( မေး ) ( ခန္တီ-သည်းခံခြင်း )
အရှင်ဘုရား၊ ခန္တီပါရမီ (သည်းခံခြင်း) ၏ ဆိုလိုရင်းတွင် သည်းခံခြင်းသည် မြတ်၏-ဟုဆိုရာ သည်းခံခြင်းဖြင့် မည်ကဲ့သို့ မြတ်သည်ကို ဖြေကြားတော်မူပါဘုရား။
( မောင်ကျော်ဆန်း-ထားဝယ် )

( ဖြေ )
ခန္တျာ ဘိယျော န ၀ိဇ္ဇတိ-ခန္တီပါရမီထက် လွန်ကဲသော ပါရမီ မရှိ။
ခန္တီ ပရမံ တပေါ တိတိက္ခာ-သည်းခံခြင်းသည် မြတ်သောအကျင့်တည်း-ဟူသော ဆိုရိုးစကားများ အရ ပါရမီဆယ်ပါးတွင် ခန္တီပါရမီမှာ အခက်ခဲဆုံးနှင့် အဖြစ်နိုင်ခဲဆုံးသော တရားဖြစ်သည်။

ဒါနစသော ပါရမီဆယ်ပါးလုံးတွင် ခန္တီပါရမီ ပါရသည်။ တနည်းaအားဖြင့် ခန္တီပါရမီ သည်းခံနိုင်မှ ကျန်ပါရမီအားလုံးကို ဖြည့်ကျင့်နိုင်သည်။ ဒါန သီလစသော ပါရမီတို့တွင် ပါရမီမြောက်အောင် စိတ်ကို နှိပ်ကွပ်၊ ထိန်းသိမ်းနိုင်မှုမှာ ခန္တီဖြစ်သည်။ ကုသိုလ်အားလုံး၏ အခြေခံတရားမှာလည်း သည်းခံနိုင်မှုသာ ဖြစ်သည်။ ခန္တီပါရမီရှင်သည် မေတ္တာတရား အားကြီးသူသာ ဖြစ်သဖြင့် မေတ္တာရှင်လည်း ဖြစ်ပေရာ အမျက်ဒေါသ၊ အပြစ်ဟူသမျှကို ချေဖျက်နိုင်၍ အလွန်တရာ မြင့်မြတ်လှပေသည်။ ထို့ကြောင့် အောင်နိုင်ခက်ခဲ၊ စစ်မြေထဲဝယ်၊ အောင်ပွဲရသည်၊ သူဟုမည်ရှင့်-စသည်ဖြင့် ခန္တီပါရမီရှင်သည် စစ်ပွဲတကာတွင် အောင်မြင်နေကျ စစ်သူကြီး သဖွယ်ဖြစ်ကြောင်း ဆိုပေသည်။