သစ်ပင်စိုက်ပြီးရင်ရေလောင်းပါ။

သစ်ပင်စိုက်ထားရင် ကိုယ်စိုက်ထားတဲ့သစ်ပင်ကို ခြံလည်း ခတ်ထားရပါတယ်။ ရေလည်းလောင်းပေးရပါတယ်။ ပေါင်းလည်း သင်ပေးရပါတယ်။ သစ်ပင်မှာ ကျလာတဲ့ ပိုးကောင်လေးတွေကိုလည်း ဖယ်ရှားပေးရပါတယ်။ ပင့်ကူမျှင် နွယ်ပင်တွေကိုလည်း ဖယ်ရှားပေးရပါတယ်တဲ့။

သစ်ပင်တစ်ပင်စိုက်ရင် ဒီအစီအစဉ်လေးတွေကို လုပ်ပေးရပါတယ်။ လုပ်မပေးရင် ကိုယ်စိုက်ထားတဲ့ သစ်ပင်ဟာ ညှိုးနွမ်းပြီး သေသွားနိုင်ပါတယ်။

ကိုယ်စိုက်ထားတဲ့ သစ်ပင်လေးရေလောင်းလိုက်လို့ အညွှန့်တဝေေ၀ အရွက်တဖားဖား စိမ်းစိမ်းစိုစို ဖြစ်လာတဲ့အခါ စိတ်ချမ်းသာရသလို ကိုယ်စိုက်ထားတဲ့ သစ်ပင် စိမ်းစိမ်းအောက်မှာ ထိုင်ရတာလည်း တကယ့် အရသာတစ်ခုပါပဲတဲ့။

ဒီလိုပါပဲကိုယ့်ကိုယ်ကိုယ်တော့ အေးချမ်းအောင် နေကြရမှာပါပဲ။

ဘ၀ကလည်း သစ်ပင်တစ်ပင်လိုပါပဲ။ ရေလောင်းပေါင်းသင် ဆေးကျွေးနေနိုင်မှ စိတ်ကလေးတွေက လန်းနေတာပါ။ ရေမလောင်းဖြစ်တာနဲ့ စိတ်ကညှိုးလာတာပါ။

ပုထုဇဉ်သစ်ပင်တစ်ပင်ဟာ စိမ်းစိုတစ်လှည့် ခြောက်သွေ့တစ်လှည့်ပါပဲ။ အမြဲတမ်းလည်း စိမ်းစိုမနေနိုင်သလို အမြဲတမ်းလည်း ခြောက်သွေ့မနေနိုင်ပါဘူး။ စိတ်ညှိုးနွမ်းရင် ဘ၀က နေရတာလည်း မပျော်တော့ပါဘူး။ တစ်ခါတလေကျတော့လည်း ကိုယ့်ရုပ်နဲ့ စိတ်ကို စောင့်ရှောက်နေတဲ့ ကြားကပဲ အာရုံတချို့ကြောင့် ညှိုးနွမ်းသွားရတာတွေလည်း ရှိတတ်ပါတယ်။ ဒီတော့လည်း ကိုယ့်ကိုယ်ကိုယ် ရေပြန်လောင်းရုံပါပဲ။

ပုထုဇဉ်တစ်ယောက်ရဲ့ ဘ၀မှာ ကိုယ်စိတ်ကလေးကို အထူးစောင့်ရှောက်ပေးနေမှ တော်ကာကျတာပါ။ ဒါတွေက အသက်ကြီးတာ ငယ်တာတွေနဲ့ မဆိုင်ပါဘူး။ အသက်ကြီးပေမယ့် ရင့်ကျက်ချင်မှ ရင့်ကျက်တာပါ။ အသက်ငယ်ပေမယ့်လည်း ရင့်ကျက်ချင် ရင့်ကျက်နေတာပါ။

ကိုယ့်ရုပ်နာမ်တွေ ကြည်လင်လာတဲ့အခါ ကိုယ်လည်း စိတ်ချမ်းသာရသလို ကိုယ့်ဝန်းကျင်တစ်ခုလုံးလည်း စိတ်ချမ်းသာရတော့တာပါ။ ကိုယ်စိတ်မချမ်းသာရင် ကိုယ်နဲ့ဆက်စပ်သမျှ ၀န်းကျင်အားလုံး စိတ်မချမ်းသာ ရပါဘူး။ အများနဲ့ ထိတွေ့ဆက်ဆံနေရတဲ့သူဆို ပိုလို့တောင် စိတ်ချမ်းသာအောင် နေရဦးမှာပါ။ ဒါမှ ကိုယ်နဲ့ ထိတွေ့ဆက်ဆံရသူအားလုံး ကိုယ့်ကို အမှီပြုပြီး စိတ်ချမ်းသာကြမှာပါ။

ဘ၀ဆိုတာ သစ်ပင်လေးတစ်ပင်လိုပါပဲ၊ အမြဲရေလောင်းပေးနေမှ စိမ်းစိုနေမှာပါ။
အဲဒီလို ရေလောင်းပေးနေတာ ကိုက မဂ်ဖိုလ်နိဗ္ဗာန်ရဲ့ အထောက်အပံ့ကောင်းတွေ ဖြစ်နေတော့တာပါ။

ရဝေနွယ်(အင်းမ) ၏ ရဝေနွယ်အသစ်မှ ကောက်နှုတ်ဖော်ပြပါသည်။