အရှင်ဘုရား၊ အလှူဒါန ပေးကမ်းစွန့်ကြဲရာတွင် တိရစ္ဆာန်များအား ကျွေးမွေးပေးကမ်းခြင်း၊ လူသတ္တ၀ါတို့အား ကျွေးမွေးပေးကမ်းခြင်းနှင့် ရဟန်းသံဃာအား လှူဒါန်းခြင်းတို့သည် အကျိုးပေးရာ၌ မည်သို့ကွာခြားပါမည်နည်း။

(ဖြေ)
တိရစ္ဆာန်တို့အား ကျွေးမွေးခြင်းကြောင့် ဘ၀ပေါင်းတရာ၌ အာယု၊ ၀ဏ္ဏ၊ သုခ၊ ဗလ၊ ပဋိဘာန (သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊ ဉာဏ်ပညာ) ဟူသော အကျိုးကို ရ၏။
(တိရစ္ဆာန်ဟူရာ၌ အိမ်၌မွေးထားသော တိရစ္ဆာန်မဟုတ်။ အကြောင်းအားလျော်စွာ တွေ့ရသော ကြက်၊ ငှက်၊ ခွေး၊ ၀က်၊ စသော တိရစ္ဆာန်တည်း။ ကျွေးမွေးရာ၌ တကြိမ်အတွက် အ၀ကျွေးခြင်းတည်း။)

လူသတ္တ၀ါတို့တွင် မကောင်းသဖြင့် အသက်မွေးနေသော ဒုဿီလလူကို ကျွေးမွေးရာ၌ ဘ၀ပေါင်းတထောင်ဝယ် အာယု ၀ဏ္ဏ စသော အကျိုးကိုရ၏။
တရားသဖြင့် အသက်မွေးသော သာမန်သီလရှိသူတို့ကို ကျွေးမွေးရာ၌ ဘ၀တသိန်းဝယ် အာယု ၀ဏ္ဏစသော အကျိုးကိုရ၏။
သာသနာပ၀ယ် ဈာန်အဘိညာဉ်ရသော ရသေ့တို့ကို ကျွေးမွေးရာ၌ ကုဋေတသိန်းသော ဘ၀တို့ဝယ် အာယု ၀ဏ္ဏစသော အကျိုးကိုရ၏။
သာသနာတွင်းဝယ် သရဏဂုံတည်သော ဥပါသကာမှစ၍ သောတာပန်ဖြစ်ဖို့ရန် ရည်ရွယ်ချက်ရှိသော ဥပါသကာ၊ ဥပါသိကာမတို့ကို ကျွေးမွေးရာ၌ ဘ၀အသင်္ချေ (မရေမတွက်နိုင်သောဘ၀) တို့၌ အာယု ၀ဏ္ဏ စသော အကျိုးကို ရ၏။

သံဃာကို မရည်မှန်းနိုင်ဘဲ ရဟန်းပုဂ္ဂိုလ်ကို လှူဒါန်းရာ၌ ထိုရဟန်းက ပုထုဇဉ်သာ ဖြစ်နေသေးလျှင် ဘ၀အသင်္ချေတို့၌ အကျိုးပေးနိုင်၏။
သို့သော် လူဝတ်ကြောင်တို့အား ပေးသော ဘ၀အသင်္ချေနှင့်ကား မတူတတ်ချေ။ ထိုဘ၀အသင်္ချေတို့၌ အာယု၊ ၀ဏ္ဏ၊ သုခ၊ ဗလ၊ ပဋိဘာန-ချင်း အဆင့်ဆင့် သာလွန်နိုင်ပေသည်။
လူဥပါသကာတွင် ၅-ပါးသီလရှိသူနှင့် ၁၀-ပါးသီလ ထိန်းသူ ကွာသကဲ့သို့
လူဝတ်ကြောင်ထက် ရှင်သာမဏေအား လှူခြင်းသည် သာ၏။
ရှင်သာမဏေထက် ရဟန်းအား လှူခြင်းသည် သာ၏။
ရဟန်းတွင်လည်း သီလမစင်ကြယ်သောရဟန်းထက် သီလစင်ကြယ်သော ရဟန်းအား လှူခြင်းသည် သာ၏။
ဤသို့စသည်ဖြင့် ဘ၀အသင်္ချေချင်းတူသော်လည်း အဆင့်ဆင့်သာနေပုံကို သိပါ။ ဤအားလုံးသည် ဥပရိပဏ္ဏာသ၊ ဒက္ခိဏ၀ိဘင်္ဂသုတ် ပါဠိတော်နှင့် အဋ္ဌကထာစကားများ ဖြစ်သည်။

မှတ်ချက်။
သံဃာ့ဂုဏ်တော်ကို ပြရာ၌ အနုတ္တရံ ပုညခေတ္တံ လောကဿ-အရိယာသံဃာတော်သည် ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးဖို့ရာ အတူမရှိ။ ကောင်းမြတ်သော လယ်ယာ ဖြစ်ပါပေသည်-ဟု ဘုရားရှင်မိန့်တော်မူ၏။ ထို့ကြောင့် လယ်ယာမြေ၏ ကောင်းမကောင်းအလိုက် စိုက်ပျိုးကြသူတို့မှာ အပင်အသီး ရကြသကဲ့သို့ ထို့အတူ ကောင်းမှုမျိုးစေ့ စိုက်ပျိုးကြသော ဒါယကာ ဒါယိကာမတို့မှာလည်း အလှူခံပုဂ္ဂိုလ်၏ သီလစသော အကျင့်ကောင်း ရှိမရှိလိုက်၍ အကျိုးရကြပေသည်။ သို့ဖြစ်၍ ပင်ကိုက အကုသိုလ်ကံကြောင့် တိရစ္ဆာန်အမျိုး၌ အကုသိုလ်အကျိုးဖြစ်သော ကိုယ်ခန္ဓာကို ရကြသော တိရစ္ဆာန်တို့သည် သီလ၊ သမာဓိ၊ ပညာဉာဏ်လည်း မရှိရကား အညံ့ဆုံးလယ်ယာနှင့် တူကြပေသည်။
ကုသိုလ်ကံကြောင့် လူ့ဘ၀၌ ကုသိုလ်အကျိုးဖြစ်သော ကိုယ်ခန္ဓာကိုရ၍ သီလမရှိသူ။ အသင့်အတင့်သီလရှိသူ၊ အတော်ကောင်းသော သီလရှိသူတို့ကား အဆင့်ဆင့် အတန်းကွာသော လယ်ယာမြေကောင်းများနှင့် တူကြ၏။ ထို့ကြောင့် လယ်ယာအမျိုးမျိုး၌ အလှူဒါနမျိုးစေ့ကို စိုက်ပျိုးသူတို့မှာ အဆင့်ဆင့်ကွဲပြားသောအကျိုးကို ရကြသည်ဟု မှတ်ပါ။

မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဧပြီလ)