ပါရမီဆိုတဲ့ ပါဠိရဲ့အနက်က မြင့်မြတ်သူတို့ရဲ့အလုပ်လို့ အဓိပ္ပါယ်ရပါတယ်။
ဒီပါရမီ(၁၀)ပါးလို့ခေါ်ရတဲ့ မြင့်မြတ်သူတို့ရဲ့အလုပ်ကို ဘုရားအလောင်းတော်တွေဟာ ဘုရားမဖြစ်ခင် ဘုရားဖြစ်ဖို့ ဖြည့်ကျင့်ကြရပါတယ်။

ပါရမီတစ်ပါးချင်းဟာ တကယ်မြင့်မြတ်တဲ့အလုပ်တွေချည်းပါပဲ။ ကိုယ်ကဘုရားအလောင်း မဟုတ်ပေမယ့်လည်း ဘုရားအလောင်းလုပ်ခဲ့တဲ့အတိုင်း လိုက်လုပ်နေရင် မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်နေတာပါ။

လူတိုင်း လူတိုင်း မြင့်မြတ်တဲ့ပုဂ္ဂိုလ် ဖြစ်ချင်ကြတဲ့ သူတွေချည်းပါပဲ။ မမြင့်မြတ်တဲ့ပုဂ္ဂိုလ် ဘယ်သူမှ မဖြစ်ချင် ကြပါဘူး။ မသိလို့ရယ်၊ ပတ်ဝန်းကျင်ကြောင့်ရယ်၊ ခန္ဓာကိုယ် မိသားစုစားဝတ်နေရေးကြောင့်ရယ် စသည်ဖြင့် အကြောင်းကြောင်းလေးကြောင့်ရယ်သာ မြင့်မြတ်သူအဖြစ်နဲ့ ဝေးဝေးနေကြရတာပါ။

ပါရမီ(၁၀)ပါးဟာ မြင့်မြတ်သူတို့ရဲ့အလုပ်ဆိုတော့ ကိုယ်က ပါရမီ(၁၀)ပါးကို ကျင့်သုံးလိုက်ရင် မြင့်မြတ်တဲ့သူ ဖြစ်သွားတာပါ။

လူတစ်ယောက်ရဲ့ဘ၀မှာ စိတ်သဘောထားမြင့်မြတ်ဖို့ သိပ်ပြီးအရေးကြီးပါတယ်။ စိတ်သဘောထားမြင့်မြတ်ရင် ဘ၀ခရီးတစ်လျှောက်မှာ ကိုယ်လည်း စိတ်ချမ်းသာရသလို ကိုယ်နဲ့နွယ်နေတဲ့ ကိုယ့်ပတ်ဝန်းကျင်လည်း စိတ်ချမ်းသာကြရပါတယ်။ စိတ်သဘောထားမမြင့်မြတ်ဘူးဆိုရင်တော့ ကိုယ်ကောကိုယ့်ပတ်ဝန်းကျင်ကော စိတ်ဆင်းရဲကြရတော့တာပါ။ ဒီတော့ ကိုယ်က မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ချင်ရင် မြင့်မြတ်သူတို့ရဲ့အလုပ်ကို လုပ်လိုက်ရုံပါ။
ပြီးတော့ ပါရမီ(၁၀)ပါးဆိုတာ တောထဲတောင်ထဲမှာ တစ်ဦးတည်း သွားနေပြီး ကျင့်ရတာလည်း မဟုတ်ပါဘူး။ အိမ်မှာနေရင်း ကျင့်လို့ရတဲ့ အရာတွေပါ။
ဒါကြောင့် မြင့်မြတ်သူတို့ရဲ့အလုပ်ဖြစ်တဲ့ ပါရမီအကြောင်း စလိုက်ကြရအောင်ပါ။


(၁) ဒါနပါရမီ

ဒါနမပြုဖူးတဲ့သူဆိုတာ ဘယ်သူမှမရှိပါဘူး။ နည်းတာ များတာပဲ ကွာမယ်၊ ကိုယ့်အတိုင်းအတာနဲ့ ကိုယ်တော့ ပြုဖူးကြတာချည်းပါပဲ။ ဒီတော့ ဒါနကို ပါရမီမြောက်အောင် ဘယ်လိုပြုမလဲ…?
ဒါနပြုရာမှာ ဟီနဒါနရယ်၊ မဇ္ဈိမဒါနရယ်၊ ပဏီတဒါနရယ် လို့ သုံးမျိုးရှိပါတယ်။

မြန်မာလိုပြောရင်တော့ ထင်ရှားကျော်ကြားလိုစိတ်နဲ့ပြုတဲ့ ဒါနရယ်၊ လောကီအကျိုးကို လိုလားတဲ့စိတ်နဲ့ပြုတဲ့ ဒါနရယ်၊ အရိယာတို့ရဲ့အလေ့ကိုမှီပြီး နိဗ္ဗာန်ကိုဦးတည်ပြီးပြုတဲ့ ဒါနရယ်ပါ။ နောက်ဆုံးဖြစ်တဲ့ နိဗ္ဗာန်ကိုဦးတည်ပြီး ပြုတဲ့ဒါနမှ ပါရမီမြောက်တဲ့ဒါနပါ။

ပါရမီမြောက်ဖို့အတွက် အင်္ဂါ(၃)ချက်ကို အာရုံပြုထားရပါမယ်။ အဲဒါတွေက -
(၁) နိဗ္ဗာန်ကို ဦးတည်ရမယ်။
(၂) သူတစ်ပါးအကျိုးကို ငဲ့ရမယ်။
(၃) မိမိအကျိုးကို မငဲ့ရဘူး။ ဒီ (၃) ချက်ပါပဲ။

