အရှင်ဘုရား သင်္ကန်းပရိက္ခရာဖိုးမျှ မရှိ၊ ရှင်ပြုအခမ်းအနားလည်း မလုပ်နိုင်သော မိဘသည် သားကို မည်ကဲ့သို့ ရှင်ပြုနိုင်ပါသနည်း။

(ဖြေ)
သနားတတ်သော (သပိတ်သင်္ကန်းလည်း ပေးနိုင်လောက်သော ) ဆရာသမားထံ အပ်နှံ၍ ရှင်ပြုနိုင်ပါသည်။ အမှန်အားဖြင့် ရှေးခေတ်က ရှင်ပြုရာ၌ သပိတ်၊ သင်္ကန်းကို ဆရာရဟန်းကိုယ်တိုင်က မိမိမှာရှိလျှင် ပေးရပါသည်။ မရှိလျှင်လည်း ရဖို့ရန် အားထုတ်ရပါသည်။
(ဘုရားရှင်သည် ရဟန္တာဖြစ်လောက်သော အရည်အချင်းရှိပါလျက် ကြွေးတင်နေသော ပုဏ္ဏားကို ရဟန်းပြုတော်မူပြီးလျှင် ကောသလမင်းအထံ ခေါ်သွား၍ အကျိုးအကြောင်း ပြောပြတော်မူ၏။ ကောသလမင်းက ကြွေးတာဝန်ကို ယူပါသည်။ ထိုရဟန်းလည်း တရားအားထုတ်၍ ရဟန္တာဖြစ်လေသည်။ သဂါထာဝဂ္ဂ၊ ဗြဟ္မဏသံယုတ်။)