စိတ်ထားညံ့ဖျင်းသောသူ၊ကောက်ကျစ်စဉ်းလဲသောသူတို့ကို သူယုတ်မာ ဟုခေါ်ဆိုလေ့ရှိကြပါသည်၊ ထိုသို့ခေါ်ဆိုကြပါသ်ာလည်း ထိုသူယုတ်မာတို့၏အကျင့်စရိုက်သဘောလက္ခဏာများကိုမူ သိရှိသူနည်းပါကြပါလိပ်မည်။ မြတ်စွာဘုရားရှင်သည် သုတ္တနိပါတ၊ဥရဂ၀ဂ်၊၀သလသုတ်တော်တွင် မည်သို့သောသူသည် သူယုတ်မာဖြစ်သည်၊ သူယုတ်မာတို့ ပြုတတ်သော သူယုတ်မာအကျင့်တို့ကို ဟောကြားတော်မူထားပါသည်။
မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်၊ဇေတ၀န်ရွှေကျောင်း၌ သီတင်းသုံးတော်မူစဉ်တစ်နေ့သော နံနက်ခင်း၌ သာဝတ္ထိမြို့တော်အတွင်းသို့ ဆွမ်းခံကြွတော်မူပါသည်။ သာဝတ္ထိမြို့အတွင်းမှ “ဘာရဒွါဇ”အမည်ရသော ဗြဟ္မဏဘာသာဝင် ပုဏ္ဏားကြီးတစ်ယောက်ဟာလည်း ၎င်းတို့ဘာသာအယူဝါဒအတိုင်း မီးပူဇော်ပွဲကျင်းပရန်အတွက် လိုအပ်သော ထောပတ်၊နို့ဓမ်းစသည့်တို့ကို ပြင်ဆင်နေစဉ် မြတ်စွာဘုရားရှင်တော်သည် ဆွမ်းခံတော်မူရင်း ထိုပုဏ္ဏားကြီး၏ အိမ်ရှေ့သို့ ရောက်ရှိတော်မူလာပါသည်။
မြတ်စွာဘုရားရှင်ကြွလာသည်ကို ဘာရဒွါဇပုဏ္ဏားကြီးသည် ခပ်လှမ်းလှမ်းကပင် မြင်တွေ့ပြီး မြတ်စွာဘုရားရှင်ကို “ဟေ….ဦးပြည်းကတုံး၊ ရဟန်းဟုတ်မာ၊ ထိုနေရာတွင်သာရပ်၊ ထိုနေရာတွင်သာရပ်”ဟုလှမ်း၍ ဆီးကာပြောကြာလေ၏။
ထိုခေတ်အခါက မြတ်စွာဘုရားနှင့် စင်ပြိုင်ပေါ်ပေါက်နေကြသည့် ပုရာဏကဿပ အစရှိသော မိမိကိုယ်မိမိဘုရားဟုဝန်ခံထားသူ ဘုရားအတုဘုရားယောင်တို့သည် ဟိုမှဒီမှပေါများနေချိန်ဖြစ်၏။၎င်းတို့၏ အတုအယောင်ဝါဒများသည် မြတ်စွာဘုရားရှင်ပေါ်ပေါက်လာသည်မှစ၍ တစ်စတစ်စ မှေးမှိန်းကျပြီး စားပေါက်ဝါးပေါက်များပိတ်၍ လာဘ်လာဘတိတ်နေတော့၏။
မြတ်စွား၏ရား၏တရားတော်ကို နာကြားရသူမျှန်သမျှ မိစ္ဆာဒိဋ္ဌိအစွဲပျောက်၍ သမ္မာဒိဋ္ဌိဘ၀သို့ရောက်ကြလေ၏။ ထို့ကြောင့် ဘုရားဟုဝန်ခံထားသူ တိတ္ထိဆရာကြီးတို့သည် မိမိတို့ကို ယုံကြည်သူများ မြတ်စွာဘုရား၏တရားတော်ကိုနာကြားကြလျှင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းသွားကြမည်ကို ကြိုတင်ရိပ်စားမိတာကြောင့် “ရဟန်ဂေါတမ နှင့် သူ၏ တပည့်သံဃာများသည် သူယုတ်မာများဖြစ်သည် ထိုသူတို့နှင့် ဆက်ဆံဖြင့်မပြုကြလင့်၊ ထိုသူတို့နှင့် ဆက်ဆံသူတို့သည် ကံကောင်းခြင်းပျောက်ပြီး၊ ကံဆိုးခြင်းများ အလိုအလျှောက်ရောက်ကြလိပ်မည်ဟု” သဒ္ဓါပေါများ အသိပညာနည်းပါးကြသည့် သူတို့ကို မဟုတ်မမှန်လုပ်ကြံသတင်းဖြင့်ခြိမ်းခြောက်တားမြစ်ထားသည်။
ဘာရဒွါဇပုဏ္ဏားကြီးလည်းတိတ္ထိဆရာကြီး၏၀ါဒဖြန့်စကားကိုနားယောင်ပြီး မြတ်စွာဘုရားရှင်ကို မြင်သည်နှင့် သူယုတ်မာ ငါအိမ်သို့လာလျှင် ကံဆိုးခြင်းတွေကျရောက်လိပ်မည် ဟုယုံကြည်ပြီး ဘုရားကိုမြင်သည်နှင့် အဝေးကနေ အော်ဟစ်ပြီး သူ့အိမ်ထဲကို မ၀င်ဖို့တားမြစ်ခြင်းပင်ဖြစ်၏။

မြတ်စွာဘုရားရှင်သည် ဘာရဒွါဇပုဏ္ဏကြီး၏ ရိုင်းပြစွာစော်ကားပုတ်ခတ်ခြင်းကို စိတ်ဆိုးတော်မမူပဲ သနားခြင်းဂရုဏာတော်အပြည့်ဖြင့် ကြည့်တော်မူ၍ ပုဏ္ဏကြီးကို “ပုဏ္ဏား၊သင်သည် မည်သို့သောသူသည်သူယုတ်မာဖြစ်သည်ကိုလည်းကောင်း၊သူယုတ်မာတွေပြုလုပ်လေ့ရှိသည့်တရားတို့ကိုလည်းကောင်း သပါသလော”ဟု မေးတော်မူပါသည်။ ထိုအခါမှာ ပုဏ္ဏားကြီးက “ အမျိုးဇာတ် ယုတ်ညံ့သောသည် သူယုတ်မာဖြစ်၏ ရဟန်းတို့သည် အမျိုးဇာတ်ယုတ်ညံ့နိမ့်ကျသူများဖြစ်၍ သူယုတ်မာများဖြစ်ကြသည်”ဟု လျှောက်လေ၏။
မြတ်စွာဘုရားပွင့်တော်မူရာကာအခါ၌ ဘုရားသားတော်သံဃာတော်အားလုံးနီးပါးသည် တကယ်ဒိတ်ဒိတ်ကျဲအထက်တန်းကျသောအမျိုးဇာတ်များမှသာသနာ့ဘောင်ဝင်ရောက်လာသည့်သူများသာဖြစ်၏။ မြတ်စွာဘုရားကိုယ်တော်တိုင် စတြာမင်းလောင်းလျာတဦးဖြစ်သလို အရှင်အာနန္ဒာ၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်စသည်တို့သည်လည်း ထိုကာလက အမြတ်ဆုံးဟု သတ်မှတ်ထားသည့် မင်းမျိုး၊ပုဏ္ဏားမျိုး၊သူကြွယ်မျိုးရိုးများမှ ဆင်းသက်လာကြသူများသာဖြစ်ကြ၏။ ထိုသို့မြတ်စွာဘုရားနှင့် တပည့်သာဝကသံဃာတော်တို့သည် အမျိုးဇာတ် မွန်မြတ်သည့်အနွယ်များမှ ဖွားမြင်လာကြသည်ကို တိတ္ထိဆရာကြီးများလည်း အသိပင်ဖြစ်၏၊ တိတ္ထိဆရာကြီးများသိသလို သူ၏တပည့်များလည်းသိကြပါ၏။ ထိုသို့သိကြပါသော်လည်း အတ္တရှေ့ထား ကိုယ်ကျိုးရှာသမားများပီပီ အမှန်ကို အမှားလုပ် ကိုယ်ကျိုးထုတ်ကြခြင်းပင်ဖြစ်၏။
