အရှင်ဘုရား၊ သိမ်အတွင်း၌ ဒါယိကာမများ ၀င်နိုင်ပါသလား။ မ၀င်ရဟု တားမြစ်ထားပါလျက် ၀င်လာပါက မည်သို့ အပြစ်ရှိပါသနည်း။

(ဖြေ)
သိမ်အတွင်း၌ ဒါယိကာမတို့ ၀င်နိုင်ပါ၏။ မည်သူကမျှ မတားမြစ်ထိုက်ပါ။ တားမြစ်စေကာမူ တရားတော်နှင့် မညီသောကြောင့် ၀င်သူမှာ အပြစ်မရှိပါ။ သိမ်-ဟူသော ပါဠိပျက်စကားသည် အပိုင်းအခြား-ဟူသော အဓိပ္ပါယ်ကိုပြ၏။ ထိုသိမ်သည် အငယ်ဆုံးအားဖြင့် ၂-ကျိပ် ၁-ယောက် ထိုင်လောက်သောနေရာ ဖြစ်၏။
အကြီးအားဖြင့် ၃-ယူဇနာတိုင်အောင် ကြီးကျယ်နိုင်၏။
ဘုရားလက်ထက်တော်၌ ရာဇဂြိုဟ်မြို့ကို ပတ်ဝိုက်၍ ကျောင်းတိုက်ပေါင်း တဆယ့်ရှစ်တိုက် ရှိ၏။ ထိုကျောင်းတိုက်အားလုံးကို ခြုံမိအောင် အရှင်သာရိပုတ္တရာသည် သိမ်သမုတ်တော်မူ၏။
(၀ိနည်းမဟာဝါ၊ ဥပေါသထက္ခန္ဓက အဋ္ဌကထာ)။
ထိုသို့ သိမ်သမုတ်လိုက်သောအခါ ရာဇဂြိုဟ်မြို့ကြီးသည် သိမ်အတွင်း၌ ပါဝင်နေ၏။ ထိုသိမ်အတွင်းမှာပင် အိမ်ထောင်ပြုကျ၊ မွေးဖွားကြရလေသည်။