ဒါနပြုတဲ့အခါ ပကာသနစိတ်နဲ့ပြုမလား၊ လောကီကျိုးသက်သက်ကို တောင့်တပြီး အလယ်အလတ် ကုသိုလ်ဖြစ်ပဲ ပြုမလား၊ ပါရမီမြောက်အောင်ပဲ ပြုမလား….တကယ်တော့ စိတ်ပါပဲ။ ဒါနပြုခိုက် တဒင်္ဂလေးမှာ ကိုယ့်စိတ်ကလေးကို ရွေ့ပေးညွတ်ပေးလိုက်ရုံရယ်ပါ။

ဒါနပြုလိုက်တဲ့အချိန်ကလေးက ဘာမှကြာလိုက်တာ မဟုတ်ပါဘူး။ အဲဒီ ဒါနပြုခိုက်ကလေးမှာပဲ ကိုယ့်စိတ်ကလေးကို တစ်ခုခုဆီ ညွတ်ပေးလိုက်ရတာ ဆိုတော့ ထူးပြီးလည်း မပင်ပန်းပါဘူး။
ပုထုဇဉ်တစ်ယောက်ရဲ့ပန်းတိုင်ဟာ နိဗ္ဗာန်ပါ။ နိဗ္ဗာန်ရဖို့အတွက်ဆိုရင် တရားအားထုတ်ရမှာပါ။ တကယ်လို့ တရားအားမထုတ်ဖြစ်သေးဘူးဆိုရင်တောင် “ရာထူး, ငွေ, ကျော်ကြားမှုတွေဟာ ဘ၀ရဲ့ပန်းတိုင် မဟုတ်သေးဘူး၊ နိဗ္ဗာန်သာ ပန်းတိုင်” ဆိုတဲ့ အသိလောက်လေး ရင်ထဲမှာ ရှိနေနိုင်တယ်ဆိုရင်တောင် မဆိုးလှပါဘူး။


(၂) သီလပါရမီ

ဒါနပိုင်းမှာ ပါရမီမြောက်တဲ့ ဒါနကို ပြောခဲ့သလို သီလပိုင်းမှာလည်း ပါရမီမြောက်တဲ့ သီလကိုပါ ပြောပြသွားရ အောင်ပါ။
အကြောင်းကြောင်းကြောင့် ဒါနနဲ့ဘာဝနာကို မလုပ်နိုင်သေးရင်တောင် သီလကိုတော့ အထူးစောင့်ထိန်းရမှာပါ။

သီလမှာလည်း ဟီနသီလ၊ မဇ္ဈိမသီလ၊ ပဏီတသီလ ဆိုပြီး ရှိပါတယ်။
သူတစ်ပါးအထင်ကြီးအောင် ထင်ရှားကျော်ကြားဖို့အတွက် ဆောက်တည်တဲ့ သီလက ဟီနသီလ = ခပ်ညံ့ညံ့ သီလပါ။
ကောင်းမှုရဲ့အကျိုးကို လိုလားတောင့်တပြီးဆောက်တည်တဲ့သီလက မဇ္ဈိမသီလ = အလယ်အလတ် သီလပါ။
ထင်ရှားကျော်ကြားမှုကိုလည်း မလိုလား၊ နောင်အခါ ခံစားရမယ့်အကျိုးကိုလည်း မလိုလားဘဲ “ဒီသီလဟာ မြတ်တဲ့တရားပဲ၊ ဒီမြတ်တဲ့တရားကို ငါကျင့်သုံးအပ်တယ်” လို့ တရားရဲ့ မြင့်မြတ်မှုကိုသာ နှလုံးသွင်းပြီ မဂ်ဖိုလ် နိဗ္ဗာန်ကို ရဖို့အတွက် ဆောက်တည်တဲ့ သီလကတော့ ပဏီတသီလ = မြင့်မြတ်တဲ့သီလပါ။

သီလကို စောင့်ထိန်းလိုက်တဲ့အခါမှာ ပထမဆုံးရရှိလိုက်တဲ့ အကျိုးကတော့ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုဖြစ် သွားတဲ့ အကျိုးပါ။ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုနေတဲ့ အချိန်မှာ ဘ၀က သိပ်ပြီး ငြိမ်းချမ်းနေပါတယ်။ ဘ၀မှာ သူတစ်ပါး ကြည်ညိုဖြစ်ဖို့က ဒုတိယကိစ္စပါ။ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုဖို့က ပထမကိစ္စပါ။


(၃) နေက္ခမ္မ ပါရမီ - နေက္ခမ္မ ရဲ့ အနက်က ထွက်မြောက်ခြင်းပါ။

ဆွဲဆောင်မှုများမှ ရုန်းထွက်ခြင်း။ ကာမကနေ ထွက်မြောက်တာ၊ ကာမကနေ ရုန်းထွက်တာ၊ ဒီကာမတွေကနေ လွတ်မြောက်အောင်လုပ်တာဟာ နေက္ခမ္မပါရမီ ကို ဖြည့်ကျင့်တာပါ။
နေက္ခမ္မပါရမီလို့ ပြောလိုက်ရင် တော်တော်များများက တောထွက်သွားတာလို့ ပြေးပြေးမြင်လိုက်ကြမှာပါ။ နေက္ခမ္မပါရမီနဲ့ပတ်သက်လို့ လယ်တီဆရာတော်ဘုရားကြီးရဲ့ ဥတ္တမပုရိသဒီပနီမှာ ဒီလိုဖွင့်ဆိုထားပါတယ်။

