ကျန်ခဲ့သည့်တစ်လကျော်ခန့်ကကျွန်ုပ်ထံသို့မိတ်ဆွေတစ်ဦးရောက်လာပါသည်။သူက
"ဓမ္မကထိကဆရာတော်တစ်ပါးကသူတရားဟောတဲ့အခါပါဠိမပါလို့အချို့ကပြောကြတယ်။ပါဠိကိုရွတ်ပြတော့လဲလူတွေကနားလည်မှာလား၊လူတွေမှ နားမလည်ဘဲနဲ့ ပါဠိ ကိုရွတ်ပြ အလကားပေါ့ " ဟောခဲ့ပါကြောင်း ကျွန်ုပ်ကိုပြောပါသည်။

အန ဂ္ဃရတနာ

ပါဠိတော်ရွတ်ပြသည်မှာအလကားမဟုတ်ပါ။တချို့ဓမ္မကထိကများဆိုလျှင် တရားဟောသည့်အခါ အင်္ဂလိပ်စကားများကိုပင်ရွတ်ပြပါ
သည်။တရားနာပရိတ်သတ်ထဲ အင်္ဂလိပ်စာနားမလည်သောလူများစွာ ပါဝင်နေသည်သာဖြစ်ပါသည်။

ပါဠိကိုလူအများနားမလည်သည်မှာမှန်ပါသည်။သို့သော်လည်း ရှေးရှေးပညာရှိဆရာတော်များ၊ပညာရှင်
သူတော်ကောင်းများက"အဟံ ဘန္တေ တိသရဏေ န သဟ ပဉ္စသီလံ" စသည်ဖြင့် ငါးပါးသီလ အစရှီသော သီလတောင်းပုံကိုပါဠိဘာသာဖြင့်စီစဉ်ထားတော်မူကြပါသည်။လူအများစုအနေဖြင့်လိုက်ဆိုနေရပါသော်လည်း
မြန်မာလို တိတိကျကျနားမလည်ပါ။ပါဠိ သင်ဖူးသူတစ်ချို့သာ နားလည်ပါသည်။

မြန်မာနိုင်ငံမှဗုဒ္ဓဘာသာဝင်များသည် ထေရ၀ါဒဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ထေရ၀ါဒသည်ဗုဒ္ဓမြတ်စွာဘုရားရှင်ဟောတော်မူထားသောတရားတော်များကိုမပျောက်ပျက်အောင်ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ကြ
သည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်ဟောသောတရားတော်များကို ဟောနေခြင်း ဖြစ်သည့်အတွက်ကြောင့်ပါဠိကို
မြတ်မြတ်နိုးနိုးတန်ဖိုးထားပါသည်။
"အပညတ္တံ န ပညပေယျ၊ပညတ္တံ န သမုစ္ဆိန္ဒေယျ= တစ်လုံးမစွက်နဲ့၊တစ်လုံး မဖျက်နဲ့" မူ ကိုအတိအကျ လိုက်နာကြပါသည်။

ဗုဒ္ဓဘုရားရှင်ဟောတော်မူထားသောတရားတော်များမှာစွက်စရာလည်းမလိုပါ။ထည့်စရာလည်းမလိုပါ။ဖြည့်စရာလည်းမလိုပါ။ထို့အတူနှုတ်စရာလည်းမလို၊ထုတ်စရာလည်းမလို၊ပယ်စရာလည်းမလို၊ဖျက်စရာလည်းမလိုပါ။

မန္တလေးမြို့၊မဟာမုနိဂေါပကအဖွဲ့နှင့်ဓမ္မဝေယျာဝစ္စတို့၏တရားပွဲဖိတ်ကြားစာတွင်
"မဟာမုနိဂေါပကအဖွဲ့နှင့်ဓမ္မဝေယျဝစ္စအဖွဲ့တို့က ၃၄ကြိမ်မြောက် ၀ါတွင်းသီတင်းစဉ် နေ့ဓမ္မသဘင် ကို မဟာမုနိရင်ပြင်တော် ဓမ္မာရုံ ၌ နေ့၂း၀၀နာရီ မှ ညနေ ၄း၀၀ အထိ ပါဠိတော်ဟောစဉ်များ
ဟောကြားပါမည်" ဟုဖော်ပြလေ့ရှိပါသည်။

