နိုင်ငံခြား ရဟန်းတစ်ပါးရဲ့မေး။ ။ ဆရာတော် တရားအားထုတ်တဲ့ ယောဂီတဦးဟာ အဘိဓမ္မာ၊ အဋ္ဌကထာနဲ့ ဋိကာတွေရဲ့ အဆိုကို မယုံကြည်ဘူး ဒါမှမဟုတ် လက်မခံဘူးဆိုရင် ဘာဖြစ်နိုင်မလဲ။

ဖားအောက် ဆရာတော်ဘုရား အဖြေ

၀ိပဿနာ အားထုတ်တဲ့အခါ သင်ဟာ အဘိဓမ္မာ၊ အဋ္ဌကထာနဲ့ ဋိကာတွေကို သံသယဖြစ်နေရင်တော့ ဒါဟာ သင်တရားရဖို့အတွက် ကြီးမားတဲ့အတားအဆီးတခု ဖြစ်နိုင်ပါတယ်။

(၁) အကြောင်းကတော့ မြတ်စွာဘုရားက ပဥ္စဝဂ္ဂီငါးဦးကို ဟောခဲ့တဲ့ ပထမနဲ့ ဒုတိယဦးဆုံး တရားတွေ (ဓမ္မစကြာသုတ်နှင့် အနတ္တလက္ခဏာသုတ်) အပေါ်မှာတော့ သင့်မှာလုံလောက်တဲ့ ယုံကြည်မှု ရှိသင့်ပါတယ်။ အထူးသဖြင့် ပထမဦးဆုံးဟောကြားခဲ့တဲ့ ဓမ္မစကြာသုတ်ထဲက သစ္စာလေးပါးတရားမှာ သစ္စာလေးပါးကို သိပြီး နိဗ္ဗာန်ချမ်းသာကို ရဖို့အတွက် ဗုဒ္ဓမြတ်စွာဘုရားက မဇ္ဈိမပဋိပဋာလမ်း (မဂ္ဂင်ရှစ်ပါးလမ်း) ကို ဟောကြားခဲ့ပါတယ်။

အဲဒီတော့ သစ္စာလေးပါးကဘာလဲ ဆိုတာ အလွန်အရေးကြီးတဲ့အချက် ဖြစ်တယ်။ ပဥ္စုပါဒါနက္ခတ္တာဒုက္ခာ ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာပါလို့ ဟောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီခန္ဓာငါးပါးက ဘာလဲဆိုတဲ့ အသေးစိတ်အချက်အလက်ကို ဒီသုတ္တန်ထဲမှာ ဘုရားက မဟောထားဘူး။ အကြောင်းကတော့ အဲဒီအချိန်က တရားနာနေကြတဲ့ ပဥ္စဝဂ္ဂီငါးဦးက ပါရမီရှင်တွေ ဖြစ်ပြီးသိလွယ်မြင်လွယ်သူတွေ ဖြစ်တော့ သူတို့အတွက် မလိုအပ်လို့ အသေးစိတ် မဟောခဲ့တာ ဖြစ်တယ်။ ခန္ဓာငါးပါးအကြောင်း အသေးစိတ်ကို ဘုရားကအဘိဓမ္မာထဲမှာပဲ ဟောထားပါတယ်။

ဘုရားဟောတဲ့ ခန္ဓာငါးပါး ရုပ်နာမ်တွေကို ၀ိပဿနာ ရှုတဲ့အခါမှာ လက္ခဏာရေးသုံးတန် တင်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ရှုရတာ ဖြစ်တဲ့အတွက် အကယ်၍ သင်ဟာ အဘိဓမ္မာကို လက်မခံရင် ဒီအကြောင်းတွေကို ရှုဖို့ အသေးစိတ်နားလည်မှာ မဟုတ်ဘူး။ သစ္စာလေးပါးကို မိမိကိုယ်တိုင်ရဲ့ ဉာဏ်နှင့်ထိုးဖေါက်သိမှ မဂ်ဖိုလ် နိဗ္ဗာန် ရနိုင်ပါတယ်လို့ ဘုရားက ဟောထားတော့ အဘိဓမ္မာကို လက်မခံရင် သစ္စာလေးပါးရဲ့ နံပါတ် (၁) ဒုက္ခသစ္စာနှင့် နံပါတ် (၂) ဒုက္ခဖြစ်စေတဲ့အကြောင်းရင်း သမုဒယသစ္စာတဖြစ်လဲ ပဋိစ္စသမုပ္ပါဒ်ကို မိမိရဲ့ သမ္မာဒိဋ္ဌိဉာဏ်နှင့် ကိုယ်တိုင်မျက်မှောက် ထိုးဖေါက်သိဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။ အဲဒီလို မဖြစ်နိုင်ရင်လည်း မဂ်ဖိုလ် မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ မဖြစ်နိုင်တော့ဘူး။


