ဥပါဒါန်တရားသည်ပင်လျှင် ဥပါဒါနက္ခန္ဓာ ဟုတ်ပါလား။ ဒါမှမဟုတ် တစ်ခြားစီလား။ ဘယ်လိုရှုမှတ်နားလည်သင့်သလဲ။ အဘိညာဉ်ရသူတွေ ရဟန္တာအရှင်မြတ်တွေမှာကော ဥပါဒါနက္ခန္ဓာဖြစ်ပါလား။ ကျွန်တော်မရှင်းလို့ နားလည်သူများ ရှင်းလင်းဖြေကြားစေလိုပါသည်။ ဥပါဒါနက္ခန္ဓာနဲ့ပတ်သက်တဲ့ အချက်တွေကော နားလည်သမျှ ဖြေကြားစေလိုပါသည်။
လေးစားစွာဖြင့်
အမောင်(ရနံ့သာ)
----------------------------------------------------------------------------------------------------------------------------------------------
မင်္ဂလာပါ ညီလေး မောင်ရနံ့သာ...
အကို တစ်ခါက မျှဝေထားတဲ့ပိုစ့်လေးကို သတိရလို့ အဲဒါကို ပြန်လည်ဖော်ပြ မျှဝေလိုပါသည်။
--
ဥပါဒါနက္ခခန္ဓာ ကို ရှင်းပြပါလို့ အမေးပြုခဲ့ရင် ရှင်းလင်းတဲ့ အဖြေလေးတစ်ခုနဲ့ ဖြေကြားဖို့ မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတဲ့ ဝိဿခ(အနာဂမ်) နှင့် ဓမ္မဒိန္နာ (ရဟန္တာမ)တို့ အမေအဖြေ တရားတော်မှ မှတ်သားမှုလေးကို အလွန်အားရကျေနပ် နှစ်သက်ခဲ့တဲ့အတွက် အဲဒီတရားတော်ကို မျှဝေလိုပါတယ် ခင်ဗျား။

မေး။ ။ ဥပါဒါန်ဆိုတဲ့တရား နဲ့ ခန္ဓာဆိုတဲ့တရားဟာ တစ်ခြားစီလား၊ သို့မဟုတ် အတူတူပဲလား ?
ဖြေ။ ။ ဥပါဒါန် ဆိုတာက ကာမုပါဒါန်၊ ဒိန်ဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် ဆိုတော့ ဥပါဒါန်က လေးမျိုးရှိတယ်။
ခန္ဓာက ခန္ဓာငါးပါး- လောကီ ခန္ဓာငါးပါး ရှိတယ်။ အဲဒီတော့ သူတို့ဟာ တစ်ခြား စီလို့လဲ ဖြေလို့ မရဘူး၊ အတူတူရယ်လို့လည်း မဟုတ်ဘူး။
ဒီခန္ဓာငါးပါးကို ဥပါဒါန်ဆိုတဲ့ တရားနဲ့ နှစ်သက်ပြီး သကာလ နေခဲ့လို့ရှိရင်ဖြင့် ဒါ ဥပါဒါနက္ခန္ဓာ ဖြစ်တာပဲ။
မနှစ်သက်ခဲ့လို့ ရှိရင်ဖြင့် ဥပါဒါနက္ခန္ဓာ မဖြစ်ဘူး။ ဒီလို ဖြေလိုက်ပါတယ်။
မိုးကုတ်ဆရာတော်ဘုရားကြီးက တယ်ထူးခြားပါလား တဲ့။ တယ်ထူးခြားပါလား ဆိုတာ ဒကာ ဒကာမတွေကို ဘုန်းကြီး ရှင်းပြမယ် ဆိုပြီး ဆရာတော်ဘုရားကြီးက ရှင်းပြတော်မူပါတယ်။