ဘာရဒွါရဇပုဏ္ဏားကြီး၏ အဖြေကိုကြားရသည့်အခါ၌ မြတ်စွာဘုရားရှင်သည် “သူယုတ်မာဆိုတာ ဘယ်လိုသူကုခေါ်သနည်း၊ ဘယ်လို့အကျင့်ရှိကို ကျင့်လို့ သူယုတ်မာဟု ခေါ်သနည်း”ဟု ဂဃဏနမေးရာ၌ ပုဏ္ဏားကြီးသည် တိတိကျကျမဖြေနိုင်တော့ပဲ၊ “အကျွန်ုပ်သည် ဘယ်လိုလူကို သူယုတ်မာလို့ခေါ်သည်၊ သူယုတ်မာတွေ ကျင့်သုံးတဲ့အရာတွေဘာတွေလည်းဆိုတာ ကွဲကွဲပြားပြားမသိရှိပါ၊ရှင်ဂေါတမသည်ပင်ထိုအချက်တို့ကိုရှင်းလင်းဖြေကြားတော်မူပါ”ဟုလျှောက်ထားလေ၏။ ထိုအခါမြတ်စွာဘုရားရှင်သည် သူယုတ်မာနှင့် သူယုတ်မာတို့အကျင့်တို့ကို တခုချင်းစီ ရှင်းလင်းဟောကြားတော်မူပါသည်။
ပုဏ္ဏားကြီး အသေးအဖွဲကိစ္စလေးကိုပင် အမျက်ထွက်လေ့ရှိသူ၊ ရန်ငြိုးဖွဲ့ ကလှည့်စားချေတတ်သူ၊ကျေးဇူးရှိသူ ကျေးဇူးရှင်ကို ကျေးစွတ်ပြစ်မှုသောသူ၊ လှည့်ပတ်လှည့်ဖျားသူ၊ ထိုသို့ သဘောရှိသူတို့ကို လူယုတ်မာဟုသိရ၏။
လူကိုဖြစ်စေ၊ ကျေးငှက် စသည့်တိရစ္ဆာန်တို့ကိုဖြစ်စေ ၊ကိုယ်ချင်းစာနာ သနားညှာတာခြင်းမရှိပဲ နှိပ်စက်ညှင်းဆဲသတ်ဖြတ်လေ့ရှိ၏ ထိုသို့သဘောရှိသူတို့ကိုလည်း သူယုတ်မာဟု သိအပ်၏။
လောက၌ အကြင်သူသည် တိုင်းပြည်၊မြို့ရွာတို့ကို ဖျက်ဆီးတတ်၏၊ ပိုင်ရှင်မပေးသော ပစ္စည်းတို့ကို ခိုးယူတတ်၏၊ သူတပါးထံမှ ကြွေးမြီးတို့ကို ချေးယူ၍ ပြန်လည်ပေးဆပ်ခြင်းမပြုပဲ ရှောင်လွဲနေတတ်၏။ အနည်းငယ်သောပစ္စည်းအတွက် ခရီးသွားများ၊ပြည်သူများအား လုယက်သတ်ဖြတ်တတ်၏၊ အဂတိလိုက်၍ မဟုတ်မမှန် သက်သေထွတ်ဆို၏၊ မိတ်ဆွေအပေါင်းအသင်း၊ ဆွေမျိုးသားချင်းတို့၏ ဇနီး၊မယား၊သမီးသားတို့နှင့် ဖောက်ပြန်လော်လီ ကုမေသုအမှုပြုတတ်၏၊ ထိုသို့သဘောသဘာဝရှိသောသူတို့ကို သူယုတ်မာဖြစ်၏ဟု သိအပ်၏။
အိုမင်းမစွမ်းသော နောက်ဆုံးအရွယ်သို့ရောက်၍နေသော မိဘတို့ကို ထောက်ပံ့ကျွေးမွေးနိုင်ပါသော်လည်း ထောက်ပံ့ကျွေးမွေးခြင်းမပြု၊ မိဘဖိုးဖွား၊ ညီအကိုမောင်နှမတို့ကို နိုင်လိုမင်းထက် ရိုင်းပြစွာဆက်ဆံလေ့ရှိ၏၊ ကြမ်းတမ်းသောစကားတို့ဖြင့် ပြောဆိုလေ့ရှိ၏၊ ထိုသူကို သူယုတ်မာဟု ခေါ်ဆုအပ်၏။
