အရှင်ဘုရား၊ ၀ိနည်းထုံးစံအရ သိမ်တွင် ရဟန်းခံသူမဟုတ်သော အယောင်ဆောင်ရဟန်းမှာ မည်သို့အပြစ်ရှိပါသနည်း။

(ဖြေ)
ဘေးရန် တစုံတရာမရှိဘဲ မိမိဘာသာ သင်္ကန်းဝတ်သူကို လိင်္ဂထေနက-(ရဟန်းအသွင်ခိုးသူ) ဟုခေါ်၏။ ရဟန်းအစစ်လုပ်၍ အခြားရဟန်းတို့နှင့် အတူပေါင်းနေလျှင် (ရဟန်းဝါ မည်မျှရပြီ-ဟု လိမ်၍ပြောလျှင်) သံဝါသထေနက (အပေါင်းအသင်းခိုးသူ) ဟုခေါ်၏။
ထိုသူသည် ဤဘ၀၌ မည်သည့်နည်းနှင့်မျှ (နောက်ထပ်အစစ်ဖြစ်လိုသော်လည်း) ရဟန်းအစစ် မဆိုထားဘိ၊ သာမဏေအစစ်မျှ ဖြစ်ခွင့်မရှိတော့။ ၀ိနည်းအလိုအားဖြင့် ဤမျှတိုင်အောင်အပြစ်ကြီး၏။ အယောင်ဆောင် အရေခြုံရဟန်းသည် ဆွမ်း သင်္ကန်း စသော ပစ္စည်းများကို သုံးစွဲရာ၌ အားလုံး ခိုးရာရောက်၏။ ထို့ကြောင့် ထိုသူသည် လူဝတ်ကြောင် ခိုးသူထက် အပြစ်ကြီး၍ သေသည့်အခြားမဲ့၌ ငရဲသို့ရောက်ဖို့သာ ရှိတော့သည်။
(အဂ္ဂိက္ခန္ဓောပမသုတ်)