ကိုယ့်ခန္ဓာ မိမိခန္ဓာကြီးကို နဂိုက ခြင်ကိုက်လဲ မခံနိုင်၊ အညောင်းအညာလဲမခံနိုင်၊ ဝေဒနာတွေပေါ်လာလဲ သည်းမခံနိုင်၊ ကိုယ့်ခန္ဓာဖြင့် ခလုတ်မထိ ဆူးမငြိပါစေနဲ့ဆိုတာ ပရိတ်တွေ မတ္တောတွေနဲ့တောင် တားပြီးသကာလ သူ့ကိုဒီလောက်ခင်ပါတယ်၊ သူ့အပေါ်မှာ ဒီလောက်ပဲ ခင်ပါတယ်။
ခန္ဓာငါးပါး အပေါ်မှာ ခင်တာတော့ဖြင့် ပြောစရာမရှိလောက်ပါဘူး။ ဟုတ်ဖူးလားဗျား…(မှန်ပါ့ဘုရား)။
အမွှေးတစ်ပင်အကျွတ်တောင်မခံနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးတောင်မှ တစ်ခါတစ်ခါ သုံးလိုက်သေးတယ်။
ကိုယ့်ခန္ဓာငါးပါးကို ကိုယ်မခင်ဘူးလားဗျား … (ခင်ပါတယ် ဘုရား)။
အဲဒီ ခန္ဓာငါးပါးကို ခင်တဲ့ ဥစ္စာကတော့ တဏှာ၊ အဲဒီတဏှာကြီးရင့်လာတဲ့အခါကျတော့ ဥပါဒါန်ဖြစ်တယ်။
အဲတော့ ခန္ဓာငါးပါး ဝိပဿနာရှုပြီးသကာလ နေတဲ့ပုဂ္ဂိုလ်ကျတော့ ဒီခန္ဓာကြီးဟာ အနိစ္စခန္ဓာကြီး၊ ငြီးငွေ့စရာခန္ဓာကြီး၊ ဒုက္ခသစ္စာခန္ဓာကြီး ။
သူသည်ကားလို့ဆိုရှိရင်ဖြင့် ဒုက္ခကိုသာ ပေးပြီးနေတဲ့ ခန္ဓာကြီး ဖြစ်နေသောကြောင့် သူ့အပေါ်မှာ ခင်စရာ မင်စရာ တစ်ကွက်တစ်စက်မှ မရှိဘူးဆိုတဲ့ ဉာဏ်ပေါ်လာတဲ့ အခါကျလို့ ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ ဥပါဒါနက္ခန္ဓာ မဟုတ်တော့ဘူး။
ဒီခန္ဓာကြီး ဘယ်တော့ချရပါမတုံး ဘယ်တော့စွန့်ရပါမတုံးဆိုပြီးသကာ သူ့စိတ်ထဲမှာ ခန္ဓာစွန့်ချင်တဲ့ သဘောပါတယ်ဗျ။ ခန္ဓာခင်တဲ့ သဘောနည်းနည်းမှ ပါသေးရဲ့လား… (မပါပါဘူး ဘုရား)။
အဲဒီကဲ့သို့ ခန္ဓာပေါ်မှာခင်တဲ့ ဆန္ဒမရှိလို့ ရှိရင်ဖြင့် ဥပါဒါနက္ခန္ဓာ မဟုတ်တော့ဘူး …(မှန်ပါဘုရား)။
ခင်တဲ့ ဥပါဒါန် ရှိနေသေးလို့ စွဲလမ်းတဲ့ ဥပါဒါန် ရှိနေသေးရင်ဖြင့် ဒါ ဥပါဒါနက္ခန္ဓာလို့ ဆိုရမှာပဲ ..(မှန်ပါ့ဘုရား) သဘောကျပြီလား …(ကျပါပြီဘုရား)။
ဒါဖြင့် ဒကာ၊ ဒကာမတို့ အလုပ်လုပ်နေတဲ့အခါကျတော့ ပထမရှေးဦးစွာ၊ ဖြစ်ပျက်မြင်အောင်၊ ကြိုးစားပါလို့ ဆရာဘုန်းကြီးက ဝေဒနာတွေတွေ့၊ ဝေဒနာတွေ့ပြီး ဖြစ်ပျက်မြင်အောင် ကြိုးစားပါဆိုပြီး သကာလ ခိုင်းတာသည် တခြားကြောင့် ခိုင်းတာမဟုတ်ဘူး၊ ကိုယ့်ခန္ဓာမဟုတ်ကြောင်း ကောင်းကောင်း သိအောင်လို့ ခိုင်ထားတာ…(မှန်ပါ့ဘုရား)။
ခင်တဲ့စိတ်သည် စွဲလမ်းတဲ့စိတ်သည် ပျက်ပြယ်သွားအောင်လို့ ဟောလိုက်ခြင်းဖြစ်တယ်…(မှန်ပါ့ဘုရား)၊ သဘောကျပြီးလား …(ကျပါပြီဘုရား)။
