အသိဉာဏ်သည် ဦးနှောက်ထဲတွင်မရှိဘဲ ဟဒယရုပ်ဝတ္ထုထဲ၌သာရှိသည် ဟူသောအချက်ကို ဆရာတော် ထင်ထင် ရှားရှား ပြတော်မူပါ ဘုရား။

(မေးမြန်းလျှောက်ထားသူ - ပါမောက္ခ ဂျေ၊ အမ်၊ ဖော့စတာ၊ အမ်အေ၊ အမ်အက်(စ်)စီ၊ ဘုံဘိုင်တက္ကသိုလ် မှ သိပ္ပံပညာ ပါမောက္ခ၊
ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ)

(ဆရာတော်က သူ၏ပုစ္ဆာအတွက် အဖြေကို ဖော်ထုတ်ရန် ပါမောက္ခ ဂျေ၊ အမ်၊ ဖော့စတာအား အောက်ပါမေးခွန်းကို ပြန်လှန်၍ မေးပါသည်။)

ဆရာတော်အရှင်အရိယဓမ္မ။ အသိဉာဏ်ဟာ ဦးနှောက်ထဲတွင်ရှိသည်ဟူ၍ ဒကာကြီး အဘယ်ကြောင့် ယူဆပါသလဲ။

ဖော့စတာ။ ယခုကမ္ဘာမှာ ထိပ်တန်းရောက်နေတဲ့ ဆေးသိပ္ပံအရ ဦးနှောက်ခွံကို ခွဲခြမ်းစိတ်ဖြာကြည့်တော့ အသိဉာဏ်ဟာ ဦးနှောက်ခွံမှာ ဆုံးတဲ့ အကြောတွေထဲမှာ ဖြစ်ပွားတယ်လို့ အခိုင်အလုံ တွေ့ရှိပါတယ် ဆရာတော်။ ဒီ ဦးနှောက်ထဲရှိတဲ့ အကြောတွေရဲ့အမျိုးအမည်ကို ခွဲကြည့်တော့ ဝေဒနာကြော၊ သညာကြော၊ ဆန္ဒကြော၊ သမာဓိကြော၊ ရောင်ပြန်ကြော၊ ပညာကြော၊ သောတကြော၊ ဂန္ဓကြော၊ ရသကြော၊ စက္ခုကြော၊ ပြန်လည်တွေးတောတတ်တဲ့ အကြော၊ စုံစမ်းတဲ့အကြော၊ ဆုံးဖြတ်တဲ့အကြော၊ ဖဿကြော၊ အတွေးကြော စတဲ့ အကြောတွေကိုတွေ့ရပါတယ်။
ဒါတင်မကသေးပါဘူး။ အခု နောက်ဆုံးပေါ် စူးစမ်းချက်အရ သေတဲ့လူတွေရဲ့ ဦးနှောက်ထဲမှာ မော်တော်ကားတွေ၊ မီး ရထားတွေ၊ အဆောက်အဦတွေ အစရှိတဲ့ အမျိုးမျိုးသော ရုပ်ဝတ္ထုတို့ရဲ့ ပုံသဏ္ဌာန်တွေဟာ ဓာတ်ပုံရိုက်ထားသလို ပေါ်နေတာကိုလည်း တွေ့ရပါတယ် ဆရာတော်။ ဒါကြောင့် ဦးနှောက်ဟာ အသိဉာဏ်နဲ့ဆိုင်ရာ လှုပ်ရှားမှုအားလုံး သို လှောင်ရာ အခန်း ဖြစ်တယ်လို့ ခေါ်နေကြပါပြီ ဆရာတော်။

ဆရာတော်။ မြင်ထားတဲ့၊ ကြားထားတဲ့၊ နံထားတဲ့၊ အရသာခံထားတဲ့၊ တွေးတောထားတဲ့ ရုပ်ဝတ္ထုတွေကို သိမြင် နားလည် နိုင်တဲ့သတ္တိ ဦးနှောက်မှာ ရှိသလား ဒကာကြီး။