နိက္ခမဆိုသည်ကား - တရားကိုယ်အားဖြင့် အလောဘပြဋ္ဌာန်းသော ကုသိုလ်တည်း၊ ထို့ကြောင့် အိမ်၌ပင်နေသော်လည်း တဏှာ ရာဂ လောဘဖြစ်တတ်သော အာရုံဝတ္ထုကိုသိ၍ အသုဘမနသိကာရ ပဋိကူလ မနသိကာရ များကို နှလုံးထား၍ လောဘကို ပယ်ရှား၍ နေသောအခါ နိက္ခမကုသိုလ်ဖြစ်၏။

ထိုထက်စွမ်းနိုင်ပါလျှင် အာရုံကင်းရှင်းရာသို့ထွက်၍ ထို့ထက်တတ်နိုင်ပါလျှင် ဖန်ရည်ဆိုးသောအ၀တ် ကို ၀တ်သောလူသူတော် ရသေ့သူတော် ပရိဗိုဇ်သူတော်အဖြစ်သို့ ရောက်အောင်ထွက်၍ ထို့ထက်တတ်နိုင်ပါမူ သာမဏေအဖြစ် ရဟန်းအဖြစ်တိုင်အောင်ထွက်၍ ထို့ထက်တတ်နိုင်ပါမူ ပထမဈာန်ကိုရသော ဈာနလာဘီ အဖြစ်သို့ရောက်အောင်ထွက်၍ ထို့ထက်တတ်နိုင်ပါမူ အနာဂါမ်အရိယာအဖြစ်သို့ ရောက်အောင်ထွက်၍ လောဘတရားကိုပယ်ရှားမှုသည် နိက္ခမကုသိုလ် ချည်းပေတည်း။(လယ်တီဒီပနီပေါင်းချုပ်)
နေက္ခမ္မပါရမီရဲ့သဘောက လောဘစတဲ့ အကုသိုလ်တရားတွေ ကိုယ့်သန္တာန်မှာ မရှိအောင် လုပ်တာပါ။

နေက္ခမ္မပါရမီကို ဖြည့်ကျင့်ဖို့အတွက် အဓိက,ကတော့ သတိပါပဲ။ ကိုယ့်ရဲ့အမူအရာလေး တွေမှာ လိုက်လိုက်ပြီး သတိကပ်ကပ်ထားဖို့ပါပဲ။ မြန်မာလိုပြောရင်တော့ အလုပ်တိုင်း အလုပ်တိုင်းမှာ လိုက်လိုက်သိနေဖို့ပါပဲ။

နောက်တစ်ခုက ကိုယ့်ဆီကိုရောက်လာတဲ့ အကုသိုလ်တွေကို ခွာထုတ်ပစ်တာ၊ အကုသိုလ်တွေကနေ ရုန်းထွက်နိုင်တာဟာလည်း နေက္ခမ္မပါရမီကို ဖြည့်ကျင့်လိုက်တာပါ။
ဥပမာ - တစ်စုံတစ်ယောက်က ကိုယ့်ကို နစ်နစ်နာနာ ပြောဆိုလိုက်မယ်။ သူ့ရဲ့ပြောဆိုမှုကို အခြေခံပြီး ကိုယ့်ရင်ထဲမှာ ဒေါသတွေရောက်လာမယ်။ အဲဒီရောက်လာတဲ့ ဒေါသကို ၀ိပဿနာရှုမှတ်ပြီး ခွာထုတ်ပစ်လိုက်တာလည်း နေက္ခမ္မပါရမီကို ဖြည့်ကျင့်လိုက်တာပါ။
ဆိုလိုရင်းက ကိုယ့်ဆီကိုရောက်လာတဲ့ ဒေါသဣဿာမစ္ဆရိယစတဲ့ အကုသိုလ်တရားတွေကို ခွာထုတ်ပစ်တာ၊ အကုသိုလ်တရားတွေကနေ ရုန်းထွက်တာပါ။


(၄) ပညာပါရမီ

ကိုယ်ကျိုးပဲလုပ်လုပ်၊ အများအကျိုးပဲလုပ်လုပ်၊ လောကီကျိုးပဲလုပ်လုပ်၊ လောကုတ္တရာကျိုးပဲလုပ်လုပ်၊ ဒါနပဲပြုပြု၊ သီလပဲဆောက်တည်ဆောက်တည်၊ သမထ ၀ိပဿနာပဲပွားပွား ပညာပါပါမှ ထိရောက်မြန်ဆန် ကျယ်ပြန့်မှုရှိပါတယ်။ ပညာမပါရင် နှောင့်နှေးကြန့်ကြာနေတတ်ပါတယ်။

အများအကျိုးဆောင်ရွက်တာချင်းတူဦးတော့ ပညာပါတဲ့သူရဲ့ ဆောင်ရွက်မှုကပိုပြီး ထိရောက်ပါတယ်။ ဒါကို ထောက်ပြီး ပညာတတ်ဖို့လည်း လိုလာပြန်ပါတယ်။
ပညာဆိုတဲ့နေရာမှာ လောကီပညာနဲ့ လောကုတ္တရာပညာဆိုပြီး နှစ်မျိုးထွက်ပါလိမ့်မယ်။
ပညာပါရမီကိုဖြည့်ကျင့်တဲ့နေရာမှာ ကိုယ်တတ်ထားတဲ့ပညာနဲ့ အများအကျိုးကို ဆောင်ရွက်နိုင်ပါမှ ပညာပါရမီ မြောက်တာပါ။

