{တရားတစ်ပုဒ်ကြောင့် ချမ်းသာခဲ့ရသူ}

ဤဘဒ္ဒကမ႓ာမှ ပြန်၍ရေတွက်သည်ရှိသော် သုံးဆယ့်တစ်ကမ႓ာ၌ သိခီမြတ်စွာဘုရားပွင့်တော်မူခဲ့ပါသည်။

အခါတစ်ပါးတွင် သိခီမြတ်စွာဘုရားရှင်သည် တစ်ပါးတည်းနေ၍ ဝိဝေကသုခကို ပွားများလိုသောကြောင့် ရှုချင့်စဖွယ်သစ်ပင်ပန်းမာလ်အမျိုးမျိုးတို့နှင့်ပြည့်စုံသော တောကြီးအတွင်းသို့ ကြွတော်မူကာ အေးချမ်းလှသောကျောက်ဖျာပြင်ထက်၌ ဒုကုဋ်သင်္ကန်းကို လေးထပ်ခင်း၍ ခြောက်ပါးသောရောင်ခြည်တော်တို့ ထွန်းထိန်တောက်ပစေလျက် တင့်တယ်သောဘုရားရှင်၏အသရေတော်ဖြင့် စံနေတော်မူခဲ့၏။

ထိုသို့ သစ်တစ်ပင်ရင်းဝါးတစ်ပင်ရိပ် တောရကျောင်းမြတ်၌ အမင်း မင့်ဥသျှောင် ဘုန်းခေါင်ထွတ်ဖျား သိခီမြတ်စွာ သီတင်းသုံးတော်မူရာသို့ နတ်ဗြဟ္မာ နဂါးဂဠုန်တို့သည် စုဝေးရောက်လာကြကုန်၍ သိခီ မြတ်စွာဘုရားရှင်ကို နတ်ပန်းနံ့သာတို့ဖြင့် ပူဇော်ဦးခိုက်နေကြလေသည်။

မြတ်စွာဘုရားရှင်သည် ထိုနတ်ဗြဟ္မာနဂါးဂဠုန်စသော ပရိတ်သတ်တို့အား ဗြဟ္မာမင်း၏အသံနှင့်တူသော အသံတော်ဖြင့် သစ္စာလေးပါးမြတ်တရားတော်ကိို မိုးကြီးရွာသကဲ့သို့ တသွန်သွန်ဟောကြားတော်မူခဲ့ပါသည်။

ထိုစဉ်အခါ တောလိုက်မုဆိုးတစ်ဦးသည် မြတ်စွာဘုရားစံနေတော်မူရာ တောကြီးအတွင်းသို့ဝင်ခဲ့၍ သားကောင်တို့ကို ဖမ်းယူသတ်ဖြတ် စားသောက်နေခဲ့၏။

ထိုမုဆိုးသည် တောလည်ရင်း မြတ်စွာဘုရားရှင် တရားဟောတော်မူသော နေရာသို့ရောက်ရှိလာလေသည်။

ထိုမုဆိုးသည် မြတ်စွာဘုရားရှင် တရားဟောတော်မူနေသည်ကို မြင်တွေ့လျှင် သင့်တင့်လျောက်ပတ်သောအရပ်မှနေ၍ တရားတော်ကို ရိုသေစွာ နာယူခဲ့လေသည်။

ထိုတောလိုက်မုဆိုးသည် တရားတော်ကိုနာယူပြီး ရတနာသုံးပါး၌ ကြည်ညိုသောစိတ်ဖြင့် ထိုဘဝမှစုတေသေလွန်သောအခါ နတ်ပြည်ခြောက်ထပ်၌ဖြစ်ခဲ့သည်။

ထိုမှတစ်ဖန် လူ့ပြည်၌ပြန်ဖြစ်၍ စည်းစိမ်ချမ်းသာအမျိုးမျိုးတို့ကို ခံစားစံစားကာ နတ်ရွာလူ့ပြည်တို့တွင် လူးလာစုန်ဆန်နေခဲ့လေသည်။

ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူသောအခါ၌ သာဝတ္ထိပြည်တွင် ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝပြီး မြတ်သောအမျိုး၌ မွေးဖွားခဲ့ပြန်သည်။

သိတတ်သည့်အရွယ်သို့ ရောက်သောအခါ မြတ်စွာဘုရားသာသနာ၌ ရှင်ရဟန်းပြုခဲ့၏။

တစ်နေ့သ၌ မြတ်စွာဘုရားရှင် ဟောကြားတော်မူသော သစ္စာလေးပါးတရားတော်မြတ်ကို ကြားနာရ၍ ပဋိသမိ႓ဒါလေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ဆိုက်ရောက်တော်မူသည်။

ရဟန္တာဖြစ်တော်မူသည့်အခါ သံဃာပရိတ်သတ်အလယ်၌ သိခီဘုရားရှင်လက်ထက်ကဖြစ်ခဲ့သော မိမိ၏ရှေ့အတိတ်ဘဝဖြစ်စဉ်နှင့် ပြုခဲ့သော ကောင်းမှုကုသိုလ်တို့ကို နှစ်ဆယ့်လေးဂါထာတို့ဖြင့် ရွတ်ဆိုကာ ဝမ်းမြောက်သောပီတိဖြင့် ဥဒါန်းကျူးရင့်တော်မူလေသည်။

ထိုဂါထာတို့၏အဆုံး၌ 'ငါသည် သိခီမြတ်စွာဘုရားရှင် ကောင်းစွာဟောကြားအပ်သော တရာတော်ကို တမုဟုတ်မျှနာကြားခဲ့ရ၏။

ထိုခဏမျှနာကြားရသောကောင်းမှုကြောင့် အပါယ်လေးပါး၌ တစ်ရံတစ်ဆစ်မဖြစ်ခဲ့။

ထို့ပြင်လည်း ဖြစ်လေရာဘဝတို့တွင် ဘယ်နေရာကများ ဘေးဒုက္ခလာလေမလဲဟူသော တွေးတောပူပန် ကြောက်လန့်နေရခြင်းမျိုးလည်း မရှိခဲ့ပေ။

'ငါသည် လက်ရုံးကိုမြှောက်ချီဆန့်တန်း၍ ရဲရဲဝံ့ဝံ့ဆိုပါအ့ံ။
ငါပြောကြားသော ထိုစကားတို့ကို ယုံကြည်ပြီး လိုက်နာကြပါ။
ငါ့ကိုပမာထား၍ တရားတော်ကို ရိုသေစွာနာယူကြပါ'ဟု နှိုးဆော်တိုက်တွန်းတော်မူခဲ့၏။

ဤ တောလိုက်မုဆိုး၏ အဖြစ်အပျက်ကိုအကြောင်းပြု၍ ရှေးဆရာမြတ်တို့က 'အနည်းငယ်သော အချိန်အတွွင်းမှာ တရားတော်ကို နာကြားရုံမျှဖြင့် စည်းစိမ်ချမ်းသာရခဲ့သည်။ ထိုတောလိုက်မုဆိုး၏ ဝတ္ထုကို အတုယူ၍ သင် သူတော်ကောင်းတို့သည်လည်း ဘဝဝိဘဝသုခံဟု ဘဝ၌ဖြစ်သော လူနတ်ချမ်းသာ၊ ဘဝနှင့်ကင်းသော နိဗ္ဗာချမ်းသာတို့ကို တောင့်တ၍ ပျင်းရိခြင်းကိို စွန့်ပယ်ကာ နာရခဲလှစွာသော မြတ်စွာဘုရား၏ တရားတော်ကို ရိုသေစွာ နာယူကြပါကုန်'ဟု မိန့်ကြားခဲ့ကြ၏။
(မိဂလုဒ္ဒကဝတ္ထု)

[ဦးအောင်မွန်(မြတ်ဆုမွန်)၏
ဥပုသ်သည်တို့ ဖတ်ဖွယ်ပုံဝတ္ထုလေးဆယ် စာအုပ် စာ ၂၅၊ ၂၇ မှ]