ဖော့စတာ။ ဒီအာရုံတွေနဲ့ တွေ့ထိတဲ့တရားတွေ သိမြင်နားလည်နိုင်တဲ့သတ္တိ ဦးနှောက်မှာရှိပါတယ် ဆရာတော်။

ဆရာတော်။ ဓာတ်စက် ဓာတ်ပြားတွေက သီချင်းဆိုသံ၊ စကားပြောသံတွေကို သိုလှောင်ထားသလား။

ဖော့စတာ။ သိုလှောင်ထားပါတယ် ဆရာတော်။

ဆရာတော်။ ဒါဖြင့်ရင် ဓာတ်ပြားတချပ်ကိုယူပြီး ဘာသီချင်းကို သိုလှောင်ထားသလဲလို့ မေးရင် ဘာသီချင်းကို သိုလှောင်ထားတယ်လို့ အဲဒီ ဓာတ်ပြားက ပြန်ပြောမှာလား ဒကာကြီး။

ဖော့စတာ။ ဓာတ်ပြားဟာ ရုပ်ဝတ္ထုတခုမျှသာဖြစ်ပြီး သိမြင်နားလည်တတ်တဲ့သတ္တိမရှိတဲ့အတွက် ဘာသီချင်းကို သိုလှောင်ထားတယ်လို့ ပြောနိုင်တဲ့သတ္တိ မရှိပါဘူး ဆရာတော်။

ဆရာတော်။ ဦးနှောက် သို့မဟုတ် ဟဒယရုပ်ဝတ္ထု သို့မဟုတ် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ခန္ဓာ ဆိုတဲ့ တရားတွေဟာလည်း ရုပ်ဝတ္ထုတွေသာ ဖြစ်တော့ သိမြင်ခြင်း၊ နားလည်ခြင်းဆိုတဲ့သတ္တိ မရှိကြဘူး။ ဝိညာဏဓာတ် ဆိုတဲ့ တရားမှသာ သိမြင်နားလည်ခြင်းဆိုတဲ့သတ္တိ ရှိတယ်။ အဲဒီတော့ ဒီ ဝိညာဏဓာတ် ဖြစ်ပွားလာပုံကို သိသာ ထင်ရှားလာအောင် ဦးပ ဉ္ဇင်းမေးတဲ့ မေးခွန်းတွေကို ဒကာကြီး ဖြေစမ်းပါဦး။

ဖော့စတာ။ မှန်ပါ့ ဆရာတော်။

ဆရာတော်။ ဝိညာဏဓာတ်ဟာ တနေရာတည်းမှာ ဖြစ်နိုင်သလား၊ နှစ်နေရာမှာ ဖြစ်နိုင်သလား ဒကာကြီး။

ဖော့စတာ။ ဝိညာဏဓာတ်ဟာ တနေရာတည်းမှာသာ ဖြစ်နိုင်ပါတယ် ဆရာတော်။

ဆရာတော်။ အကြင်သူတဦးတယောက်ဟာ ထိတ်လန့်တုန်လှုပ်သွားတဲ့အခါ ဦးနှောက်ထဲမှာ ဒီ ထိတ်လန့် တုန်လှုပ်မှု ဖြစ်သလား။ ဒါမှမဟုတ်ရင် ဟဒယရုပ်ဝတ္ထုထဲမှာ ဖြစ်သလား။ တကယ်လို့ ချစ်ခင်ခြင်း၊ ကြင်နာခြင်း ဆိုတဲ့ တရားဟာ ရုတ်တရက်ဖြစ်ပေါ်လာမယ် ဆိုရင်ကော ဦးနှောက်ထဲမှာ ဖြစ်ပေါ်လာသလား၊ ဟဒယရုပ်ဝတ္ထုထဲမှာ ဖြစ်ပေါ် လာသလား။