ဘယ်အလုပ်ပဲလုပ်လုပ် ကိုယ့်စိတ်ကလေးကို အများကောင်းကျိုးဆီမှာ ညွှတ်ထားရပါမယ်။
အများပြည်သူတွေ တရားအသိရဖို့၊ ၀ိပဿနာ ဉာဏ်စဉ်တွေဖြစ်ဖို့၊ မဂ်ဖိုလ်နိဗ္ဗာန်ရဲ့ အထောက်အပံ့တွေဖြစ်ဖို့ တရားဟောတာ၊ တရားပွဲ စီစဉ်တာ၊ တရားစာတွေ ရေးတာ၊ စာသင်တာ၊ တရားစခန်းတွေဖွင့်တာ၊ ကိုယ်တိုင်တရား မပြတတ်ပေမယ့် ပြတတ်တဲ့ ဆရာတော်တွေပင့်ပြီး တရားစခန်းပွဲဖြစ်အောင် စီစဉ်တာ စသည်တွေဟာ လောကုတ္တရာပညာကို ဖြန့်ဝေတဲ့အတွက် ပညာပါရမီတွေပါပဲ။



(၅) ၀ီရိယပါရမီ

ကိုယ်ကျိုးသက်သက်အတွက် လုံ့လစိုက်ပြီး လုပ်တာကတော့ ၀ီရိယပဲဖြစ်ပါတယ်။ ပါရမီတော့ မမြောက်ပါဘူး။ အများအကျိုး ပရဟိတတွေ ဆောင်ရွက်တဲ့အခါမှာ လုံ့လအားစိုက်လုပ်ပါမှ ပါရမီမြောက်တဲ့ဝီရိယဖြစ်ပါတယ်။ အများအကျိုး ဆောင်ရွက်တဲ့အခါမှာလည်း စိတ်က နိဗ္ဗာန်ကိုဦးတည်ထားရပါမယ်။ “အခုလို အများအကျိုးဆောင်ရွက်ရတဲ့ ကုသိုလ်သည် နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေ” လို့ စိတ်ညွတ်ထားရမှာပါ။

ဘုရားအလောင်းတော်ဟာ ဖြစ်လေရာ ဘ၀တိုင်း အများအကျိုးတွေ ဆောင်ရွက်ရင်း ပါရမီတွေဖြည့်ခဲ့တဲ့နေရာမှာ ဘယ်တော့မှ စိတ်ပျက်တာ၊ ငြီးငွေ့တာ မရှိခဲ့ပါဘူး။ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဖြည့်ခဲ့တာပါ။

ပြီးတော့ ဘုရားအလောင်းတော်ဟာ အများအကျိုးကိုပဲ ရှေ့ရှုနေခဲ့ပါတယ်။
ဘယ်လိုပြဿနာများပဲကြုံကြုံ စိတ်တိုင်းမကျဖြစ်တဲ့အခါ ဘုရားအလောင်းရဲ့ ပါရမီစိတ်ဓာတ်ကို ပြန်အာရုံပြုပြု ထားရပါတယ်။ “ပါရမီ”ဆိုတဲ့ စကားလေးကို အာရုံပြုလိုက်တာနဲ့စိတ်က အလိုလို ပြန်ပျော်သွားတော့တာပါ။

ဘုရားအလောင်းတော်မြတ်ဟာ “ငါဒီနေ့ ဘယ်လို ကုသိုလ်ပါရမီကို ပြုခဲ့သလဲ..?၊ ငါ ဘယ်သူ့ရဲ့ အကျိုးစီးပွားဆောင်ရွက်ပေးခဲ့သလဲ..?” လို့ နေ့စဉ်နေ့စဉ် ဆင်ခြင်ပါတယ်တဲ့။
ဒီတော့ ကိုယ်ကလည်း ဘုရားအလောင်းရဲ့လမ်းစဉ်ကို လိုက်နေတာဆိုတော့ အိပ်ခါနီးမှာ “ငါ ဒီနေ့ ဘာကုသိုလ်ပြုဖြစ်ခဲ့လဲ၊ ဘယ်သူ့ကို ကူညီခဲ့သလဲ” စသည်ဖြင့် ဆင်ခြင်ဆင်ခြင်ပေးရင်လည်း ပါရမီဓာတ်တွေ ကိုယ့်ရင်ထဲကို ရောက်လာပါလိမ့်မယ်။

ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် လူမှာအထုံဆိုတာ ရှိပါတယ်။ မကောင်းတာပြုချိန် ရောက်လာပြီဆိုရင် ပြုလိုက်ရမှာပါ။

ဒီလိုပါပဲ။ ကောင်းတာပြုချိန်ရောက်လာရင်လည်း ပြုလိုက်ရမှ ကျေနပ်တာပါ။ ဒါကြောင့် မကောင်းတာ ပြုချင်တဲ့ အထုံဓာတ်ကို တဖြည်းဖြည်း တရားအသိလေးနဲ့ ဖြတ်ဖြတ်ပေးပြီး ကောင်းတာပြုချင်တဲ့ဓာတ်ကို အထုံဖြစ်နေအောင် ပေတေလုပ်ပေးနေရပါတယ်။

ဝီရိယရဲ့အခြေခံအကြောင်းရင်းက ထိတ်လန့်ကြောက်ရွံ့ခြင်း = သံဝေဂတရားလို့ စာမှာ ဆိုထားပါတယ်။ ဒီတော့ ကိုယ့်မှာအလုပ်တစ်ခုလုပ်ဖို့အတွက် ၀ီရိယတွေလျော့နေရင် သံဝေဂလေးတွေ ဆင်ခြင်ဆင်ခြင်ပေးရ ပါတယ်။


(၆) ခန္တီပါရမီ

လောကမှာ ဒေါသကို ပယ်သတ်လိုက်ရင် တစ်ရံတစ်ခါမျှ မစိုးရိမ်ရတော့ဘူး။ ကျေးဇူးကန်းမှုကို မပြုရင် သူတော်ကောင်းတွေ ချီးမွမ်းပါတယ်။

ကိုယ့်ထက်သာတဲ့သူ၊ ကိုယ်နဲ့တန်းတူသူ၊ ကိုယ့်အောက်နိမ့်တဲ့သူရဲ့ကြမ်းကြုတ်တဲ့စကားကို သည်းခံရမယ်။ အဲဒီလို သည်းခံခြင်းကိုအမြတ်ဆုံးလို့ သူတော်ကောင်းတွေ ပြောဆိုကြတယ်။

ကိုယ့်ထက်မြတ်တဲ့သူရဲ့ကြမ်းကြုတ်တဲ့စကားကို သည်းခံတာဟာ ကြောက်လို့သည်းခံတာပဲ၊ ကိုယ်နဲ့တန်းတူရဲ့စကားကို သည်းခံတာကျတော့တကယ်လို့သည်းမခံလိုက်ရင် ငါ့ထက်သာအောင် ကြံစည်အားထုတ်ပြုလုပ်သွားမယ့် အပြစ်ကိုမြင်လို့ သည်းခံတာ၊ ဒီသည်းခံခြင်းနှစ်မျိုးဟာ မြတ်တဲ့ သည်းခံခြင်းတော့ မဟုတ်ဘူး။

ကိုယ့်အောက်နိမ့်တဲ့သူရဲ့စကားကို သည်းခံနိုင်မှ အမြတ်ဆုံး သည်းခံခြင်းလို့ သူတော်ကောင်းတွေပြောကြတယ်။

အာရုံဆိုးတစ်ခုကို တစ်ယောက်ယောက်ကဖန်တီးလာတဲ့အခါ ‘ ငါ ခန္တီပါရမီ ဖြည့်ဖို့အတွက် ဖန်တီးပေးနေတာ၊ ဘာပဲပြောပြော ငါ့ကို ပါရမီ ဖြည့်ပေးနေသူပဲလို့ ဆင်ခြင်နှလုံးသွင်းလိုက်ရင်လည်း သည်းခံဖို့အတွက် တရားအသိအားတွေ ၀င်လာတော့တာပါ ’ ။ တရားအားတွေရင်ထဲရောက်လာရင် အလိုလို သည်းခံပြီးသားဖြစ်သွားပါတယ်။

တကယ်ဆို သူ့ကိုတောင် ကိုယ်က ပြန်သနားရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူကိုယ့်ကိုပြောဆို နှိမ့်ချကဲ့ရဲ့နေတာက အကုသိုလ်ပါ။ ကိုယ့် ခန္တီပါရမီ ဖြည့်နေတာက ကုသိုလ်ပါ။
ပါရမီသဘောနဲ့ပြောရင် ဒါနပါရမီတို့ သီလပါရမီတို့ဟာ ဖြည့်ချင်ရင် ချက်ချင်းထဖြည့်လို့ရပါတယ်။ ခန္တီပါရမီ တို့ကျတော့ အာရုံတစ်ခုခုနဲ့တွေ့လိုက်မှ ကိုယ်အတွက် ပါရမီဖြစ်ရတာပါ။ ဒီတော့ ကိုယ့်ကို အာရုံဆိုးတစ်ခု လာပေးတဲ့သူကို ကိုယ်ကိုပါရမီဖြည့်ပေးတဲ့အတွက် တကယ်ဆိုကျေးဇူးတောင်တင်ရပါဦးမယ်။

တစ်ခါတလေ ဒေါသအလျှောက် သည်းမခံနိုင်ဘဲပက်ကနဲ ပြန်ပြောလိုက်မိတဲ့အခါ ပြောတုန်းကတော့ ကျေနပ်သလို ရှိပေမယ် နောက်ရက်ကျတော့ စိတ်မကောင်းသိပ်ဖြစ်ရတာပါ။ အထူးသဖြင့် ဘာမဟုတ်တာလေးနဲ့ ကိုယ့်အတွက် အကုသိုလ် ဖြစ်သွားရတာ သိပ်ရှုံးရတာပါ။
အမှန်တော့ တရားရဲ့သဘောက သိဖို့နဲ့ကျင့်ဖို့ရယ်ပါ။
အာရုံတစ်ခုနဲ့တွေ့လို့ တရားသဘောနဲ့ယှဉ်ပြီးကျင့်သုံးလိုက်ရရင် ကိုယ့်ကိုယ်ကိုယ် သိပ်အားရကျေနပ် ရတာပါ။ အရသာကောင်းတစ်ခုကို သိသွားရင် နောင်ကျင့်သုံးဖို့ မခက်လှတော့ပါဘူး။

“သြော်… ငါဟာ မြတ်စွာဘုရားစကားကို နားထောင်လိုက်တဲ့သူပဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုနဲ့အတူ ကြည်ညိုမှုပါ ဖြစ်ရတော့တာပါ။

