အရှင်ဘုရား၊ ငါးပါးသီလနှင့် အခြားသီလများ ဆောက်တည်ရာတွင် သီလတပါးပါး ပျက်ခဲ့သော် ယင်းသီလတပါးသာလျှင် ပျက်ပါသလား၊ သို့မဟုတ် အားလုံး ပျက်ပါသလား သိလိုပါသည်ဘုရား။
( ဦးစောထွန်း-ဇီဇ၀ါရပ်-ကျိုက္ခမီ )


( ဖြေ )
ငါးပါးသီလ၊ ရှစ်ပါးသီလ တို့ကို ခံယူရာ၌ တပါးစီမခံယူဘဲ ပေါင်း၍ ( ပဉ္စသီလံ သမာဒိယာမိ-
အဋ္ဌင်္ဂသီလံ သမာဒိယာမိ-) ဟူ၍ တပေါင်းတည်း ခံယူဆောက်တည်လျှင် သိက္ခာပုဒ်တပါး ပျက်ပြားခဲ့သည်ရှိသော် အားလုံးပင် ပျက်ကုန်တော့သည်။
အဘယ်ကြောင့်ဆိုသော် ဆောက်တည်ခြင်း မပြားသောကြောင့်ပင်။

သို့သော် ထိုသို့ တပါးကို လွန်ကျူး၍ အကုန်လုံးပင် ပျက်သော်လည်း လွန်ကျူးရာသိက္ခာပုဒ် တပါးသာလျှင် ကမ္မပထသို့ရောက်၍ ကံထိုက်၏။ တခြားသိက္ခာပုဒ်များ ကံမထိုက်ဟု မှတ်သင့်သည်၊

ဥပမာ-
ငါးပါးသီလကို တပေါင်းတည်း ဆောက်တည်ထားပြီး သူ့အသက်ကို သတ်မိရာ၌ ငါးပါးလုံးပျက်သော်လည်း ပါဏာတိပါတသာ ကမ္မပထ မြောက်၍ အသက်သတ်မှုအတွက်သာ ငရဲကြီးနိုင်၏။
ကျန်လေးပါး ကမ္မပထ မမြောက်။( ခုဒ္ဒကပါဌ ၁၊ ၁၉ ) ထို့ကြောင့် ငါးပါးသီလဖြစ်စေ၊ ရှစ်ပါးသီလဖြစ်စေ၊ ယခုခေတ် အသုံးအတိုင်း တပါးစီဆို၍ ခံယူဆောက်တည်ခြင်းသာ အကောင်းဆုံး ဖြစ်ပါသည်။