ဤနေရာ၌အဓိကတင်ပြလိုရင်းမှာမန္တလေးမြို့၊မဟာမုနိဂေါပကအဖွဲ့နှင့်ဓမ္မဝေယျာဝစ္စတို့ကပါဠိတော်ဟောစဉ်များကိုဦးစားပေးကာ ဟောတော်မူစေချင်ကြသည်။ဗုဒ္ဓ၀စန ဖြစ်သောပါဠိ၊အဋ္ဌကထာ၊ဋီကာ၊တို့ကို မြတ်မြတ်နိုးနိုး တန်ဖိုးထားကြပါသည်။အထူးလေးစားကြပါသည်။

ပါဠိတော်ဟောစဉ်များကိုဟောကြားတော်မူစေရန်၊နာယူကြစေရန်ပါဠိတော်ဟောစဉ်တရားပွဲများကိုကျင်းပလာသည်မှာ ၃၄-နှစ်ရှိခဲ့ပါပြီ။နောင်တွင်လည်းဆက်ကာဆက်ကာ ကျင်းပပြုလုပ်မည်သာဖြစ်ပါသည်။

ပဋိသမ္ဘိဒါဉာဏ် ရစေရန်

ပဋိသမ္ဘိဒါ (၄)ပါး ရှိပါသည်။ယင်းတို့မှာ-

၁။ အတ္တ ပဋိသမ္ဘိဒါ= အနက်အကျိုးအမျိုးမျိုး ကို ခွဲခြား၍ သိသောဉာဏ်
၂။ ဓမ္မ ပဋိသမ္ဘိဒါ= ပါဠိအကြောင်း အမျိုးမျိုး ကို ခွဲခြား၍ သိသောဉာဏ်
၃။ နိရုတ္တိ ပဋိသမ္ဘိဒါ= သဒ္ဒါ ကို ခွဲခြား၍ သိသောဉာဏ်
၎။ ပဋိဘာန ပဋိသမ္ဘိဒါ= ပဋိဘာန် ကို ခွဲခြား၍ သိသောဉာဏ် တို့ဖြစ်ပါသည်။

ပါဠိတော် ဖြင့်ဟောလျှင် ပါဠိမတတ်သူများ နားမလည်ကြသည်မှာ မှန်ပါသည်။သို့သော် ပါဠိတော်ဖြင့်ဟောသံကိုနာရလျှင်၊ပါဠိတော်ရွတ်သံကိုကြားရဖန်များလျှင်

ပဋိသမ္ဘိဒါ ဉာဏ် လေးပါးတို့ကို ရရှိရန်အားကြီးသော အကြောင်းအထောက်အပံ့ဖြစ်နိုင်ပါသည်။ယင်းအချက်ကို သမ္မာဒိဋ္ဌိ-အမြင်မှန်ရှိသူ မည်သူမဆို လက်ခံကြမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် အချို့သော ဗုဒ္ဓဘာသာဝင်များ ဘုရားဝတ်တက်၊ ပရိတ်ရွတ် ကြရာ ၌ (ရှင်သာမဏေငယ်များ အပါအ၀င်) ပရိတ်ရွတ်နေသော်လည်း ပရိတ်၏ဆိုလိုရင်း အဓိပ္ပါယ်ကို နားမလည်နိုင်သေးပါ။

ဤသို့နားမလည်ဘဲပရိတ်ရွတ်နေကြသော်လည်းပရိတ်ရွတ်ကြသူများအတွက်အကျိုးမမဲ့ပါ။အကျိုးများပါ၏။
များပြားလှစွာသောအကျိုးထူးများကို ရရှိစေပါသည်။

ဗုဒ္ဓဂယာသို့ဘုရားဖူးသွားခဲ့သူများကိုယ်တွေ့သိမြင်နိုင်ကြပါလိမ့်မည်။သီရိလင်္ကာဘုရားဖူးများ၊ထိုင်းဘုရားဖူးများ၊ထိုင်ဝမ်ဘုရားဖူးများ ပါဠိလို ရွတ်ဖတ်နေသောအသံကိုကြားကြရပါသည်။