သည်းခံရမယ်ဆိုတော့ နေရာတကာ ခေါင်းငုံပြီးသည်းခံနေရမှာလားဆိုတော့ အဲဒီလိုလည်း မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး သီလက္ခန် အဋ္ဌာကထာ မှာ - မဟုတ်မှန်တာကို မဟုတ်မှန်တဲ့အတိုင်း ပြန်ဖြေရှင်းရမယ်လို့ ဆိုပါတယ်။
အဓိကကတော့ ကိုယ့်ရဲ့ဂုဏ်သိက္ခာ သီလကို စော်ကားလာရင်တော့ ဒေါသမထွက်ဘဲ မဟုတ်မှန်တာကို မဟုတ်မှန်တဲ့ အတိုင်း ပြန်ဖြေရှင်းရမယ်လို့ ဆိုထားပါတယ်။


(၇) သစ္စာပါရမီ

သစ္စာမည်သည်ကား - မုသားကို အချင်းခပ်သိမ်း ပယ်ခြင်းတည်း။

လိမ်၍ပြောခြင်း၊ ပြောတဲ့အတိုင်းမလုပ်ခြင်းကား လူအများကို အထင်မှားအောင် လှည့်စားခြင်းမည်၏။ ထို့ကြောင့် လူတစ်ယောက်ကိုဖြစ်စေ၊ အများကိုဖြစ်စေ၊ အထင်မမှားအောင် မုသားလည်းမပြော၊ ကြွားဝါ၍လည်းမပြောဘဲ ပြုနိုင်သလောက် ပြောသည့်အတိုင်းပြုခြင်းသည် သစ္စာပါရမီ၏ သဘောတည်း။

သစ္စာပါရမီလို့ စကားလုံးမြင့်မြင့်ကြီး ပြောနေရပေမယ့် မုသားကိုပယ်ပြီး ပြောထားတဲ့အတိုင်း အလုပ်ပြီးဆုံးအောင် လုပ်ပေးဖို့ပါပဲ။ ပြီးတော့ သိပ်ပြီးခက်လှတာလည်း မဟုတ်ပါဘူး။

ကိုယ့်စိတ်ကလေးက သစ္စာပါရမီရဲ့သဘောလေးဆီကို ညွတ်ပေးထားလိုက်ရုံပါပဲ။
သစ္စာပါရမီဖြည့်ကျင့်တာဟာ တစ်ဖက်မှာ ကိုယ့်အတွက် ပါရမီကုသိုလ်တွေဖြစ်နေသလို တစ်ဖက်မှာလည်း ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းအတွက် အထောက်အပံ့ကျေးဇူးတွေ ပြုနေတာဆိုတော့ မဖြစ်မနေ ဖြည့်ကျင့်သင့်တဲ့ ပါရမီတစ်ပါးပါပဲ။


(၈) အဓိဋ္ဌာန်ပါရမီ

(အဓိ = စွဲစွဲမြဲမြဲ ၊ ၀ါ - ဇွဲသန်သန် ၊ ဋ္ဌာန =တည်တံ့ခြင်း) ဒါနစသော ပါရမီကို စွဲစွဲမြဲမြဲ ဇွဲကောင်းကောင်းနှင့် ပြုလုပ်မည်ဟု ဆုံးဖြတ်ထားမှု ၊ ဆုံးဖြတ်သည့်အတိုင်း ပြုလုပ်မှုကို “အဓိဋ္ဌာန်” ဟု ခေါ်သည်။

အဓိဋ္ဌာန်ဆိုတဲ့စကားဟာ မြန်မာပြည်သူပြည်သားတွေအနေနဲ့ စိမ်းမနေပါဘူး။ ရင်းနှီးနေတဲ့စကားတစ်ခုပါ။ ကိုယ့်ရဲ့ အဓိဋ္ဌာန်အတိုင်း ကုသိုလ်မျိုးစုံ ပွားနေကြ ပြုနေကြတဲ့သူတွေလည်း အများကြီးရယ်ပါ။
လိုရင်းကတော့ ဒီအလုပ်ကိုလုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ စိတ်ပဋိညာဉ်ကို မရွှေ့မပြောင်းတော့ဘဲ အလုပ် ပြီးဆုံးတဲ့အထိ လုပ်တော့တာပါ။

လောကီအလုပ်ပဲဖြစ်ဖြစ် ၊ လောကုတ္တရာအလုပ်ပဲလုပ်လုပ် “အဓိဋ္ဌာန်” ပါမှ လမ်းဆုံးအထိ လုပ်နိုင်မှာပါ။

ဒါနပဲပြုပြု၊ သီလပဲဆောက်တည်ဆောက်တည်၊ သမထပဲပွားပွား၊ ၀ိပဿနာပဲပွားပွား၊ အများကောင်းကျိုး ပရဟိတတွေပဲ ဆောင်ရွက်ဆောင်ရွက် အဓိဋ္ဌာန်ပါရမီမပါရင် ကိုယ့်ရဲ့ကုသိုလ်ဟာ အာရုံဆိုးတစ်ခုခုကြောင့် အဆုံးအထိ မရောက်ဘဲ ပျက်ပြားသွားတတ်ပါတယ်။
ပါရမီကုသိုလ်တွေ ဖြည့်ကျင့်နေတဲ့အခါမှာ ပါရမီမြောက်အောင် ပြုချင်တဲ့လူတစ်ယောက်အတွက် အဓိဋ္ဌာန်ပါရမီက သိပ်ကိုလိုအပ်ပါတယ်။


