ဆရာတော်ဘုရား၊ နဝမခေတ်၊ နဝင်္ဂ၊ နဝင်း၊ နဝင်းကျေ ဆိုသောစကားများကို ကြားဖူးသော်လည်း အဓိပ္ပါယ် မသိပါ၍ ရှင်းပြတော်မူပါဘုရား။
( ထက်ထက်-ကမာရွတ် )

( ဖြေ )
နဝမခေတ်ဟူသည်မှာ ကိုးခုမြောက် အခါကာလဟု ဆိုလိုသည်။ ကိုးခုမြောက်ကို သိရန် ရှေးဦးစွာ အခါကာလရှစ်ခုကို သိဖို့ လိုပါသည်။ ယင်းမှာ ရပ်ပြစ်ရှစ်ပါးဟူသော ရှစ်မျိုးသော အပြစ်ရှိသည့် အရပ်များပင် ဖြစ်သည်။
၁-ငရဲ
၂-တိရစ္ဆာန်
၃-ပြိတ္တာ
၄-နာမ်မရှိ ရုပ်သာရှိသော အသညသတ်ဘုံ
၅-သာသနာတွင်းဖြစ်သော်လည်း မျက်စိမမြင်၊ နားမကြား စသော ဣန္ဒြေချို့သူ
၆-မိစ္ဆာဒိဋ္ဌိအယူရှိသူ
၇- ပစ္စန္တရစ်အရပ်၌ ဖြစ်ရသူ
၈-တရားရနိုင်သော တိဟိတ်ပုဂ္ဂိုလ်ဖြစ်သော်လည်း သာသနာပတွင် ဖြစ်ရသူတို့ ဖြစ်သည်။
ဤရှစ်ပါးပြီးသည့်နောက် ၉-ပါးမြောက်အခါကာလဟု ဆိုရမည့် ဘုရားပွင့်သည့် သို့မဟုတ် ဘုရားသာသနာတော် ထွန်းလင်းသည့် အချိန်၊ ဗုဒ္ဓုပ္ပါဒကာလ နဝမခေတ်အချိန်၊ ဗုဒ္ဓုပ္ပါဒနဝမခဏဟုလည်း ခေါ်သည်။

နဝင်္ဂ ဆိုသည်မ-အင်္ဂါကိုးပါးရှိသော-ဟု ဆိုလိုသဖြင့် ကိုးပါးသီလစသည်များကို ဆိုသည်။
နဝင်း-နဝင်းကျေ-ဆိုသည်တို့ကား ဗေဒင်သုံးစကားများ ဖြစ်သည်။
နဝင်းမှာ တရာ့ရှစ်ကွက်ရှိသော ၁၂-ရာသီစက်တွင် ၁၂-စိတ် တစိတ် ( ကိုးနဝင်း ) ဖြစ်လေသည်။