အဲဒါကြောင့် နိဗ္ဗာန်ရောက်ကြောင်း တရားကောင်း အစစ်ကို ရှာချင်ကြလို့ ရှိရင်ဖြင့် ဒီခန္ဓာပေါ်မှာ ခင်မှု စွဲလမ်းမှု သေရင် ရောက်တော့တာပဲလို့သာ ဆုံးဖြတ်ချက်ချ…(မှန်ပါ့ဘုရား)။
ဒီ ခန္ဓာပေါ်၌ ခင်မှု စွဲလမ်းမှု ချုပ်ငြိမ်းသွားလို့ ရှိရင် ဘာတုံး …(နိဗ္ဗာန်ရောက်တာပါ ဘုရား)။
နိဗ္ဗာန်ရောက်တာပဲ၊ ခန္ဓာရှိနေလဲ ရောက်တာပဲ၊ ခန္ဓာမရှိလဲ ရောက်တာပဲ၊ သဘောကျပြီလား…(သဘောကျပါပြီဘုရား)။
ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်၊ တစ်ထောင့်ငါးရာ ကိလေသာတို့၏ ချုပ်ရာငြိမ်းရာ သိမ်းရာဖြစ်တဲ့ နိဗ္ဗာန်။
အဲဒါသည်ကားဆိုရင် ဒကာ၊ ဒကာမတို့ ဒီခန္ဓာခင်တဲ့ ပုဂ္ဂိုလ် စွဲလမ်းနေတဲ့ ပုဂ္ဂိုလ် မရောက်ဘူး။
ခန္ဓာ မခင်တော့ပါဘူး၊ မစွဲလမ်းတော့ပါဘူး ဆိုတာဖြင့် ဒကာသိုက် ဧကန်ရောက်၊ တကယ်ရောက်…(မှန်ပါ့ဘုရား)။
စွဲလမ်းတဲ့ ခန္ဓာမဖြစ်အောင်လို့ ဘုန်းကြီးက မဂ္ဂင်နဲ့ ပွားများပါလို့ ခိုင်းနေတာကိုး ဆိုတာကိုလဲ ရှင်းရှင်းလင်းလင်းမှတ်ပါ…(မှန်ပါ့ဘုရား)။
ပွားများပါ ပွားများပါ ဆိုတာသည် ဒကာ ဒကာမတွေ ရိပ်မိပြီလား ….(ရိပ်မိပါတယ်ဘုရား)။
ဘယ်အကျိုးငှာပါလိမ့်ဗျာ …( ခန္ဓာကို မစွဲလမ်းအောင်လို့ ပါဘုရား)။ ခန္ဓာကိုယ်စွဲလမ်းတာက ဥပါဒါနက္ခန္ဓာ။
အဲဒီမယ် စွဲလမ်းမှုကြီး အကုန်ချုပ်ငြိမ်း ရုပ်သိမ်းအောင်လို့ စွဲလမ်းစရာမရှိတဲ့ ဥစ္စာကို စွဲလမ်းပြီးသကာလ နေသောကြောင့် မစွဲလမ်းရအောင်လို့ ဉာဏ်သွင်း ပေးလိုက်တာ …(မှန်ပါ့ဘုရား)။
ဉာဏ်သွင်း ပေးလိုက်တဲ့ အခါကျတော့ စွဲလမ်းတဲ့ တဏှာ ဥပါဒါန်ကချုပ်တယ်…
ချုပ်တဲ့ အခါကျတော့ကိုတဲ့ ခန္ဓာကြီး ရှိပြီးသကာလ နေငြားသောလည်း ကျုပ်တို့ ခန္ဓာကို စွဲလမ်းတဲ့ တဏှာ ဥပါဒါန်ချုပ်တဲ့အတွက် သဥပါဒိသေသ နိဗ္ဗာန်ဆိုတာ ရောက်ပါတယ်။
ဘုရားဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်မှာ ငါနိဗ္ဗာန်ရောက်တယ် နိဗ္ဗာန်ရတယ်ပြောတာ ခန္ဓာရှိသားပဲ…(မှန်ပါ့ဘုရား)။
သို့သော် ဒီခန္ဓာ သူမစွဲလမ်းဘူး… စွဲလမ်းသေးရဲ့လား…(မစွဲလမ်းပါဘူးဘုရား)။