(၉) မေတ္တာပါရမီ

မေတ္တာဟူသည် သူတစ်ပါးတို့ကို ကြီးပွားစေလို၊ ချမ်းသာစေလိုသောသဘောတည်း။ ထို့ကြောင့် မြင့်မြတ်သော စိတ်ဓာတ်ရှိသူတို့သည် မိမိအပေါ်၌ သူတစ်ပါးက မတော်မတရား ပြုထားစေကာမူ ထိုသူ၏အပြစ်အနာအဆာ ကို (လက်စားချေမည်ဟု) မရှုတော့ဘဲ အကြောင်းကိစ္စပေါ်လာလျှင် ကိုယ်ကသာ သူ့အကျိုးကို ဆောင်ရွက်ကြလေသည်။

မေတ္တာဆိုတဲ့ ပါဠိရဲ့အနက်ကို ချစ်ခြင်းလို့ အနက် ပြန်ကြပါတယ်။ အချစ်က သုံးမျိုးရှိပါတယ်။
၁။ ချစ်သူအချစ်ရယ်၊
၂။ မိသားစုအချစ်ရယ်၊
၃။ ပါရမီအချစ်ရယ်ပါ။
ချစ်သူအချစ်ဆိုတာက မိန်းမယောက်ျား အပြန်အလှန် ချစ်ကြတဲ့အချစ်ပါ။

မိသားစုအချစ်ဆိုတာက မိဘနဲ့သားသမီး၊ ညီနဲ့အစ်ကို၊ မောင်နဲ့နှမ စသည်တို့ မိသားစုအိမ်သားအချင်းချင်း ချစ်ကြတဲ့ အချစ်ပါ။
ပါရမီအချစ်ဆိုတာကတော့ သူတစ်ပါးတို့ရဲ့ အကျိုးဖြစ်ထွန်းမှုကို လိုလားတဲ့အချစ်ပါ။

ပါဠိလိုပြောရင်တော့ တဏှာပေမရယ် ၊ ဂေဟသိတပေမရယ် ၊ မေတ္တာပေမရယ်ပါ။

မေတ္တာဆိုတာ ကိုယ်ချစ်တဲ့သူတွေကို ထိုင်ပြီး ပွားနေတာနဲ့တင် မလုံလောက်သေးပါဘူး။ ထိုင်ပြီးပွားတာက ပွားမေတ္တာပါ။ ကံအနေနဲ့ပြောရင် မနောကံမေတ္တာပါ။ ပွားမေတ္တာနဲ့အတူ ထားမေတ္တာကိုလည်း ကျင့်သုံးနိုင်ရပါမယ်။

သူတစ်ပါးအကျိုးရှိစေမယ့် စကားလေးတွေ ပြောပြပေးတာ၊ သူတစ်ပါးအကျိုးရှိစေမယ့် အလုပ်ကလေးတွေ ပြုလုပ်ပေးတာတွေပါ။ ကံအနေနဲ့ပြောရင်တော့ ၀စီကံမေတ္တာနဲ့ကာယကံမေတ္တာပါ။

ဘယ်လိုစကားမျိုးပဲပြောရပြောရ မေတ္တာနဲ့ပဲပြောပေးတာ၊ ဘယ်လိုအလုပ်မျိုးပဲ လုပ်ပေးရလုပ်ပေးရ မေတ္တာနဲ့ပဲ လုပ်ပေးတာ၊ မြန်မာလိုပြောရင် သူတစ်ပါး အကျိုးငဲ့ငဲ့ပြီး ပြောပေးတာ၊ သူတစ်ပါးအကျိုးငဲ့ငဲ့ပြီး လုပ်ပေးတာတွေပါ။ ဒါတွေဟာ ထားမေတ္တာတွေပါပဲ။

တစ်စုံတစ်ယောက်ကို ကိုယ်တကယ်ချစ်တယ်ဆိုရင် ပါရမီအချစ်နဲ့ချစ်ပြီး နိဗ္ဗာန်ရဲ့အထောက်အပံ့တွေ အခါအားလျော်စွာ ဖန်တီးဖန်တီး ပေးနေနိုင်ရပါ့မယ်။
ဘာပဲပြောပြော တွေ့ကြဆုံကြအခိုက်လေးမှာ အပြန်အလှန်ကိုယ်စီ ပါရမီအချစ်ကလေးတွေနဲ့ ချစ်နေဖို့ပါပဲ။


(၁၀) ဥပေက္ခာပါရမီ

မုန်းလည်းမမုန်း ချစ်လည်းမချစ်ဘဲ အလယ်အလတ်၌ တည့်မတ်သောစိတ်ကို “ဥပေက္ခာပြုခြင်း = လျစ်လျူရှုခြင်း”ဟု ခေါ်၏ ။ ထိုသို့ရှုရာ၌လည်း ပုဂ္ဂိုလ်ကိုရှုသည်မဟုတ် ။ ထိုပုဂ္ဂိုလ်များ ပြုသောအမှုအပေါ်၌သာ (စော်ကားလည်းမမုန်း ၊ ရိုသေလေးစားလည်း မချစ်ဘဲ) လျစ်လျူရှုခြင်းဖြစ်သည်။

ဥပေက္ခာဟာ လူတစ်ယောက်ရဲ့ဘ၀ခရီးအတွက်သိပ်လိုအပ်တာပါ။ ပြဿနာဖြစ်ကြတယ်ဆိုတာ ဥပေက္ခာ မထားနိုင်ကြလို့ဖြစ်တာပါ။ အဖွဲ့အစည်းတစ်ခုဆီမှာ ဥပေက္ခာလေးတွေသာ ကိုယ်စီရှိရင် ပြဿနာဆို နည်းနည်းနေပါလိမ့်မယ်။ သူက ကိုယ့်ကိုနှိမ်တယ် ဘာဖြစ်လဲ၊ ဘာမှမဖြစ်ဘူး၊ သူကကိုယ့်ကိုဦးစားမပေးဘူး၊ ဘာဖြစ်လဲ ဘာမှမဖြစ်ဘူး။ တစ်ဖက်သားရဲ့အပြုအမူက မညီမျှပေမယ့် ကိုယ့်စိတ်က ညီမျှနေရင် ပြဿနာ မဖြစ်တော့ပါဘူး။