(၂) မဟာသတိပဋ္ဌာန သုတ္တန်ထဲမှာ မြတ်စွာဘုရားက ဓာတ်ကြီးလေးပါး ကမ္မဋ္ဌာန်းနဲ့ ပတ်သက်ပြီး ပထဝီ၊ တေဇော၊ အာပေါ၊ ၀ါယောဓာတ်တွေကို ရှုဖို့ဟောထားပြီး ဓာတ်တွေရဲ့ သဘောသဘာဝကို အတိုချူပ်လေးပဲ ပြောထားပါတယ်။ ဒါကိုသင်ဘယ်လို နားလည်နိုင်မလဲ။ ဒါကြောင့် (ဒါကို အကျယ်တဝင့်ရှင်းထားတဲ့) အဘိဓမ္မာ အဋ္ဌကထာရဲ့ ရှင်းလင်းချက်က မဖြစ်မနေ လိုအပ်ပါတယ်။

(၃) ဓာတ်ကြီးလေးပါး ကမ္မဋ္ဌာန်းကို ရှုရင် မြင်ရတဲ့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ဟဒယ အကြည်ရုပ်တွေအကြောင်း၊ အဲဒီအကြည်ရုပ်တွေကို ထပ်ရှုလိုက်ရင် မြင်တွေ့ရတဲ့ အသေးငယ်ဆုံးသော ရုပ်ကလပ်အမှုန်တွေအကြောင်း၊ အဲဒီရုပ်ကလပ်အမှုန်တခုစီကို ထပ်ရှုပြီး ဓာတ်ခွဲလိုက်ရင် တွေ့ရတဲ့ ပထဝီ တေဇော၊ အာပေါ၊ ၀ါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ ဘာဝ (ကျား/မ ရုပ်) စတဲ့ ၈-၁၀ ခုအထိ ရှိတဲ့ ရုပ်ကလပ်အမှုန် တစ်ခုစီရဲ့ သဘောတရားရေးရာတွေအကြောင်း အသေးစိတ်ကို ဘုရားက အဘိဓမ္မာထဲမှာပဲ ဟောထားပါတယ်။ ၀ိပဿနာရှုရင် ဒီသဘောတရားရေးရာတွေ အကုန်လုံး မြင်အောင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီး ရှုရတာ ဖြစ်တဲ့အတွက် အဘိဓမ္မာကို လက်မခံတဲ့သူဟာ ဒီသဘောသဘာဝတွေကို ဘယ်လိုမှ မသိနိုင်နားမလည်နိုင်ဘူး။ ဒါကြောင့်မို့ သင်ဟာ အဘိဓမ္မာကို လွယ်လွယ်နဲ့ မငြင်းပယ်သင့်ဘူး။

(၄) ရုပ်ကလပ်တခုစီမှာပါတဲ့ (အနည်းဆုံး) သဘောတရား ၈-၁၀ ခုဟာ ပရမတ်ရုပ်(ထပ်မံခွဲခြမ်းစိတ်ဖြာမရ) တွေ ဖြစ်ပြီး ၀ိပဿနာရဲ့ အရှုခံရုပ်တွေ ဖြစ်တယ်။ ပရမတ်ရုပ်ကို မြင်ပြီးတော့ ဒီရုပ်တွေကို ဆက်ရှုလိုက်ရင် ဖြစ်ပြီးတာနဲ့ ချက်ချင်းပဲပျက်ပြီး ခဏမစဲဘဲ တရစပ်ဖြစ်နေပျက်နေတယ်ဆိုတာ သင်နားလည်သွားလိမ့်မယ်။ ဒါဟာ အနိစ္စဖြစ်တယ်၊ ဒီရုပ်ကလပ်လေးတွေရဲ့ ဖြစ်ပြီးပျက်နေတဲ့သဘောက အနိစ္စ၊ ဖြစ်ခြင်းပျက်ခြင်းရဲ့ အနှိပ်စက် ခံနေရတာမြင်ရတာက ဒုက္ခ၊ မပျက်စီးဘဲ အခိုင်အမာ ရှိနေတဲ့အတ္တဆိုတာ (ပြသစရာ) ဘာမှမရှိတာက အနတ္တလက္ခဏာ ဖြစ်တယ်။ ဒီအဆင့်ရောက်မှသာ အနတ္တလက္ခဏာပေါ်ပြီး သင်ဟာအနတ္တလက္ခဏာကို မြင်တွေ့ရတာ ဖြစ်တယ်။ ဒီလို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးတန်ကို ရှုပွား သုံးသပ်နိုင်တဲ့ ဉာဏ်ကသာလျှင် ပရမတ်ကိုမြင်တဲ့ဉာဏ် ၀ိပဿနာဉာဏ် ဖြစ်ပါတယ်။ ဒီလိုအခြေအနေကို မြင်ရဖို့အတွက် ဟောကြားထားတဲ့ ဓာတ်ကမ္မဋ္ဌာန်း ရှုပွားပုံ၊ ရှုပွားပြီး မြင်တွေ့ရပုံ အသေးစိတ်က အဘိဓမ္မာ အဋ္ဌကထာထဲမှာပဲ ရှိပါတယ်။

(၅) မြတ်စွာဘုရားက သုတ္တန်အတော်များများမှာ ၀ိပဿနာရှုတဲ့အချိန် ဒီစိတ်စေတသိက်တွေ ဖြစ်ပျက်နေပုံကို အသေးစိတ် မဟောထားဘူး။ ခန္ဓာငါးပါးဟာ မမြဲဘူး အနိစ္စဖြစ်တယ်ဆိုပြီး သုတ္တန်တွေမှာ (အတိုနည်းနဲ့ပဲ) ဟောထားပါတယ်။ စိတ်တက္ခဏမှာ စိတ်စေတသိက်တွေ ဖြစ်ပျက်သွားပုံ အသေးစိတ်က အဘိဓမ္မာမှာပဲ ရှိပါတယ်။ ဒါကြောင့်မို့ ၀ိပဿ နာရှုတဲ့အချိန်မှာ ဖြစ်နေတဲ့ စိတ်စေတသိက်တွေကို နားလည်ဖို့အတွက် အဘိဓမ္မာက အထောက်အကူပြုပါတယ်။ အဘိဓမ္မာကို လက်မခံရင် စိတ်တချက်ဖြစ်တိုင်း နာမ်ခန္ဓာလေးပါးဖြစ်တဲ့ ဝေဒနာ့ခန္ဓာ၊ သညာ့ခန္ဓာ၊ ၀ိညာဏခန္ဓာ၊ သင်္ခါရခန္ဓာ (စေတနာ) ဖြစ်ပျက်ပုံကိုလည်းကောင်း၊ ဝီထိစိတ်အစဉ် ဖြစ်ပျက်သွားပုံကိုလည်းကောင်း မသိနိုင်ဘူး။ အကယ်၍ စျာန်သမာဓိနဲ့ အားထုတ်ပါက ဈာန်နာမ်တရားတွေ ဖြစ်ပျက်ပုံကိုလည်းကောင်း မသိနိုင်ဘူး။ ဒါတွေကို မသိဘဲနဲ့ အသင်ဟာ
စိတ်ပိုင်းဆိုင်ရာရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုပြီး လက္ခဏာရေးသုံးတန် တင်ပြီးဘယ်လို ရှုမလဲ။ ဒါကြောင့်မို့ အဘိဓမ္မာနှင့် အဋ္ဌကထာတွေကို လွယ်လွယ်နဲ့တော့ မငြင်းပယ်လိုက်ပါနဲ့။

(၆) ဒုတိယသစ္စာဖြစ်တဲ့ သမုဒယသစ္စာမှာ မြတ်စွာဘုရားက သုတ္တန်အတေ်ာများများမျာ တဏှာကြောင့် သမုဒယဖြစ်တယ်ဆိုတာကိုပဲ ဟောထားပြီး အဘိဓမ္မာမှာပဲ အသေးစိတ်ဟောထားပါတယ်။ တိဋ္ဌာရတနသုတ္တန်မှာတော့ အဝိဇ္ဇာပစ္စယသင်္ခါရ၊ သင်္ခါရပစ္စယ ၀ိညာဏစသည်ဖြင့် ပဋိစ္စသမုပ္ပါဒ်ကို သမုဒ္ဒယ သစ္စာလို့ ဟောထားပေမဲ့ အဝိဇ္ဇာကဘာလဲ၊ သင်္ခါရကဘာလဲ၊ ၀ိညာဏကဘာလဲ စသည်ဖြင့်
အသေးစိတ်ကို သုတ္တန်တော်များများမှာ ဘုရားကဘယ်တော့မှ (အကျယ်တဝင့်) မရှင်းထားဘူး။ အဘိဓမ္မာတခုတည်းမှာပဲ ဘုရားက ပဋိစ္စသမုပ္ပါဒ်ကို အသေးစိတ် ရှင်းထားပါတယ်။ အဘိဓမ္မာရဲ့ ရှင်းလင်းချက်ဟာ သမုဒယသစ္စာကို နားလည်ဖို့အတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါဟာအမှန်ပဲ ဖြစ်တယ်။ (ပဋိစ္စသမုပ္ပါဒ်ကို) လက်တွေ့ ရှုမှတ်တဲ့အခါမှာ အဋ္ဌကထာက ရှင်းလင်းချက်ကို လိုက်နာရမှာဖြစ်ပြီး အဲဒီထဲကအတိုင်း ရှုတဲ့အခါမှာမှ ပဋိစ္စသမုပ္ပါဒ်ကွင်းဆက်ကို နားလည်ပါတယ်။