မစွဲလမ်းတဲ့အတွက် နိဗ္ဗာန်ရောက်နေတာပဲ၊ အာရုံဟူသော အားဖြင့် မြင်နေတာပဲဆိုတာ အားလုံး ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချလိုက် (မှန်ပါ့ဘုရား) ရှင်းပြီလား…(ရှင်းပါပြီဘုရား)။
ကိုင်း ဒါဖြင့် ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ စွဲလမ်းရင်ဖြင့် ဥပါဒါနက္ခန္ဓာဖြစ်မှာပဲ။ မစွဲလမ်းရင် …(ဥပါဒါနက္ခန္ဓာ မဖြစ်ပါဘူး ဘုရား)။
အေး ဒါကြောင့် ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ တခြားစီလား၊ အတူတူပဲလားဆိုတော့ တခြားစီလဲ မဟုတ်ဘူး၊ အတူတူလဲ မဟုတ်ဘူး။
စွဲလမ်းလို့ ရှိရင်ဖြင့် ခန္ဓာနဲ့ ဥပါဒါန်နဲ့သည်ကားလို့ ဆိုရင် ခန္ဓာက အာရုံ၊ စွဲလမ်းတဲ့ ဥပါဒါန်က အာရမ္မဏိက ဖြစ်နေတာပဲတဲ့ … (မှန်လှပါဘုရား)။
(အာရမ္မဏိကသည် အာရမဏပစ္စယောသဘောကို ပြောခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် ပြောရလျင် - မသန်းမစွမ်းသူ ရောဂါစွဲကပ်နေသောသူဟာ တောင်ဝှေး(သို့မဟုတ်) ကြိုးတန်းကို အမှီပြုပြီးမှ ဟိုနား ဒီနားသွားလို့ ရတယ်၊ အထိုင်အထလုပ်လို့ ရပါတယ်၊ တောင်ဝှေး ကြိုးတန်းနဲ့ ကင်းပြီး ရပ်တည်လို့ မရပါ။ ကြိုးတန်းကိုင်ပြီး လမ်းလျှောက်၊ တောင်ဝှေးထောက်ပြီး အထိုင်အထပြုရပါတယ်၊ ထို့အတူ စွဲလမ်းတဲ့ ဥပါဒါန်သည် ခန္ဓာဆိုတဲ့ အာရုံကို မှီပြီးသာ ဖြစ်ရပါတယ်)။
နောက် ဝိပဿနာဉာဏ်တွေ မဂ်ဉာဏ်တွေနဲ့ ဖြတ်တောက်ချလိုက်တဲ့အခါကျတော့ စွဲလမ်းတဲ့ တဏှာသေတဲ့အခါကျတော့ ဥပါဒါနက္ခန္ဓာ မဖြစ်တော့ဘူး…(မှန်ပါ့ဘုရား)၊ အနုပါဒါနက္ခန္ဓာ ဖြစ်တော့တယ်။ သဘောကျပြီလား …(ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ အားထုတ်တဲ့ အခါကျတော့တို့ ဘယ်အခြေအနေရောက်မှ ကိစ္စပြီးမှာ ဘာလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ အားထုတ်စဉ်အတိုင်း အားထုတ်လို့ ခန္ဓာအပေါ်မှာ ဘာမှ မငဲ့မတွယ်ဘဲနဲ့ အင်း…သက်သက် ဒုက္ခသစ္စာနှိပ်စက်တဲ့ ခန္ဓာကြီးပဲ၊ မင်းဖြင့် ခင်တွယ်နေလို့ အပိုပဲဆိုတဲ့ မဂ်ဉာဏ်တွေဝင်လာလို့ ရှိရင် ဒါ ခန္ဓာပင်ရှိသော်လဲ၊ ဥပါဒါနက္ခန္ဓာမဟုတ်တော့ဘူး …(မဟုတ်တော့ပါဘူး ဘုရား)။
စွဲလမ်းတဲ့ ခန္ဓာမဟုတ်ဘူး၊ မစွဲလမ်းတဲ့ခန္ဓာ …(မှန်ပါ့ဘုရား)။