ဖော့စတာ။ အမှန်အားဖြင့် ဟဒယရုပ်ဝတ္ထုထဲမှာပဲ ဖြစ်ပေါ်လာပါတယ် ဆရာတော်။

ဆရာတော်။ တကယ်လို့ ဝမ်းမြောက်ရွှင်မြူးမှု ဖြစ်လာပြန်တော့ကော ဘယ်နေရာမှာ ဖြစ်ပေါ်လာသလဲ ဒကာကြီး။

ဖော့စတာ။ ဟဒယရုပ်ဝတ္ထုထဲမှာ ဖြစ်ပေါ်လာတယ်လို့ ထင်ပါတယ် ဆရာတော်။

ဆရာတော်။ တခါ ဒေါသအမျက် ထွက်လာပြန်တော့ကော ဘယ်နေရာမှာ ဖြစ်တယ်လို့ ထင်သလဲ ဒကာကြီး။

ဖော့စတာ။ ဟဒယရုပ်ဝတ္ထုထဲမှာပဲ ဖြစ်ပွားတယ်လို့ ထင်ပါတယ် ဆရာတော်။

ဆရာတော်။ တကယ်လို့ အကြင်သူ တဦးတယောက်ဟာ အခြားသူတဦးတယောက်ကို ချစ်ခင်ကြင်နာမိတဲ့ အခါ မှာ ငါဟာ မင်းကို ဦးနှောက်ထဲက ချစ်တယ် လို့ ပြောသလား၊ အသည်းနှလုံးထဲက ချစ်တယ် လို့ ပြောသလား။

ဖော့စတာ။ အသည်းနှလုံးထဲက ချစ်ခင်တယ်လို့ ပြောပါတယ် ဆရာတော်။

ဆရာတော်။ တကယ်လို့ မုန်းပြန်တော့ကော ဦးနှောက်ထဲက မုန်းတယ်လို့ ပြောသလား၊ အသည်းနှလုံးထဲက မုန်းတယ် လို့ ပြောသလား။

ဖော့စတာ။ အသည်းနှလုံးထဲက မုန်းတယ်လို့ပဲ ပြောပါတယ် ဆရာတော်။

ဆရာတော်။ ကဲ အခု ဒကာကြီး ပြောသလို ချစ်ခြင်း၊ မုန်းခြင်း၊ ဝမ်းမြောက်ခြင်း၊ ဒေါသဖြစ်ခြင်းစတဲ့ တရားတွေ ဟာ အသည်းနှလုံးထဲမှာ ဖြစ်ပွားတယ်လို့ဆိုရင် ဒီတရားတွေဟာ ဦးနှောက်ထဲမှာ ဖြစ်တယ်လို့ ဆိုနိုင်ပါဦးမလား ဒကာကြီး။

ဖော့စတာ။ ဆရာတော် အခုလို ရှင်းလင်းဝေဖန်ပြလိုက်တဲ့အတွက် ဒီ ဝိညာဏ်တရားဟာ ဦးနှောက်ထဲမှာ စတင်ဖြစ်ပေါ်တာမဟုတ်ဘဲ အသည်းနှလုံးထဲမှာသာ စတင်ဖြစ်ပွားတယ်လို့ တပည့်တော် သိမြင်သဘောပေါက် ပါပြီ ဆရာတော်။

ဆရာတော်။ ဒကာကြီးဟာ ဘယ်တရားမှာမဆို အရင်းခံအကြောင်းတရားနှစ်ပါးရှိတယ် ဆိုတဲ့ ဒွိတ္တဝါဒအဘိဓမ္မာ ကို လက်ခံရဲ့လား။

ဖော့စတာ။ သိပ္ပံပညာသည်တဦးအနေနှင့် လောကအတွင်း ရှိရှိသမျှသော သဘောတရားတို့တွင် အရင်းခံ အကြောင်းတရားနှစ်ပါးရှိတယ်ဆိုတဲ့ ဒွိတ္တဝါဒကို တပည့်တော် ကောင်းကောင်းကြီးလက်ခံပါတယ် ဆရာတော်။

