(မေး) အရှင်ဘုရား၊ ရုပ်ပွားတော်များ၊ စေတီများကို ပူဇော်ကန်တော့ရာ၌ မည်ကဲ့သို့ အာရုံပြုရပါမည်နည်း။ တန်ခိုးကြီးသောဘုရားကို တကူးတက သွားရောက်ဖူးမြော်ခြင်းနှင့် အိမ်တွင် ကိုးကွယ်ထားသော ရုပ်ပွားတော်ကို ဖူးမြော်ခြင်းတွင် မည်သည်က ပို၍ အကျိုးရှိပါသနည်း။

(ဖြေ)
ရုပ်ပွားတော်သည် သက်တော်ထင်ရှားရှိစဉ်က ဘုရားရှင်ကို အတုပွား၍ ထားသော (အဆင်းသဏ္ဍာန်တော်ကို အတုပြုလုပ်ထားသော) ဆင်းတုတော်ဖြစ်၏။ ထို့ကြောင့် ထိုရုပ်ပွားတော်ဆင်းတုတော်လောက်တွင် စိတ်အာရုံမပြီးစေဘဲ သက်တော်ထင်ရှား မြတ်စွာဘုရားကို ထင်မြင်လာအောင် ပူဇော်ကန်တော့နိုင်မှ သာ၍ အကျိုးရပါသည်။

စေတီတော်ဟူသည် ဘုရားရှင်၏ အရိုးတော်ဓာတ်များကို သွင်းနှံဌာပနာထားသောကြောင့် ပူဇော်ကန်တော့ ထိုက်သော ဌာနတမျိုးတည်း။ ထို့ကြောင့် စေတီတော်ကို ပူဇော်ရာ၌လည်း သက်တော်ထင်ရှား မြတ်ဘုရားကို ထင်မြင်လာအောင် ပူဇော်မှ သာ၍ အကျိုးရပါသည်။ သို့သော် ရုပ်ပွားတော်၊ စေတီတော်လောက်တွင် စိတ်အာရုံယူနိုင်သော ပုဂ္ဂိုလ်များအတွက် လုံးလုံး အကျိုးမရဟုကား မဆိုလိုပါ။

ဘုန်းကြီးအလိုအားဖြင့် သက်တော်ထင်ရှား မြတ်ဘုရား၏ ကိုယ်တော်စားချည်းဖြစ်ကြသော ရုပ်ပွားတော်၊ စေတီတော်များကို တန်ခိုးကြီး၊ တန်ခိုးငယ်ဟု မခွဲခြားလိုပါ။ လူအသွားအလာများသည်ကို တန်ခိုးကြီးသည်၊ လူအရောက်အပေါက်နည်းသည်ကို တန်ခိုးငယ်ဟုဆိုလိုလျှင် တောကြီးတောင်ကြီး၌ လူတယောက်မျှ အရောက်အပေါက်မရှိသော ရုပ်ပွားတော်၊ စေတီတော်များကို တန်ခိုးမရှိသောဘုရား-ဟု ခေါ်ရမလို ဖြစ်နေပါသည်။ ထို့ကြောင့် ဤပြဿနာအတွက် အထူးဖြေဖွယ် မလိုပါ။ မိမိစိတ်က ဂုဏ်တော်ကို အာရုံပြုရာ၌ သဒ္ဓါ၊ ပညာ အတိမ်အနက်လိုက်၍သာ အကျိုးရ ကွဲပြားဖွယ် ရှိပါသည်။ အကယ်၍ အလွန်ကြည်ညိုစွာ အာရုံပြုနိုင်ပါမူ သက်တော်ထင်ရှား မြတ်ဘုရားကို ဖူးမြင်ရသောအကျိုးနှင့် ရုပ်ပွားတော် စေတီတော်များကို ဖူးမြင်ရသော အကျိုးသည် တန်းတူပင်ဖြစ်နိုင်ပါသည်။

ဥပမာ-အသက်ရှိသော မိဘကို တွေ့မြင်ရခြင်းနှင့် မိဘမရှိ၍ ဓာတ်ပုံကိုသာ ကြည့်ရခြင်း၌ ရိုသေလေးစားမှု မကွာလျှင် အကျိုးပေး မကွာနိုင်သကဲ့သို့တည်း။
တိဋ္ဌန္တေ နိဗ္ဗုတေစာပိ၊
သမေ စိတ္တေ သမံ ဖလံ။
စေတောပဏိဓိ ဟေတုံ ဟိ၊
သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။

တိဋ္ဌန္တေစာပိ-သက်တော်ထင်ထင်၊ တည်ရှိစဉ်ဝယ်၊ ဖူးမြင်ရငြား၊ မြတ်ဘုရား၌လည်းကောင်း။
နိဗ္ဗုတေစာပိ-ရွှေပြည်နိဗ္ဗူ၊ စံတော်မူသည့်၊ သုံးလူ့ထွဋ်ထား၊ မြတ်ဘုရား၌လည်းကောင်း။
စိတ္တေ-ဂုဏ်တော်အာရုံ၊ ကောင်းစွာထုံ၍၊ တလုံလဲလဲ၊ မှီဝဲစွဲသုံး၊ စိတ်နှလုံးသည်။
သမေ-သဒ္ဓါပညာ၊ အရာရာဝယ်၊ မကွာတန်းတူ၊ ညီမျှပါမူကား။
သမံဖလံ-အကျိုးပေးဟန်၊ အတန်တန်လည်း၊ ဧကန်ညီမျှ၊ တန်းတူရလေတော့၏။
ဟိ ယုတ္တံ-မမှားဧကန်၊ ယုတ္တိတန်လှပါပေ၏။
သတ္တာ-ယုတ်မြတ်မဟူ၊ သူငါကစ၊ သတ္တ၀ါဟူသမျှတို့သည်။
စေတောပဏိဓိဟေတုံ-စိတ်နေစိတ်ထား၊ ကြီးမားဖြူစင်၊ ကြည်လင်သန့်ရှင်း၊ အကြောင်းရင်းကြောင့်။
သုဂ္ဂတိံ-လူ့ရွာနတ်ထံ၊ ချမ်းသာစံလျက်၊ နိဗ္ဗာန်အထိ၊ အကောင်းဆုံးဂတိသို့။
ဂစ္ဆန္တိ-ပါရမီစွမ်းသလောက်၊ စခန်းထောက်၍၊ လှမ်းရောက်နိုင်ကြပေသတည်း။
(မဉ္ဇိဋ္ဌက၀ဂ်၊ ပီတ၀ိမာန၀တ္ထု ပါဠိတော်)