ထုံးစံရထားတဲ့ ခန္ဓာသာဖြစ်တော့တယ် ..သူ့အတွက် ကြောင့်ကြစိုက်ဖို့ ခန္ဓာမဟုတ်တော့ဘူး …(မဟုတ်ပါဘူး ဘုရား)။
သူ့အတွက် စိုးရိမ်ဗျာပါဒ ကပ်တဲ့ခန္ဓာရော… (မဟုတ်တော့ပါဘူးဘုရား)။
အဲဒီလို ဖြစ်အောင်လို့ ဒကာသိုက်တို့နဲ့တကွ ကိုထွန်းအောင်တို့က ဒီခန္ဓာ ရှိပင်ရှိငြားသော်လည်း မစွဲလမ်းဘဲ တဏှာ ဥပါဒါန် ချုပ်သွားမယ်ဆိုရင် ဒါခန္ဓာ ရှိငြားသော်လည်း ဒီပုဂ္ဂိုလ် နိဗ္ဗာန်မျက်မှောက်ပြုနေတာ …(မှန်ပါ့ဘုရား)။
နိဗ္ဗာန်ရတာပဲ။ ခန္ဓာရှိရက်နဲ့ ရနေတဲ့ နိဗ္ဗာန် ..အဲဒီလို ဆုံးဖြတ်ချက်ချလိုက်စမ်းပါ….(မှန်ပါ့ဘုရား)။
ကောင်းပြီ…ဒါဖြင့် ဥပါဒါနက္ခန္ဓာ ရှင်းပြီးနော်…(ရှင်းပါပြီဘုရား)။
ဒီတော့ ဥပါဒါနက္ခန္ဓာကို စာသဘောနဲ့ မဟုတ်ဘဲ အလုပ်သဘောအားဖြင့် မိုးကုတ်ဆရာတော်ဘုရားကြီး ရှင်းလင်းဟောပြချက်ကို ဓမ္မမိတ်ဆွေများ သဘောကျ အားရလိမ့်မည်ဟု ယုံကြည်ပါတယ်၊ မျှဝေရတာကိုပင် အားရကျေနပ်မှုဖြစ်ပါတယ်ခင်ဗျား။
လေးစားစွာဖြင့်
ဝင်းမြင့်
---
ဤသို့ ဖော်ပြပြီးနောက်မှာ -
ဥပါဒါန်တရားသည်ပင်လျှင် ဥပါဒါနက္ခန္ဓာ ဟုတ်ပါလား။ ဒါမှမဟုတ် တစ်ခြားစီလား။
ဆိုတဲ့မေးခွန်းမှာ - အပေါ်က မေးခွန်း(ဥပါဒါန်ဆိုတဲ့တရား နဲ့ ခန္ဓာဆိုတဲ့တရားဟာ တစ်ခြားစီလား၊ သို့မဟုတ် အတူတူပဲလား ? ) နဲ့ ယူရင်ရပါတယ်။
--
ဒီခန္ဓာငါးပါးကို ဥပါဒါန်ဆိုတဲ့ တရားနဲ့ နှစ်သက်ပြီး သကာလ နေခဲ့လို့ရှိရင်ဖြင့် ဒါ ဥပါဒါနက္ခန္ဓာ ဖြစ်တာပဲ။
မနှစ်သက်ခဲ့လို့ ရှိရင်ဖြင့် ဥပါဒါနက္ခန္ဓာ မဖြစ်ဘူး။
ဆိုတဲ့အဖြေနဲ့ အပေါ်က မေးခွန်းအတွက် ပြည့်စုံလုံလောက်ပါတယ်။
===========
** ဘယ်လိုရှုမှတ်နားလည်သင့်သလဲ။ **
ဆိုတဲ့မေးခွန်းအရ ရှုမှတ် နှင့် နားလည်ဆိုပြီး နှစ်ခုခွဲလိုက်ပါမယ်။
ပြီးတော့ နားလည်ကို ရှေ့မှာတင်ပြီး ရှုမှတ်ကို နောက်သို့ ပို့ခြင်းအားဖြင့် မေးခွန်းကို ဘယ်လိုနားလည်ရှုမှတ်သင်သလဲ လို့ ပြင်ဆင်ပေးစေလိုပါတယ်။
ဒီတော့ -
ဘယ်လို နားလည်ရမလဲဆိုရင် အပေါ်က အမေးပေါ် ရှင်းပြသည့် အဖြေအတိုင်း နားလည်ရပါမယ်။
ဘယ်လို ရှုမှတ်ရမလဲဆိုရင် ခန္ဓာကို သတိနဲ့ဉာဏ်ကို တွဲလွှတ်ပြီးတော့ စောင့်ကြည့်သုံးသပ်အကဲခတ်ပါ။