ပုဏ္ဏားကြီး….. တယောက်ယောက်က အကျိုးစီးပွားဖြစ်မည့် နည်းလမ်းကို မေးမြန်သည့်အခါ အနာလိုမရှုစိတ်ဖြင့် အကျိုးစီးပွားဖြစ်စေမည့် နည်းလမ်းကို ညွှန်ပြပြောကြားခြင်းမပြုပဲ အကျိုးစီးပွားပျက်ပြားစေမည့် နည်းလမ်းကိုသာ ညွှန်ပြပြောကြားသောသူ၊ မေးမြန်သူကို နားမလည်နိုင်အောင် ဝေ့လည်ကြောင်ပတ် လျှိ့ဝက်သော နားမလည်နိုင်သည့် စကားမျိုးဖြင့် ညွှန်ပြပြောကြားသောသူတို့သည် သူယုတ်မာများဖြစ်ကြ၏။
အကြင်သူသည် တစ်စုံတစ်ခုသော မကောင်းမှုကိုပြုလုပ်ပြီး တပါးသူတို့ မရိပ်မိအောင် သူတော်ကောင်းအယောင်၍ မိမိ၏ မကောင်းမှုကို ဖုံးကွယ်ထားသောသည်လည်းကောင်း၊ ဧည့်သည်အဖြစ် သူတပါးတို့၏နေရာသို့သွားရောက်ပြီး ကောင်းမွန်သောအစားအစာနှင့် အကူအညီတို့ကို ရယူခဲ့ပြီး၍ မိမိ၏နေရပ်သို့ လာရောက်သည့်အခါတွင်မူ ဧည့်ဝတ်မပြု မသိကျိုးကျွန်ပြု၍ တုံ့ပြန်ဧည့်ဝတ်ပြု ကူညီမှုမပြုသောသူသည်လည်းကောင်း၊ရဟန်း၊ပုဏ္ဏားစသည်ြ အလှုခံပုဂ္ဂိုလ်တို့ကို ဖတ်ကြားထားပြီး ပေးလှုခြင်းမပြုပဲ စကားတို့ဖြင့် ချုပ်ချုယ်သောသူသည်လည်းကောင်း သူယုတ်မျာဟု ခေါ်ဆိုအပ်၏။
လောက၌ အကြင်သူသည် သူတပါး၏ပစ္စည်းဥစ္စာများကို အနည်းငယ်မျှပင်ဖြစ်ဖြစ် ရယူလိုသဖြင့် လိမ်လည်လှည့်ဖျား မဟုတ်မမှန်ပြောဆိုတတ်၏၊ မိမိကိုယ်ကို ဂုဏ်တင် ချီးမြောက်ပြောကြပြီး၊ တစ်ပါးသူတို့ကို ရှုပ်ချပြစ်တင်တတ်၏၊ စည်းကမ်းမဲ့ ချုပ်ချယ်တတ်၏၊သူတစ်ပါး လှုဒါန်းသည့်ကို အပြစ်တင် အပြစ်မြင်၍ မနာလိုမရှုစိတ်ဖြစ်လေ့ရှိ၏၊နှမြောဝန်တို စိတ်သဘေားထားသေးသိမ်ကျောက်ကျစ် စဉ်းလဲမာယာများ၏၊ မကောင်းမှုပြုရမည်ပြုနေသည်ကိုမရှက်၊မကြောက်၊ထိုသို့သဘောရှိသည့်သူများကို သူယုတ်မာဟု သိအပ်ပေ၏။