ထင်ရှားတဲ့ မဟာသတိပဋ္ဌာနသုတ္တန်ထဲမှာ သမုဒယသစ္စာနှင့်ပတ်သက်ပြီး ဘုရားက ၀ါကျတကြောင်းပဲ ဟောထားပါတယ်။ ဒါဟာ အင်မတန်မှ တိုတောင်းလှတဲ့ အချက်အလက်ဖြစ်တယ်။ မဟာသတိပဋ္ဌာနသုတ္တန်ထဲက ၀ါကျတကြောင်းတည်းက ရတဲ့အချက်အလက်နဲ့ ပဋိစ္စသမုပ္ပါဒ်ကို နားလည်အောင် သင်ဘယ်လို လက်တွေ့တရားကျင့်မလဲ။ ဒါကြောင့်မို့ အဘိဓမ္မာနဲ့ အဋ္ဌကထာက ရှင်းလင်းချက်တွေက သမုဒယသစ္စာကို နားလည်ဖို့အတွက် လိုအပ်ပါတယ်။

(၇) နောက်တခု နိရောဓသစ္စာအတွက် ဟောတဲ့နေရာမှာလည်း မဟာသတိပဋ္ဌာနသုတ္တန်ထဲမှာ ၀ါကျတကြောင်းပဲ ပါတယ်။ သာမန်လူသား တရားအားထုတ်တဲ့သူတွေအတွက် ဒီဝါကျတကြောင်းတည်းက အချက်အလက်ကို ဘယ်လိုမှ နားမလည်နိုင်ဘူး။ ဒါကြောင့်မို့ အဘိဓမ္မာနဲ့ အဋ္ဌကထာက ပေးထားတဲ့နည်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ အင်္ဂုတိုရ်နီကယ်ထဲက တိဋ္ဌာရတနသုတ္တန်ထဲမှာလည်း နိရောဓသစ္စာနဲ့ ပတ်သက်ပြီး အဝိဇ္ဇာနိရောဓော သင်္ခရနိရောဓော -အဝိဇ္ဖာချူပ်ရင် သင်္ခါရချူပ်မယ၊် သင်္ခါရချူပ်ရင် ၀ိညာဏချူပ်မယ်၊ ၀ိညာဏချူပ်ရင် နာမ်နှင့်ရုပ်ချူပ်မယ်ဆိုတာပဲ ပါတယ်။ အဲဒါသင်ဘယ်လိုထင်လဲ။ ၀ိပဿနာ အားထုတ်သူဟာ နိရောဓသစ္စာဆိုတာ ဘာလဲဆိုတာကို (တိတိကျကျ) သိဖို့လိုပါတယ်။ (ဒါကြောင့်မို့) ဒီလိုအချိန်မှာ နိရောဓသစ္စာကို နားလည်ဖို့အတွက် အဘိဓမ္မာနဲ့ အဋ္ဌကထာမှာ ရှင်းလင်းထားတဲ့ အချက်တွေကို အားကိုးရပါတယ်။ အဘိဓမ္မာ အဋ္ဌကထာနဲ့ ဋိကာတွေရဲ့ အကူအညီမပါဘဲနဲ့ အသင်ဟာ နိရောဓသစ္စာကို နားလည်ဖို့ မဖြစ်နိုင်ဘူး ။ အဘိဓမ္မာကို နားမလည်ဘဲ အဋ္ဌကထာနှင့် ဋီကာတွေရဲ့ ရှင်းလင်းချက်ကို လက်မခံဘဲ နိရောဓသစ္စာရဲ့ အဓိပ္ပာယ်ကို နားမလည်နိုင်ဘူး။ နိရောဓသစ္စာကို နားမလည်ဘဲ နိရောဓသစ္စာဉာဏ်ကို မှန်ကန်စွာ မရောက်နိုင်ဘူး။