 

ဓမ္မစကြာရွတ်ဖတ်သံ၊အနတ္တလက္ခဏ သုတ်ရွတ်ဖတ်သံ၊ဘုရားဂုဏ်တော်များကိုရွတ်ဖတ်သံ၊"ဗုဒ္ဓံသရဏံဂစ္ဆာမိ " စသော သရဏဂုံသုံးပါးကို ရွတ်ဆိုသံများကို ကြားရသည်။

၎င်းတို့ရွတ်ဖတ်နေသောတရားတော်များ၏ပါဠိအသံကိုပီပီသသနားမလည်သော်လည်းရွတ်ဆိုသံကိုသဘောကျနှစ်သက်ကြပါသည်။
ပါဠိကျွမ်းကျင်သောပညာရှင်ဆရာတော်များကမျိုးဆက်သစ်တပည့်ရဟန်းများကိုယခုကဲ့သို့မိန့်ကြားတော်မူဖူးပါသည်။

"ဦးပဉ္စင်း တို့ စာကိုကြည့်ပေးရတယ်။ပါဠိတော်နဲ့အဋ္ဌကထာ၊ဋီကာတွေကို ကြည့်ပေးရတယ်။တချို့နေရာတွေမှာ နားမလည်တာတွေပါတတ်ပါတယ်။နားမလည်ပေးမယ့်ထပ်ထပ်ကြည့်ပါ။ထပ်ထပ်ကြည့်တော့ခြုံငုံသုံးသပ်မိသွားပါတယ်။ဆက်စပ်ကြည့်လိုက်တော့ တစ်လုံးချင်းနားမလည်ပေမယ့် မြန်မာလိုသဘောအဓိပ္ပါယ်ကို နားလည်သွားပါတယ်။သဘောပေါက်သွားပါတယ်"ဟု မိန့်တော်မူပါသည်။

ပါဠိ၊အဋ္ဌကထာ၊ဋီကာများကိုအထပ်ထပ်ကြည့်ရသောအခါ၊အမြဲမပြတ်ကြည့်ရသောအခါ မြန်မာလိုသဘောအဓိပ္ပါယ်ကိုနားလည်သွားသကဲ့သို့ ပါဠိလို ဟောသံ၊ပါဠိလို ရွတ်သံ၊ပါဠိလိုဖတ်သံများကို ကြားရဖန်များသောအခါ ပါဠိတွေနှင့်ရင်းနှီးသွားပါမည်။အကျွမ်းဝင်သွားပါမည်။တစ်စတစ်စဖြင့်သဘောအဓိပ္ပါယ်ကိုနားလည်သွားပါမည်။ထို့ကြောင့် တရားဟောသောအခါ ပါဠိတော်ထည့်၍ဟောကြပါသည်။ပါဠိတော်ကိုရွတ်ကြပါသည်။

ရှေးကစစ်ကိုင်းတောင်ရိုးဝိဇ္ဇောဒယဆရာတော်၊အနီးစခန်းဆရာတော်၊မင်းကွန်းဆရာတော်၊သီတဂူ
ဆရာတော်နှင့်ယခုဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသတို့သည်တရားဟောသောအခါပါဠိတော်ကိုရွတ်ဆိုကာ ဟောတော်မူပါသည်။

ထိုအခါတရားနာပရိတ်သတ်တို့မှာဓမ္မရသ ဖြစ်ကြပါသည်။နာယူ၍မ၀ ဖြစ်ကြရပါသည်။နှစ်သက်ရွှင်လန်း
ဝမ်းမြောက်ဝမ်းသာ နာယူကြပါသည်။

ဖားနတ်သားအကြောင်း

တစ်နေ့သောအခါဗုဒ္ဓမြတ်စွာဘုရားသည်ဂဂ္ဂရာရေကန်၏အနီးမှာစမ္ပာမြို့သူမြို့သားတို့အားတရားဟောတော်မူနေပါသည်။ရေကန်၏ကမ်းနားမှာရှိသောဖားကလေးတစ်ကောင်သည်ဗုဒ္ဓမြတ်စွာဘုရားဟောတော်မူသော
တရားတော်၏အသံ၌အာရုံပြုနေသည်။အမှတ်နိမိတ်ကို ယူနေသည်။

