ကျမ်းဂန်များ၌ လူတို့ ခံယူဆောက်တည်အပ်သော သီလသည် ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလသာ ရှိသည်ဟု သိရပါသည် အရှင်ဘုရား၊ ယခု ကိုးပါးသီလဟု ထင်ရှားလျက် ရှိပါသည်၊ န၀င်္ဂုပေါသထသုတ်တော်၌ ကိုးခုမြောက် မေတ္တာသဟဂတေန စေတသာ-စသော အဆုံးအင်္ဂါကို ခံယူဆောက်တည်ရမည်မဟုတ်၊ ပွားများရမည်ဟုသာ ဆိုပါသည်၊ ထို့ကြောင့် တပည့်တော်တို့ မှတ်သားနိုင်အောင် ရှင်းလင်းဖြေကြားတော်မူပါ ဘုရား။
( ဖေမောင်တင်-အောင်သိဒ္ဓိ၊ သမိုင်း )


( ဖြေ )
ဤန၀င်္ဂ ဥပုသ်သည် ( ရဟန်းတို့ အင်္ဂါကိုးပါးနှင့် ပြည့်စုံသည်ဖြစ်၍ ကျင့်သုံးအပ်သော ဥပုသ်သည် ကြီးမြတ်သော အကျိုးရှိ၏) -စသည်ဖြင့် အင်္ဂုတ္တရနိကာယ န၀ကနိပါတ်၌ လာ၏၊ အဋ္ဌကထာ၌လည်း ဝေနေယျတို့ အလိုဆန္ဒ၏ အစွမ်းဖြင့် မေတ္တာဘာဝနာကိုထည့်၍ အင်္ဂါကိုးပါးနှင့် ပြည့်စုံသည်ဟူ၍ ဟောတော်မူ၏ ဟူ၍လာသည်။

ထိုမေတ္တာဘာဝနာကို အသီးအခြား ဆောက်တည်ရခြင်းမရှိ၊ ထိုမေတ္တာဘာဝနာကို တခုသော အစိတ်အင်္ဂါပြု၍ ဝေနေယျတို့ အလိုဆန္ဒ၏အစွမ်းဖြင့် န၀င်္ဂဥပုသ်ဟူ၍ ဟောတော်မူသကဲ့သို့ ဗုဒ္ဓါနုဿတိ စသည်တို့တွင်လည်း တပါးပါးကို အစိတ်အင်္ဂါပြု၍ ဗုဒ္ဓါနုဿတိဖြင့် မှတ်သားအပ်သော န၀င်္ဂဥပုသ် စသည်ကိုလည်း ဆိုသင့်၏။

ထိုကိုပင် ရည်ရွယ်၍ အဋ္ဌကထာ၌ ဝေနေယျတို့ အလိုဆန္ဒ၏ အစွမ်းဖြင့် မေတ္တာဘာဝနာကိုထည့်၍-ဟု မိန့်ဆို၏၊ မေတ္တာသည် အဗျာပါဒ မနောကံ ဖြစ်သည့် ၀ိရတီမဟုတ်သော (စေတသိက) သီလတည်း။ ထို့ကြောင့် ဆောက်တည်ခြင်းကို မပြုမူ၍လည်း မေတ္တာဘာဝနာဖြင့် တန်ဆာဆင်အပ်သော ဥပုသ်ကို န၀င်္ဂဥပုသ်ဟူ၍ ဆိုသင့်သည်သာဟု မှတ်အပ်၏။ အကယ်၍ ရိုသေလေးစားခြင်းငှါ အလေးအမြတ်ပြုအပ်သောသူ၏ အထံ၌ နှုတ်ဖြင့် ၀န်ခံလိုသည်ဖြစ်အံ့ (သဗ္ဗသတ္တေသု ယထာဗလံ မေတ္တာသဟဂတေန စေတသာ ဖရိတွာ ၀ိဟရာမိ) -အလုံးသောသတ္တ၀ါတို့၌ အစွမ်းသတ္တိအားလျော်စွာ မေတ္တာနှင့်တကွ ဖြစ်သောစိတ်ဖြင့် ဖြန့်၍နေပါအံ့-ဟုဆိုလျှင် အပြစ်တစုံတရာမရှိ၊ စင်စစ်သော်ကား ချီးမွမ်းသင့်သည်သာတည်း။
(အဘယာရာမ ဆရာတော်ဘုရားကြီး၏ အဆုံးအဖြတ်မှ လိုရင်းကောက်နုတ် ဖော်ပြချက်)