တပည့်တော် စိတ်ထဲ မရှင်းတာ တစ်ခု မေးခွင့်ပြုပါ ဘုရား။ (ဗုဒ္ဓဘာသာတိုင်းက သရဏဂုံတည်ရမယ်။ အဲ့ သရဏဂုံတည်တာ မပျက်မှလည်း ဗုဒ္ဓဘာသာစစ်စစ် ဖြစ်မယ် လို့ ဖတ်ဖူးတယ်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။ ဒီသရဏံဂုဏ်တရားကိုလည်း ရရင် ရသလို ပွားနေသင့်တယ်လို့ ဖတ်ဖူးတယ်။  အဲ့တော့ တပည့်တော် အလုပ်တွေ လုပ်ရင်း စိတ်ထဲ "ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ တရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ။ သံဃာကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏" လို့ ရရင် ရသလို အာရုံပြုတယ်။ ဒါပေမယ့် စိတ်ထဲ မရှင်း မရှင်းကြီး ဖြစ်နေတာက ဘုရားဟောလို့ ပြောပြောနေတဲ့ " အတ္တာဟိ အတ္တနော နာထော" ဆိုတာက မိမိကိုယ်သာ မိမိ ကိုးကွယ်အားထားရာ ဆိုတာချည်း ဖြစ်နေပြန်ကော။  သရဏဂုံ ပွားတိုင်း အဲ့ " အတ္တာဟိ အတ္တနော နာထော" ဆိုတာ ခေါင်းထဲ ၀င်ဝင်လာပြီး ရှုပ်နေတယ် ဘုရား။ ကျေးဇူးပြုပြီး တပည့်တော်ကို ဖြစ်နိုင်ရင် ရှင်းပြပေးပါ ဘုရား။)

ကောင်းတာပဲ ဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ကိုယ်လိုချင်တာ ကိုယ်ရချင်တာအတွက် ကိုယ်ကိုတိုင်ပဲ ကြိုးစားအားထုတ်ပြီးတော့ လုပ်ယူရမယ်။ လူဟာ ကိုယ့်ရဲ့အသိဥာဏ် ကိုယ့်ရဲ့ကိုယ်ကျင့်တရား ကိုယ့်ရဲ့လုံ့လ၀ီရိယစွမ်းအားကို အားကိုးအားထားပြုပြီးတော့ ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာကို ရအောင်ဖြစ်အောင် ကိုယ့်ကို အားကိုးပြီးတော့ လုပ်ယူရမယ်။

သောတာပန်ဖြစ်ချင်ရင် သောတာပန်ဖြစ်အောင် သောတာပန်ဖြစ်ကြောင်းတရားတွေကို ကိုယ်တိုင်လုပ်ယူရမယ်။ သောတာပန်ဖြစ်ဖို့အတွက် ကိုယ့်ကိုအားကိုးရမယ်။ ကိုယ့်ကို သောတာပန်ဖြစ်အောင် ဘုရားအပါအ၀င် ဘယ်သူကမှ လုပ်မပေးနိုင်ဘူး။ လုပ်ပေးလို့ မရဘူး။ ကိုယ်တိုင်ပဲ လုပ်လို့ရတယ်။ ဘုရားက သောတာပန်ဖြစ်အောင် ဘယ်လိုလုပ် ဘယ်လိုကိုင်ရတယ်ဆိုတာလောက်ပဲ ပြောပြပေးနိုင်တယ်။ သင် သောတာပန်ဖြစ်သွားအောင် သင့်ကိုယ်စား ဘုရားက ၀င်ပြီးတော့ လုပ်ကိုင်ပေးလို့ မရဘူး။

လူဆိုတာ တစ်ခါမှ မသွားဘူးတဲ့ လမ်းကို သွားတတ်မှာ မဟုတ်ဘူး။ ဒီတော့ တစ်ခါမှ မသွားဘူးတဲ့ လမ်းကို သွားမယ်ဆိုရင် ဘယ်လိုမျိုး သွားရမယ်ဆိုတာ ဒီလမ်းကို သွားဘူးတဲ့သူ တစ်ယောက်ကို သေချာမေးမြန်းပြီးမှ သွားရမယ်။ ပြီးတော့ ကိုယ်လမ်းအကြောင်း မေးတဲ့သူက ကိုယ်ယုံကြည်စိတ်ချတဲ့သူ ဖြစ်ဖို့ လိုသေးတယ်။ မဟုတ်ရင် သူက လမ်းအမှန်ကို ညွှန်ပြပေးပေမယ့် ကိုယ်က သူ့ကိုမယုံတာနဲ့ သူပြောတာ မဟုတ်လောက်ပါဘူးဆိုပြီး သူပြောအတဲ့အတိုင်း မသွားပဲ ကိုယ်ထင်ရာကို သွားမိတတ်တယ်။

လမ်းတော့မေးပါရဲ့ ကိုယ်တိုင်က မသွားဘူးဆိုရင် ရောက်လိုရာ အရပ်ကို ရောက်ရှိမှာ မဟုတ်ဘူး။    ဦးဇင်းတို့တစ်တွေ ဘုရားရှင်ကို ကိုးကွယ်တယ်ဆိုတာ ကိုယ်ယုံကြည်စိတ်ချရတဲ့ လမ်းညွှန်တစ်ယောက်လို့ သတ်မှတ်လိုက်တဲ့ သဘောပဲ။ ဒါကို ကိုးကွယ်တာလို့ သုံးနှုန်းလိုက်တာဖြစ်တယ်။ ဘုရားရှင်က ဘယ်လိုပဲ လမ်းမှန်ညွှန်ပေးပေမယ့် ကိုယ်တိုင် ကိုယ့်ကိုယ်ကို အားကိုးပြီးတော့ မသွားဘူးဆိုရင်တော့ ရောက်မှာ မဟုတ်ဘူး။ ဒါကြောင့် ရောက်ချင်တယ်ဆိုရင်တော့ ကိုယ်တိုင်သွားဖို့လိုတယ်။  “ဗုဒ္ဓဘာသာဝင်များအနေနဲ့ ဘာကိုနေနေ ငါကိုယ်တိုင်လုပ်မှ ငါရမယ်”ဆိုတဲ့ စိတ်ကို ကိန်းထားရမယ်။ မွေးထားရမယ်။  ကိုးကွယ်တယ်ဆိုတဲ့ စကားနဲ့ အားကိုးယုံကြည်တယ်ဆိုတဲ့ စကားက အတူတူပါပဲ။

လမ်းညွှန်သူကိုလဲ အားကိုးယုံကြည်ရမယ်။ ပြီးတော့ လိုရာရောက်ဖို့ ကိုယ့်ကိုလဲ အားကိုးယုံကြည်ပြီးတော့ သွားရမယ်။ လမ်းညွှန်းသူက ပြောတဲ့စကားကို သူပြောတာဟာ အမှန်ပဲလို့ ယုံကြည်လိုက်တာဟာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိဖြစ်တယ်။ လမ်းညွှန်သူ ညွှန်ပြလိုက်တဲ့အတိုင်း ကိုယ်တိုင်ထသွားလိုက်တာဟာ အတ္တာဟိ အတ္တနော နာထောဖြစ်တယ်။

နားမလည်သေးရင် မရှင်းသေးရင် ထပ်မေးပါနော်။

.မိုးသု(မန္တလေး)