ရေကန်နားမှာနွားကျောင်းသားတစ်ယောက်ကနွားကျောင်းနေသည်။နွားကျောင်းသားကတုတ်ကို(နှင်တံတံဖျာကို)မြေပေါ်မှာထောက်ကာရပ်နေသည်။တုတ် က ဖား၏ခေါင်းပေါ်ထောက်မိနေပါသည်။

ဖားကလေးသည်ဗုဒ္ဓ မြတ်စွာဘုရား၏တရားသံကို အာရုံပြုနေသည်။
"ဤတရားကား ကုသိုလ်တရား၊ဤတရားကား အကုသိုလ်တရား"ဟုမသိ
ပါ။"ဤတရားကား ခန္ဓာငါးပါးတရား၊ဤတရားကား သစ္စာလေးပါးတရား"ဟု မသိပါ။နားမလည်ပါ။

ဖားကလေးသည်တရားသံကိုအာရုံပြုနေစဉ်မှာပင် နွားကျောင်းသား၏တံဖျာလက်ချက်ကြောင့်သေသွားပါတော့သည်။ထို့နောက်တာဝတိံသာနတ်ပြည်ရှိတစ်ဆယ့်နှစ်ယူဇနာရှိသော ရွှေဗိမာန်မှာ ဖြစ်ရသည်။ဖားနတ်သား
သည် နတ်ပြည်တွင် နတ်သမီးအပေါင်းအလည်၌ကိုယ့်ကိုယ်ကိုတွေ့ရသောအခါ အံ့သြသွားသည်။

"အချင်းတို့၊ငါလိုသတ္တ၀ါသော်မှပင်ဤနတ်ပြည်မှာဖြစ်ရသေး၏။အဘယ်သို့သောကောင်းမှုကုသိုလ်ပြုခဲ့ပါသလဲ"ဟုပြောဆိုကာ သူပြုခဲ့သော ကောင်းမှုကုသိုလ်ကို စူးစမ်းဆင်ခြင်မိသည်။

အခြားအခြားသော ကုသိုလ်ကောင်းမှုများကိုမမြင်မိပါ။ဗုဒ္ဓမြတ်စွာဘုရားရှင်၏တရားသံ ၌အာရုံနိမိတ်ယူခဲ့သော ကုသိုလ်ကိုစိတ်ဝယ်ထင်ထင်မြင်မိပါတော့သည်။

ထိုခဏမှာပင်ဖားနတ်သားသည်ဗုဒ္ဓမြတ်စွာဘုရား၏ခြေတော်အစုံဆီသို့လာရောက်ကာဦးခေါင်းဖြင့်တိုက်ကာတိုက်ကာရှိခိုးဦးချသည်။ဗုဒ္ဓမြတ်စွာဘုရားရှင် က မေးတော်မူသောအခါ ဖြစ်ခဲ့ပုံအကြောင်းစုံကိုလျှောက်ထားသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်က ဖားနတ်သားအား တရားဟောတော်မူသည်။တရားဒေသနာတော်၏အဆုံးမှာ ဖားနတ်သားသည် သောတပန်ဖြစ်သွားပါသည်။

လင်းနို့သား ငါးရာ

အရှင်သာရိပုတ္တရာသည် ဗုဒ္ဓမြတ်စွာဘုရားအကျဉ်းအားဖြင့်ဟောပြတော်မူသော အဘိဓမ္မာတရားကို မိမိ၏အတူနေတပည့်ငါးရာတို့အားပြန်လည်ကာ ဟောပြတော်မူသည်။၎င်းရဟန်းငါးရာတို့၏ရှေးဘဝ
ကပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုကို တင်ပြပါဦးမည်။

