အရှင်ဘုရား၊ ရဟန်းတော်များနှင့် သီလရှင်များ ဘွဲ့အမည်၌ အချို့က သိရီ၊ အချို့က သီရိ-ဟု ရေးသားလျက် ရှိနေကြပါသည်။ ယင်း သိရီ နှင့် သီရိ မှာ မည်သည်က မှန်ကန်ကြောင်း ဖြေကြားပေးတော်မူပါဘုရား။
( မောင်မြင့်ကြည်-မိတ္ထီလာမြို့ )


( ဖြေ )
အဘိဓာနပဒီပိကာ ( အဘိဓာန်ပါဌ် ) တွင် လက္ခီ-သိရိဝတ္တိယံ-ဟု (ဂါထာ-၈၂)တွင် ဖော်ပြလျက် သိရိ-ဟူသောပုဒ်ကား ရတ္တိ-စသော သဒ္ဒါမျိုးကဲ့သို့ ဣကာရန္တ ဣတ္ထိလိင်သာတည်း။ မြန်မာဆရာတို့ မှတ်ထင် ဆုံးဖြတ်ကြသည့်အတိုင်း နဒီ-စသော သဒ္ဒါမျိုးကဲ့သို့ ဤကာရန္တ ဣတ္ထိလိင်မဟုတ်-ဟု နိဿယသစ်၌ တောင်ပေါက်ဆရာတော် မှာ၏။
သို့သော် ကတပုညေဟိ သေ၀ိယတေ ၀ါ သေ၀တီတိ သိရီ၊ သိ သေ၀ါယံ ရော၊ ဤစ။ သိ နိဿယေ ၀ါ-ဟု အဘိဓာန်ဋီကာ ဆိုသဖြင့် သိရီ-ဟုလည်း ရေးသားနိုင်ပါသည်။ သီရိ-သိရီ နှစ်ချက်သင့်ပင် ဆိုပါ၏။ သို့သော် မြန်မာဘာသာ အနေဖြင့်ကား သီရိ-ဟု ရေးထုံးပြုသဖြင့် သီရိမင်္ဂလာ၊ သီရိဂေဟာ စသည် ရေးသားနေကြပါသည်။