယ်.

ဒါတွေဟာ ကိုယ်နေ့စဉ်ပြုနေတဲ့ ကာယကံ ၀စီကံ မနောကံဆို
တဲ့ ပစ္စုပ္ဖာန်ကံတရားပေါ်မှာ အများကြီးမူတည်နေတယ်လို့ ယူဆခြင်းအားဖြင့် ကိုယ်ယူဆတဲ့ အကြောင်းအရာ
လေး တစ်ခုဟာ ဟုတ်လည်းဟုတ်တယ် မှန်လည်းမှန်တယ် လိုက်နာကျင့်သုံးရင်လည်း အကျိုးရှိတယ်လို့ ယူဆ
ပြီး သမ္မာဒိဌိ အသိမျိုး ဖြစ်ကြပါစေ.ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းဆိုတဲ့ သဒ္ဒါတရားကို ထူထောင်နိုင်ကြပါစေ.ဒီသမ္မာဒိဌိကြောင့် ဖြစ်လာတဲ့ သဒ္ဒါတရားကို ဖြစ်သထက်ဖြစ်အောင် အားကောင်းသထက်

အားကောင်းအောင် နှလုံးသွင်း အားထုတ်နိုင်ကြပါစေ.ဒီမှတစ်ဆင့်တက်လို့ ကိုယ်ကျင့်သီလတရားတွေ အကြားအမြင် ဗဟုသုတ တရားတွေ ပေးကမ်းစွန့်ကြဲခြင်း စာဂတရားတွေ အကြောင်းအကျိုး အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့

ပညာဥာဏ်တရားတွေ မကောင်းမှုတွေကို တွေးရမှာ ပြောရမှာ လုပ်ရမှာ ရှက်ခြင်းဆိုတဲ့ ဟိရီတရားတွေ မကောင်းမှုတွေကို တွေးရမှာ ပြောရမှာ လုပ်ရမှာကို ကြောက်ခြင်းဆိုတဲ့ သြတ္တပတရားတွေ မိမိရဲ့ စိတ်သန္တာန်မှာ ကိန်းလို့ အားထုတ်နိုင်ကြ
ရင်း မြတ်စွာဗုဒ္ဒ ဂေါတမဘုရားရဲ့ အဆုံးအမတွေကို ဖြန့်ဝေကြပါစို့…..

မှတ်ချက်။ ။ကိုယ်တိုင်ရေး.

Credit - ဗုဒ္ဓကမ္ဘာ