ထိုရဟန်းငါးရာတို့သည်ကဿပဘုရားရှင်လက်ထက်တော်ကလင်းနို့ငယ်ဘ၀ဖြစ်ခဲ့ကြသည်။လင်းနို့ငယ်
တို့သည် တောကြီးမြက်မည်းတောင်ဝှမ်းထဲမှ လိုဏ်ဂူများတွင် တွဲရရွဲဆွဲ(တွဲလဲဆွဲ) ကာနေကြသည်။ ထိုတောတောင်ဝှမ်းလိုဏ်ဂူထဲတွင် အဘိဓမ္မာကိုဆောင်သော ရဟန်းနှစ်ပါးတို့သည်လည်း နေထိုင် သီတင်းသုံး ကြသည်။

ရဟန်းတော်နှစ်ပါးတို့သည်"ကုသလာဓမ္မာ၊အကုသလာဓမ္မာ" စသော တရားတော်၊"ဟေတုပစ္စယော၊အာရမ္မဏ ပစ္စယော"အစရှိသောအဘိဓမ္မာတရားတော်၊ ပဋ္ဌာန်းတရားတော်များကို ရွတ်ဆိုပူဇော်နေကြပါသည်။

လင်းနို့သားငါးရာတို့သည်ထိုအဘိဓမ္မာတရားတော်သံတို့၌တရားဆိုသောအမှတ်ယူနေကြသည်။အာရုံပြုနေကြသည်။နားစိုက်စိုက်ထောင်နေကြသည်။

လင်းနို့သားငါးရာတို့သည်"ဤတရားကားကုသိုလ်တရား၊ဤတရားကားအကုသိုလ်တရား"ဟုမသိပါ။"ဤတရားကားခန္ဓာငါးပါးတရား၊ ဤတရားကား သစ္စာလေးပါးတရား"ဟု မသိပါ။နားမလည်ပါ။
သို့သော်လည်း"ဒါ တရားသံ"ဟူ၍ကား သိကြပါသည်။

လင်းနို့သားငါးရာတို့သည် အဘိဓမ္မာတရားသံ ၌တရားဆိုသော အာရုံနိမိတ် အမှတ်နိမိတ်ကိုယူသော ကုသိုလ်ကောင်းမှုကံကြောင့် သေပြီး
နောက် နတ်ပြည်ရောက်ကြရပါသည်။ ထိုကုသိုလ် ကောင်းမှုကံကြောင့် ကဿပမြတ်စွာဘုရားနှင့် ဂေါတမမြတ်စွာဘုရားတို့၏ ကြားကာလ၌
နတ်ပြည်မှာပင် ထပ်ကာထပ်ကာ ဖြစ်နေကြရပါသည်။

ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်၏လက်ထက်တော် ၌ လူ့ပြည်တွင် လူဖြစ်ကြရပါသည်။ ထိုသူတို့သည် ကဏ္ဍဥယာဉ်မှူး စိုက်ပျိုးသော သရက်
ပင်အနီး ၌ ဗုဒ္ဓမြတ်စွာဘုရားပြတော်မူသော ရေမီးအစုံ တန်ခိုးပြာဋိဟာ ကိုကြည်ညိုပြီး အရှင်သာရိပုတ္တရာ၏အထံတော်တွင် ရဟန်းပြုကြ၏။
ထိုရဟန်းငါးရာတို့ သည် အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးထပ်ဆင့်ဟောပြတော်မူသော အဘိဓမ္မာတရားကို နာယူကြ၏။သင်ယူကြ၏။

သို့ဖြစ်ပါ၍ ပါဠိတော်ကို လူတွေနားမလည်သော်လည်း နာယူရုံမျှဖြင့်ပင် အတိုင်းအဆမရှိများလှစွာသော ကောင်းကျိုးအမျိုးမျိုးတို့ကိုရရှိစေပါ
သည်။ထို့ကြောင့် တရားဟော၊တရားစာရေး၊တရားစာဖတ်ကြသည့်အခါ ပါဠိတော်များကို အလေးအနက်ထားစေလိုပါကြောင်းတင်ပြအပ်ပါ
သည်။

(ဆရာတော် အရှင်ဣဒ္ဓိကာဘိဝံသ(မ န္တလေး ပဇ္ဇောတာရုံ) ၏ တရားတော်တစ်ပုဒ်ကို မှီငြမ်း၍ ,ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်းဖြစ်ပါသည်)

ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