ဆရာတော်။ ဓာတ်ဖိုနဲ့ဓာတ်မ၊ တနည်းအားဖြင့် ရုပ်တရားနဲ့နာမ်တရားမရှိဘဲနဲ့ ဘာတရားမျှ မဖြစ်ပွားနိုင်ဘူး ဆိုတာကိုကော သဘောတူရဲ့လား။

ဖော့စတာ။ ဒီသဘောတရားကိုလည်း တပည့်တော် သဘောတူပါတယ် ဆရာတော်။

ဆရာတော်။ ကဲ ဒီအချက်ကို သဘောကျလက်ခံနိုင်လို့ရှိရင် ဒကာကြီးတို့ရဲ့ဆေးပညာက ဒီဝိညာဏဓာတ်၊ တနည်းအားဖြင့်အသိဉာဏ်ပညာနဲ့ဆိုင်ရာ ရုပ်တရား၊ နာမ်တရားတို့ရဲ့သဘောကို လေ့လာစူးစမ်းပြီး အထင်အရှား ရှင်းလင်း ဖော်ထုတ်နိုင်ပြီလား။

ဖော့စတာ။ တိတိကျကျ အထင်အရှား မရှင်းလင်း မဖော်ထုတ်နိုင်သေးပါဘူး ဆရာတော်။

ဆရာတော်။ ဒါဖြင့် ဒကာကြီးတို့ဆေးပညာက နာမ်တရားနဲ့ပတ်သက်လို့ တကယ်တမ်း ထိထိရောက်ရောက် မလေ့လာ မစူးစမ်းရသေးဘူးပေါ့။

ဖော့စတာ။ တကယ်တမ်း ပြည့်ပြည့်စုံစုံ မလေ့လာမစူးစမ်းရသေးဘူးလို့ဘဲ ဆိုရမှာပါ ဆရာတော်။

ဆရာတော်။ ဒါဖြင့် ဒကာကြီးတို့ရဲ့ ဆေးပညာက အသိဉာဏ်ပညာဟာ ဦးနှောက်ထဲမှာ စတင်ဖြစ်ပွားတယ်ဆိုတာ ဟာ မှန်းဆချက်လောက်ပဲ ရှိသေးတာပေါ့။ တိတိကျကျ ဧကန်ဧက တထစ်ချ မပြောနိုင်သေးဘူးပေါ့။