(၈) နောက်တခုက မဂ္ဂသစ္စာ မဂ္ဂင်ရှစ်ပါး။ (ဝီထိတွေအကြောင်း ဆရာတော်ဘုရားပြောထားတာ ကျွန်မ သိပ်မရှင်း၊ သိပ်နားမလည်လို့ ချန်လှပ်ထားလိုက်ပါတယ်။ ရုပ်သံဖိုင်ရဲ့ (48.55) မိနှစ် နောက်ပိုင်းမှာ နားထောင်နိုင်ပါတယ် Nge Naing.)

(၉) ဓမ္မစကြာသုတ်ထဲမှာ မြတ်စွာဘုရားက ပဥ္စဝဂ္ဂီငါးဦးကို သစ္စာလေးပါးတရားဟောတော့ တရားအဆုံးမှာ အရှင်ကောဏ္ဍညဟာ တရားအားမထုတ်ရဘဲနဲ့ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုသွားပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ သူဟာ ပဒုမမြတ်စွာဘုရားလက်ထက်ကစပြီး ဘဝပေါင်းသိန်းချီပြီး သင်္ခါရုပေက္ခာဉာဏ်စဉ်ရတဲ့ အဆင့်အထိ ဘဝပေါင်းမြောက်မြားစွာ အားထုတ်လာခဲ့သူဖြစ်တယ်။ ဓမ္မစကြာတရားကို နာကြားလိုက်ရတဲ့အချိန်မှာ အရင့်အရင်ဘဝတွေက အားထုတ်ထားလို့ ရထားတဲ့ ပါရမီတွေက အားလုံးစုပြုံပြီးတော့ အကျိုးပေးတာဖြစ်တယ်။ ဓမ္မစကြာတရားအဆုံးမှာ အရှင်ကောဏ္ဍည သောတာပန်တည် သွားတော့ မြတ်စွာဘုရားဟာ “အညာသိ ဝတဘော ကောဏ္ဍညော အညာသိ ဝတဘော ကောဏ္ဍညော” ကောဏ္ဍည သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး မဂ်ဖိုလ်ဆိုက်သွားပြီ ကောတဏ္ဍသစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး မဂ်ဖိုလ်ဆိုက်သွားပြီ” လို့ ဥဒါန်းကျူးရင့်လိုက်ပါတယ်။ ဓမ္မစကြာတရားအကျမှာ မဂ်ဖိုလ်ဆိုက်သွားတာ အရှင်ကောဏ္ဍည တပါးတည်းတော့ မဟုတ်ပါဘူး ဗြဟ္မတွေ ကုဋေရှစ်ဆယ်၊ နတ်တွေ မရေတွက်နိုင်အောင် (လူသားသားထဲက အရှင်ကောဏ္ဍညတပါးတည်း) မဂ်ဖိုလ်ဆိုက်ခဲ့ပါတယ်။ အရှင်ကောတဏ္ဍည ရသွားတဲ့ မဂ်ဖိုလ် နိဗ္ဗာန်နှင့် နတ်ဗြဟ္မာတွေ ရသွားတဲ့ မဂ်ဖိုလ်နိဗ္ဗာန်က ဘာမှမခြားဘူး အတူတူပဲ ဖြစ်တယ်။

ဖားအောက်တောရ ဆရာတော်ဘုရားကြီးကို နိုင်ငံခြားရဟန်းတပါး (မဟာယနဘုန်းကြီးထင်တယ်) မေးတဲ့မေးခွန်းကို ဆရာတော်ဘုရား ပြန်ဖြေထားတာကို လိုတဲ့အချက်တွေ ကောက်နှုတ်ဘာသာပြန်ပြီး အဘိဓမ္မာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် တင်လိုက်ပါတယ်။ အပြည့်အစုံ နားထောင်ချင်သူများ အောက်က ကျမ်းကိုး Link ထဲမှာ သွားနားထောင်နိုင်ပါတယ်။

ဆရာတော်ဘုရားကြီးကို ရိုသေစွာ ဦတိုက်ရှိခိုးလျှက်

ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့လင်းစေသော် ဗုဒ္ဓအဘိဓမ္မာ မြတ်ကွန်ခြာ ကမ္ဘာလွှမ်း၍ တင့်စေသော်လို့ ဆရာကြီးဒေါက်တာမင်းတင်မွန်ရဲ့ ဆုတောင်းကို ငှားပြီး ဆုတောင်းလိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