အရှင်ဘုရား၊ မိမိရင်၌ဖြစ်သော (သကပုတ္တ)ကို သာသနာတော်တွင်းသို့ ရှင်အဖြစ်၊ ရဟန်းအဖြစ် သွင်သွင်း ချီးမြှောက်လျှင် သာသနဒါယာဒ သာသနာ့အမွေခံ ဖြစ်နိုင်သည်ဟု ဆရာတော်များ ဟောကြားသည်ကို နာကြားရပါသည်။ မိမိမှာ သားမရှိ၍ သူတပါးသား (ပရပုတ္တ) ကိုယူ၍ သာမဏေရ ရဟန်းပြုပေးပြီး ချီးမြှောက်လျှင် သာသနဒါယာဒ သာသနာ့အမွေခံ ဖြစ်နိုင်-မဖြစ်နိုင် သိလိုပါသည်ဘုရား။
(မောင်ဘဖြူ-ပဲခူး)


(ဖြေ)
သကပုတ္တ မိမိသားကိုဖြစ်စေ၊ ပရပုတ္တ သူတပါးသားကိုဖြစ်စေ ပရိက္ခရာရှစ်ပါးဖြင့် သာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်၍ ရှင်ဒကာ၊ ရဟန်းဒကာပြုကာ ရဟန်းတရားကို အားထုတ်ကျင့်ဆောင်စေလျှင် သာသန ဒါယာဒ သာသနာ့အမွေခံဖြစ်၏။ ထိုသို့ဖြစ်လျက် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ ရဟန္တာအရှင်မြတ်ကြီးက အသောကမင်းကြီးအား အဒ္ဓေါ ၀ါ ဒလိဒ္ဒေါ ၀ါ အတ္တနော သြရသံ ပုတ္တံ ပဗ္ဗာဇေတိ အလံ ၀ုစ္စတိ ဒါယာဒေါ သာသနဿ-ဟု အဘယ်ကြောင့် မိမိသားကိုသာ အထူးဟောကြားပါသနည်းဟူမူ မဟိန္ဒမင်းသား ရဟန်းဖြစ်ရန် ရည်ရွယ်၍ ဟောတော်မူခြင်းဖြစ်သည်။

မဟိန္ဒမင်းသားသည် ရဟန်းဖြစ်၍ သီဟိုဠ် (သီရိလင်္ကာ)ကျွန်းသို့ သွားရောက်သာသနာပြုကာ သာသနာတော် လွန်စွာထွန်းလင်းမည်။ သာသနာတော်၌ လွန်စွာအကျိုးရှိမည်ကို ရည်ရွယ်၍ အတ္တနော သြရသံ ပုတ္တံ-ဟု မိမိသားရင်းကို သာသနာတွင်း သွတ်သွင်းချီးမြှောက်ရန် ဟောကြောင်း မှတ်သားရပါသည်။