ဖော့စတာ။ ဒီသဘောပဲ ဆိုက်နေတော့တာပေါ့ ဆရာတော်။

ဆရာတော်။ သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိတော်မူပြီး ရှိရှိသမျှသော တရားစုတို့ကိုလည်း ယထာဘူတကျကျ သိမြင်ထားတော်မူတဲ့ ဗုဒ္ဓကိုယ်တော်မြတ်ဟာ ရုပ်တရား၊ နာမ်တရားတို့ကို ဖြစ်စဉ်၊ ပျက်စဉ် ဒီတရားနှစ်ပါးတို့ရဲ့ တပါးနဲ့ တပါး ဆက်စပ်နေပုံ၊ အမှီသဟဲပြုနေပုံ စသည်တို့ကို အကြွင်းမဲ့ ဟောတော်မူထားခဲ့တယ်။ အဲဒီလို ဟောတော်မူခဲ့တဲ့ တရားတော်တွေထဲမှာ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ခန္ဓာ ဆိုတဲ့တရားတွေနဲ့ ဒီတရားတွေနဲ့တွေ့ထိရိုက်ခတ်တဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ နဲ့ ရုပ်ဝတ္ထုဆိုတဲ့ တရားတွေဟာ ရုပ်တရားဖြစ်ပြီး ဒီတရားတွေ အချင်းချင်း တွေ့ထိ ရိုက်ခတ်လို့ ပေါ်ပေါက်လာတဲ့ အသိဉာဏ်ဆိုတဲ့နာမ်တရားတွေဟာ ဟဒယအိမ်မှာ ဖြစ်ပေါ်လာတယ်လို့ အတိအလင်း ပါရှိတယ်။ ဒီ အသိတရားဟာ ဟဒယနှလုံးအိမ်မှာ ဖြစ်ပေါ်လိုက်၊ ချုပ်ငြိမ်းလိုက်နဲ့ အဆက်မပြတ် ရေအလျဉ် စီးသလို ဖြစ်နေတဲ့ တရားပဲ။ ဝိပဿနာဉာဏ်နဲ့ ကျကျနနရှုနိုင်မှ ဒီသဘာဝကို မြင်နိုင်တယ်။
ယခင် ဒကာကြီးရဲ့မေးခွန်းကို ဦးပ ဉ္ဇင်း ဖြေဆိုခဲ့စဉ်က အသိပညာဆိုတာ လူရဲ့ခန္ဓာကိုယ်အတွင်း ဘယ်အစိတ် အပိုင်းထဲမှာမှ သိုလှောင်ထားတာမရှိဘူး။ မီးတောက်ဟာ မီးခြစ်ဆံထဲမှာရော မီးခြစ်ဘူးပေါ်မှာ ကပ်ထားတဲ့ ယမ်းပြား ထဲမှာပါ မရှိသလိုဘဲ အသိဉာဏ်ဆိုတာကလည်း မီးခြစ်ဆံနဲ့ယမ်းပြားကို ခြစ်လိုက်မှ မီးတောက်ပေါ်လာသလို အထက် က ပြောခဲ့တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ ဆိုတဲ့ တရားတွေနဲ့ အပြင်အပမှ ရုပ်ဝတ္ထုတို့ရဲ့ ရိုက်ခတ်မှုမှ ဟဒယဝတ္ထု ဆိုတဲ့ နှလုံးအိမ်မှာ ဖြစ်ပေါ်လာရတဲ့ တရားဖြစ်တယ် ဒကာကြီး။
အဲဒီတော့ အသိဉာဏ်ပညာဟာ ဦးနှောက်ထဲမှာ ဖြစ်ပွားလာရတဲ့ တရားမဟုတ်ဘဲ ဟဒယရုပ်ဝတ္ထုဆိုတဲ့ နှလုံးအိမ်ထဲ မှာသာ ဖြစ်ပွားလာရတယ် ဆိုတဲ့အချက်ကို ဒကာကြီး သဘောပေါက် လက်ခံနိုင်ပြီလား။

ဖော့စတာ။ ဆရာတော် ယခု ရှင်းလင်းပြောပြတော်မူလိုက်တဲ့အတွက် အသိဉာဏ်ပညာဟာ ဦးနှောက်ထဲမှာ စတင်ဖြစ်ပေါ်လာရတယ်ဆိုတဲ့ မှန်းဆချက်ကို တပည့်တော် ပယ်နိုင်ပြီး အသိဉာဏ်ပညာဟာ ဆရာတော်အမိန့်ရှိတော် မူတဲ့အတိုင်း ဟဒယဝတ္ထုထဲမှာ ဖြစ်ပွားရတယ်ဆိုတဲ့အချက်ကို သဘောပေါက်ပါပြီ။ ဒီပြဿနာနဲ့ပတ်သက်လို့ တပည့်တော်တို့အား ယခုလို ရှင်းလင်းဟောပြတော်မူတဲ့အတွက် ပရိဿတ်ရဲ့ကိုယ်စား ကျေးဇူးတင်လှပါတယ် ဆရာတော်။

ဤတွင် ပရိဿတ်က သာဓုအနုမောဒနာ ခေါ်ကြလေသည်။

Click Here To Get The PDF File - "ဗုဒ္ဓဝါဒပြဿနာများ - စာအုပ်"
ဥတ္တရအလင်း