ဖြစ်ပျက်သင်္ခါရ လှိုင်းတွေ တရွရွ တလှုပ်လှုပ် ထနေနေတဲ့ ခန္ဓာ့မြစ်ရေပြင်ကို သတိထားပြီးတော့ ကြည့်နေတဲ့အခါမှာ ဖြစ်ပျက်သင်္ခါရ လှိုင်းတွေ က ဟိုနား ဒီနား စသည်ဖြင့် တရွရွ တလှုပ်လှုပ် ပေါ်လာ ထလာတာတဲ့ဆီသို့ အကြည့်ရောက်တတ်ပါတယ်။ ဤနေရာမှာ အကြည့်ရောက်အောင် သတိက ကျေးဇူးပြုပါတယ်။
ပြီးတော့ အကြည့်ရောက်ရုံနှင့်မျှ မဟုတ်ဘဲ - ဖြစ်ပျက်သင်္ခါရ လှိုင်းတွေ  ပေါ်လာပြီးတော့ ရပ်နေသလား( သို့မဟုတ်)  တရွရွ တလှုပ်လှုပ်နဲ့ ပေါ်ချီပျောက်ချီ နဲ့လား ဆိုတဲ့ အကဲခတ်သုံးသပ်မှုအပိုင်းကို ပညာက ကျေးဇူးပြုလုပ်ဆောင်ပါတယ်။ ဒါကြောင့် သတိနဲ့ ပညာကို (တွဲ၍လွှတ်)ရသည်လို့ မှတ်သားရပါမယ်။ ဤသို့ တွဲလွှတ်ပါမှ ပြည့်စုံလုံလောက်တဲ့ (အကြည့် >) ဖြစ်ပြီးတော့ ပြည့်စုံလုံလောက်တဲ့ သဘောသဘာဝ( အမြင်) ကို ရပါလိမ့်မည်။ မဟုတ်ရင် ခွေးမွေးလို့ သွားကြည့်ခိုင်းတာ အကောင်အားဖြင့် ဘယ်နှစ်ကောင်၊ အထီးအမ အားဖြင့် ဘယ်နှစ်ကောင်ဆိုတာကို ခွဲခြမ်းစိတ်ဖြာ ပြည့်စုံစွာမကြည့်ဘဲ ဘယ်နှစ်ကောင်မွေးတယ်ဆိုရုံလောက်သာ ကြည့်လာတဲ့ အကြည့်နဲ့ တူပါလိမ့်မယ်။
ဟုတ်ပြီ..ဒီလို သတိနဲ့ပညာဆိုတဲ့နှစ်ကောင်းက ကြည့်ရင်း ကြည့်ရင်းနဲ့  ဖြစ်ပျက်သင်္ခါရ လှိုင်းတွေ တရွရွ တလှုပ်လှုပ် ထနေ ထန်နေတာကို တွေ့လာတဲ့အခါ ”ခန္ဓာ့မြစ်ရေပြင်” ဟူသည်ကား စက်ဆုပ်ရွံရှာ အစိုးမရသည်မှာအမှန် ဒုက္ခသစ္စာဧကန် အစစ်ပါလားလို့ ထို ကြည့်ဖို့ လွှတ်ထားတဲ့ သတိနဲ့ပညာက ဆုံးဖြတ်ချ ချပေရော။ ထိုသို့ ဆုံးဖြတ်ချက် ချခိုက်ကို အနည်းငယ်မျှ ဖော်ဆောင်ပြလိုပါသည် ။ ထိုသို့ ဆုံးဖြတ်ချက် ချခိုက်မှာ ခန္ဓာမြစ်ရေပြင်အပေါ် တက်မက်ကာတွယ်တာတဲ့ တဏှာစပ်ကို ထိုဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ကပဲ ဖြတ်တောက်ပေးပါတယ်။ ထို ဆုံးဖြတ်ချက်ကို မဂ်လို့ ခေါ်ပါတယ်တဲ့ဗျ။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတစ်ပုဒ်မှာ ” ပညာရဲ့အလုပ်က ဆင်ခြင်သုံးသပ်ဖို့” ၊ ” မဂ်ရဲ့အလုပ်နဲ့ ဆုံးဖြတ်ချက်ချဖို့ ” ဆိုပြီးတော့ ပညာ နဲ့ မဂ်ကို ဆရာတော်ဘုရားကြီးက ခွဲခြားပြသွားသည်မှာ စကားအားဖြင့် ကျွန်တော်တို့အဖို့ ဆန်းနေပါတယ်။ သဘောအားဖြင့် မှန်နေပါသည်ဆိုတာကို အလုပ်လုပ်ခါ သိလာပါသည် ဆိုသည်မှာ အလုပ်သမား၏ အပြောကို အလုပ်သဘောဖြင့် ကြည့်ရသည့် နိယာမသဘောပင်ဖြစ်သည်။