တကယ်တော့ ဥပေက္ခာပါရမီရဲ့သဘောက သူတစ်ပါးအကျိုး လောကအကျိုးကို အမြဲငဲ့နေတာပါ။ ကိုယ့်ကို မုန်းတဲ့သူက အကူအညီ တောင်းလာရင်လည်း ပေးလိုက်တာပါပဲ။ ကိုယ့်ကိုချစ်တဲ့သူက အကူအညီတောင်းလာ ရင်လည်း ပေးလိုက်တာပါပဲ။ အဲဒီလူနှစ်ယောက်အပေါ်မှာ စိတ်နှစ်မျိုးမဖြစ်ဘဲ တစ်သားတည်းထားပြီး ကူညီတာပါ။ နှစ်ယောက်လုံးရဲ့အကျိုးကိုတော့ ငဲ့ထားပါတယ်။ သူတို့ဆီက အပူဓာတ်ကို မယူပါဘူး။

ဥပေက္ခာဆိုတာ အာရုံမပြုဘဲ ပစ်ထားလိုက်တာ မဟုတ်ပါဘူး။ ချစ်ခြင်း မုန်းခြင်းကင်းစွာနဲ့ ကူညီတာပါ။ သူတစ်ပါးအကျိုး လောကအကျိုးကို အစဉ်သဖြင့်ငဲ့နေပါတယ်။ မငဲ့နိုင်ရင် ဥပေက္ခာပါရမီ မဟုတ်ပါဘူး။

စာသဘောနဲ့ပြောရရင်တော့ ချစ်ခြင်း မုန်းခြင်းတွေ ငြိမ်းနေတာဟာ ဥပေက္ခာပါ။ လောကမှာ ချစ်ရတာလည်း မကောင်းပါဘူး၊ မုန်းရတာလည်း မကောင်းပါဘူး။ သံသရာမှာ ချစ်ခဲ့ရတာတွေလည်း များပါပြီ။ မုန်းခဲ့ရတာတွေလည်း များပါပြီ။ အဲဒီအချစ် အမုန်းတွေကြောင့်ပဲ သံသရာရှည်ခဲ့ရတာပါ။ ချစ်ခြင်း မုန်းခြင်းတွေ ကင်းတဲ့ ဘ၀လေးတစ်ခုရအောင် ကြိုးစားရတော့မယ့်အချိန်ပါ။ ကြိုးစားခွင့် မသာသေးရင်တောင် ကိုယ့်အနာဂတ်အိပ်မက်ထဲမှာတော့ ချစ်ခြင်း မုန်းခြင်းကင်းတဲ့ ဘ၀လေးတစ်ခုကို စိတ်ကူးနဲ့ တည်ဆောက်ထားနိုင်ရပါမယ်။

နိဗ္ဗာန်လိုချင်တဲ့သူဟာ ချစ်ခြင်း မုန်းခြင်းတွေ ငြိမ်းနေရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ နိဗ္ဗာန်ရဖို့ ၀ိပဿနာတရား အားထုတ်ရမှာပါ။ ၀ိပဿနာတရား အားထုတ်တဲ့နေရာမှာ “ဒါနအရာ ၀မ်းမြောက်တာ မှန်စွာအဓိကဖြစ်ပေသည်။ ၀ိပဿနာအရာ ဥပေက္ခာ မှန်စွာအဓိကဖြစ်ပေသည်” ဆိုတဲ့အတိုင်း ဒါနပြုတဲ့နေရာမှာ ၀မ်းမြောက်ဖို့ အဓိက ဖြစ်ပေမယ့် ၀ိပဿနာတရား အားထုတ်တဲ့နေရာမှာတော့ ဥပေက္ခာက အဓိကဖြစ်နေလို့ပါ။ ဒါကြောင့် နိဗ္ဗာန်လိုချင်လို့ ၀ိပဿနာတရား အားထုတ်တဲ့သူဟာ အရာအားလုံးကို ဥပေက္ခာရှုပြီး အားထုတ်ရမှာပါ။

ပိဋကတ်တော်ထဲက ဇာတ်ဆောင်တွေ တရားထူးတရားမြတ်ရသွားကြတာ ဘာကြောင့်လည်းဆိုတော့ ဟေတုသမ္ပတ္တိ = အကြောင်းရဲ့ ပြည့်စုံခြင်းကြောင့်ပါတဲ့။
အကြောင်းရဲ့ပြည့်စုံခြင်းဆိုတာ သံသရာတစ်လျှောက်ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတွေရဲ့ ပြည့်စုံခြင်းပါ။
ဒါကြောင့် တရားထူး တရားမြတ်ရဖို့အတွက် ဟေတုသမ္ပတ္တိ လိုပါတယ်။ ပါရမီလိုပါတယ်။တဲ့.. စာဖတ်သူတို့လည်း ကျိုးစားဖြည့်ကျင့်နိုင်ကြပါစေ။

ရဝေနွယ် (အင်းမ) ၏ မြင့်မြတ်သူတို့ရဲ့အလုပ် မှ ကောက်နှုတ်ဖော်ပြအပ်ပါသည်။