ကုဝေရနတ်မင်းကြီးသည် မြောက်အရပ်ကို အစိုးရတဲ့ နတ်မင်းကြီးလည်း ဖြစ်ပါတယ်။ နတ်ဘီလူးမင်းကြီးပါ။ ကုဝေရ ဆိုတာက ရုပ်သွင်ကြမ်းတမ်းတယ်လို့ အဓိပ္ပာယ်ရသလို ကမ္ဘာမြေကြီးကိုစောင့်ရှောက်သော အရှင်သခင်လို့လည်း အဓိပ္ပာယ်ရပါတယ်။ ကုဝေရနတ်မင်းကြီးကို ဝေဿဝဏနတ်မင်းလို့လည်း ခေါ်ပါတယ်။ မိုးရွာသွန်းစေနိုင်သော နတ်မင်း မိုးလေဝသကို ပိုင်စိုးသောနတ်မင်း အောင်မြင်ကျော်ကြားမှုရဲ့ အရှင်သခင်နတ်မင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေလည်း မိုးလေဝသမှန်ပြီး သီးနှံထွက်ကောင်းအာင် အားထား ပူဇော်သင့်တဲ့ နတ်မင်းပါပဲ။ ကုဝေရနတ်မင်းကြီးဟာ နတ်ပြည်ရဲ့ ငွေတိုက်စိုး နတ်မင်းလည်းဖြစ်ပါတယ်။ နတ်ပြည်ရဲ့ ငွေတိုက်နဲ့ ရတနာတွေကို ထိန်းသိမ်း စောင့်ရှောက်ပေးတဲ့ နတ်သူဌေးကြီးပါ။ ဒါ့အပြင် လူ့ပြည်မှာရှိတဲ့ အဖိုးတန်ရတနာတွေနဲ့ ဂမ္ဘီရပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ နတ်မင်းကြီးလည်း ဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာကို ပေးစွမ်းနိုင်သော နတ်မင်းဖြစ်လို့ ဓနဒ ဓနလို့လည်း ခေါ်ပါသေးတယ်။ အရောင်းအဝယ်သမားတွေ စီးပွားရေးလုပ်ငန်းရှင်တွေ ဂမ္ဘီရပစ္စည်းစုဆောင်းသူတွေ အထူးအားထား ပူဇော်သင့်ပါတယ်။ လူ့ပြည်ရော နတ်ပြည်မှာ ပါရှိတဲ့ သိုက်မှန်သမျှရဲ့ အချုပ်ဟာ ကုဝေရနတ်မင်းကြီးပဲ ဖြစ်ပါတယ်။ သိုက်ဆက်ရှိသူတွေ မဖြစ်မနေ ကိုးစားသင့်ပါတယ်။ ကုဝေရနတ်မင်းဟာ အစွမ်းရှိတဲ့ ဂမ္ဘီရပစ္စည်းတွေကို စောင့်ရှောက်နေရတဲ့ အစောင့်အရှောက်တွေရဲ့ အကြီးအကဲလည်းဖြစ်လို့ ဂမ္ဘီရပစ္စည်းစုဆောင်းသူများ အထူးအားထား ပူဇော်သင့်ပါတယ်။ ကုဝေရနတ်မင်းကို ပူဇော်ပသပြီး အဓိဌာန်ပြုဆုတောင်းရင် ရှားပါးအဖိုးတန်တဲ့ ဂမ္ဘီရပစ္စည်းတွေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် ကုဝေရနတ်မင်းဟာ နတ်ဘီလူးမင်းတွေရဲ့ အကြီးအမှူးဖြစ်ပြီး တစ္ဆေ ,စုန်း, ကဝေတွေ ပရလောကသား အားလုံးကို ထိန်းချုပ်ထားတာပါ။ ဒါကြောင့် ပယောဂကုသပေးတဲ့ဆရာတိုင်း လက်မလွှတ်သင့်တဲ့ အားထားသင့်တဲ့ နတ်မင်းကြီးလည်း ဖြစ်ပါတယ်။ နတ်ဘီလူးထဲမှာ စွမ်းပေ့ကြမ်းပေ့ဆိုတဲ့ ပုဏ္ဏကနတ်ဘီလူးမင်းတောင် ကုဝေရနတ်မင်းဆီမှာ အခစားဝင်ရကြောင်း ကုဝေရနတ်မင်းကို ကြောက်ရွံ့ရိုသေရကြောင်း ဝိဓူရဇာတ်တော်ကြီးမှာ အထင်အရှား တွေ့ရပါတယ်။ ပုဏ္ဏကနတ်ဘီလူးမင်းဆိုတာ ဝိဓူရအမတ်ကြီးကို လိုချင်လို့ ရှင်ဘုရင်နဲ့ကြွေအံကစားရာမှာ ရှင်ဘုရင်ရဲ့အစောင့်အရှောက်ဖြစ်တဲ့ ထီးကျက်စောင့်နတ်သမီးကိုတောင် မျက်စောင်းတစ်ချက်ထိုးကြည့်လိုက်တာနဲ့ စကြာဝဠာတံတိုင်းထိ လွင့်စင်သွားစေလောက်အောင် စွမ်းတဲ့ နတ်ဘီလူးပါ။ ဒါကြောင့် မြန်မာ့ဂမ္ဘီရပညာမှာ ပုဏ္ဏကမျက်စောင်းအင်းဆိုတာ တန်ပြန်အင်းတွေထဲမှာ အလွန်နာမည်ကြီးတာပါ။ ပုဏ္ဏကအင်းတွေကို လောင်းကစားနိုင်အောင်လည်း သုံးကြပါတယ်။ အဲ့ဒီ ပုဏ္ဏကဘီလူးမင်းတောင် ကုဝေရနတ်မင်းကြီးဆီမှာ အခစားဝင် ရတယ်ဆိုတော့ ကုဝေရနတ်မင်းကြီးရဲ့အစွမ်းကို စဉ်းစားသာကြည့်ကြပေတော့။ စုန်း, ကဝေ, တစ္ဆေ, ဘီလူး အမျိုးမျိုးတို့ဟာ ကုဝေရနတ်မင်းဆိုတဲ့အသံကြားတာနဲ့ မော်မကြည့်ရဲလောက်အောင် ကြောက်ကြရတာပါ။ ဒါကြောင့် ကုဝေရနတ်မင်းကို ပင့်ဖိတ်ပူဇော်ထားရင် အတိုက်အခိုက် ပယောဂမှန်သမျှ အနားတောင် မကပ်ဝံ့ပါဘူး။ ဘေးရန်ကင်းအောင်လည်း စောင့်ရှောက်ပေးပါတယ်။ ဒါကြောင့် အရောင်းအဝယ်သမား စီးပွားရေးသမား ဂမ္ဘီရဝါသနာပါသူ၊ ဂမ္ဘီရရှေးဟောင်းပစ္စည်းစုဆောင်းသူ၊ ပယောဂဆရာ လောကီဆရာ အတိုက်အခိုက်အပြိုင်အဆိုင်များသူ ၊စိုက်ပျိုးရေးလုပ်ကိုင်သူ မှန်သမျှ အားထားပူဇော်သင့်တဲ့ နတ်မင်းကြီးဖြစ်ပါတယ်။ လူတိုင်း အိမ်တိုင်း ပူဇော်သင့်တဲ့ နတ်မင်းကြီးဖြစ်ပါသည်။ (Photo ကုဝေရနတ်မင်းကြီးအား ပူဇော်လိုက်ပါသည်။)