ထို့ကြောင့် နဂိုက အကြည့်မှားကြောင့် အမြင်မှားဖြင့် ခင်မင်တွယ်ဖက် စုံမက်နေခဲ့တာ၊ အခုအခါမှာ သတိပညာ အကူရှာပြီး အကြည့်လွှတ်မှ အကြည့်က မှန်ကန် ၊ ဤအကြည့်မှန်က အမြင်မှန်ကို အတူတကွသဘော သဟဇာတဖြင့် ကျေးဇူးပြုသွား၍ အမြင်မှန် ဖြစ်လေရော ….ထိုအခါ ထိုအခိုက်မှာတင် အမြင်မှားကြောင့် ခင်မင်တွယ်မက် စုံမက်စခန်း ပျက်လေရောတဲ့။ ထိုအခါမှာ ဥပါဒါနက္ခန္ဓာအသွားချုပ်၍ မရှိမှ ကျေးဇူးပြုတဲ့ နတ္ထိသဘောဖြင့် အနုပါဒါနက္ခန္ဓာ ဖြစ်ကာ ထိုသူ့သန္တာန်မှာ ချမ်းသာအစစ်ကို ရရှာတယ်တဲ့။
ဒါကြောင့် ** ဘယ်လိုရှုမှတ်နားလည်သင့်သလဲ။ ** ကို ဘယ်လို နားလည် ရှုမှတ်သင့်သလဲ အဖြစ် မေးခွန်းကို ပြောင်းလဲပြင်ဆင်ပြီးတော့ ဖြေဆိုမှု အပိုင်းကို အတော်သင့် ပြည့်စုံလုံလောက်သွားပါပြီ။
-------------
အဘိညာဉ်ရသူတွေ ရဟန္တာအရှင်မြတ်တွေမှာကော ဥပါဒါနက္ခန္ဓာဖြစ်ပါလား?
ဆိုတဲ့ မေးခွန်းကို ဖြေရလျင် -
အဘိညာဉ်ရသူတွေ က တစ်တွေ၊
ရဟန္တာအရှင်မြတ်တွေက တစ်တွေ အားဖြင့် နှစ်မျိုးခွဲ၍မြင်ရလျင် -

အဘိညာဉ်ရပြီး လေးမဂ်လေးဖိုလ်ကိစ္စအားဖြင့် မပြီးမြောက်သေလျင် ဥပါဒါနက္ခန္ဓာနဲ့ပါပဲ။
--
လေးမဂ်လေးဖိုလ်ကိစ္စအားဖြင့် ပြီးမြောက်ပြီး အဘိညာဉ်(မရ)တဲ့ ရဟန္တာအရှင်မြတ်မှာတော့ ဥပါဒါနက္ခန္ဓာနဲ့ မဟုတ်တော့ပါဘူး၊ အနုပါဒါနက္ခန္ဓာနဲ့ ဖြစ်သွားပါပြီ။ ကိလေသာနူနာရောဂါပျောက်ကင်းပြီးပေါ့။
*********
အဘိညာဉ်ရသူတွေ က တစ်တွေ၊
ရဟန္တာအရှင်မြတ်တွေက တစ်တွေ အားဖြင့် နှစ်မျိုး(မ)ခွဲ၍မြင်ရလျင် -
အဘိညာဉ်ရပြီး ရဟန္တာအရှင်မြတ်တွေမှာပဲ ဖြစ်ဖြစ်၊ ရဟန္တာဖြစ်ပြီး အဘိညာဉ်ရပြီးသော အရှင်မြတ်များမှာတော့ ဥပါဒါနက္ခန္ဓာနဲ့ မဟုတ်တော့ပါဘူး၊ အနုပါဒါနက္ခန္ဓာနဲ့ ဖြစ်သွားပါပြီ။ ကိလေသာနူနာရောဂါပျောက်ကင်းပြီးပေါ့။

အကို့ရဲ့ အဖြေအားဖြင့် မလုံလောက် ထောက်စရာရှိလျင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

လေးစားစွာဖြင့်
ဝင်းမြင့်