ပုဏ္ဏားကြီး လောက၌ အကြင်သူသည် ဘုရားရှင်တော်ကိုမြတ်ကိုဖြစ်စေ ၊ ဘုရားရှင်၏ တပည့်သား သာဝကသံဃာတော်မြတ်တို့ကို ထိပါးပုတ်ခတ်ပြောဆို၏၊ ထိုသို့ပုတ်ခတ်ပြောဆိုသောသူတို့ကို သူယုတ်မာဟု သိအပ်၏၊ တရားထူးတရားမြတ်ရရှိထားခြင်းမရှိ ကိလေသာကင်းကွာ ရဟန္တာမဟုတ်ပါပဲလျှက် ရဟန္တာဟုလိမ်ညာလှည့်ဖြား ပြောဆိုသောသူသည် လောက၌ ယုတ်မာဆုံးသော သူခိုးကြီးဖြစ်၏။
ပုဏ္ဏား အမျိုးအနွယ်စသည်တို့ကြောင့် သူယုတ်မာမဖြစ်နိုင်၊ အမျိုးအနွယ်စသည်ကြောင့် သူတော်ကောင်းမဖြစ်နိုင်ပေ၊ မိမိပြုသော အလုပ်အမှုကြောင့်သာ သူယုတ်မာ၊သူတော်ေ ကာင်းဖြစ်နိုင်၏။ ရှေးအခါက ဒွန်းစဏ္ဍားမျိုးရိုးဖြစ်သည့် မာတင်္ဂမည်သောသူသည် အကျင့်မြတ်ခြင်း ၊သီလရှိခြင်းတို့ကြောင့် မင်းမျိုး၊ပုဏ္ဏားမျိုး၊သူကြွယ်မျိုး၊သူဆင်းရဲမျိုးများ၏ ပူဇော်ဆည်းကပ်ခြင်းကိုခံရပြီး ဈာန်သမာပတ်ကိုရရှိအောင်အားထုတ်သဖြင့် အထက်ဗြဟ္မာပြည်အထိပင်ရောက်ရှိခဲ့၏၊ အမျိုးဇာတ်နိမ့်ခြင်းသည် ဗြဟ္မာပြည်သို့ မရောင်အောင် မတားမြတ်နိုင်ပေ။
အိန္ဒိယပြည်ကြီးတွင် ထိုစဉ်အခါကာလ၌ ဇာတ်ဝါဒအရခွဲခြားဆက်ဆံမှုသည် လွန်စွာအာားကြီး၏၊ အကျင့်စရိုက်၊စာရိတ္တနှင့် မဆုံးဖြတ်ပဲ မျိုးရိုးဇာတ်နှင့်သာဆုံးဖြတ်လေ့ရှိ၏၊ အမျိုးဇာတ်နိမ့်ကျသူများမှာမည်မျှပင် သီလရှိသူ၊အကျင့်ကောင်းသူဖြစ်ပါသော်လည်း သူယုတ်မာ အောက်တန်းကျသူအဖြစ် စီးပွားရေး၊လူမှုရေးစသည်တို့တွင် နိမ့်ချဆက်ဆံခြင်းကို တဖက်သတ်ခံရလေ့ရှိ၏။ ယခုခေတ်အနေဖြင့်ကြည့်ပါက လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာကို ချိုးဖောက်ဖြင်းပင်၊ ထိုသို့တဖက်သတ်ဖြစ်နေသည့် အင်အားကြီးစွာအမြစ်တွယ်နေသည့် အမျိုးဇာတ်ခွဲခြားဆက်ဆံရေးဝါဒကို မြတ်စွာဘုရားရှင်သည် ပြတ်ပြတ်သားသား ဆန့်ကျင်သူဖြစ်၏၊ အခြားဘုရားအမည်ခံသူတို့လည်း ထိုအမျိုးဇာတ်ဝါဒကို မဆန့်ကျင်နိုင်ကြပေ ။ အမှန်တကယ်သစ္စာတရားကို သိရှိသူများမဟုတ်ပဲ အယောင်ဆောင်များပီပီ လမ်းကြောင်းဟောင်းကိုသာ မှားမှားမှန်မှန်း မှေးပြီးလိုက်နေသူများဖြစ်၏။ ဇာတ်ဝါဒအားကြီး ကြီးစိုးနေသည့်အချိန်မှာ လူတဦး၏ အဆင့်အတန်းကို အမျိုးဇာတ်ဖြင့် ဆုံးဖြတ်ခြင်းမဟုတ်ဘဲ၊ ထိုသူ ပြုသည့် ကောင်းမှုမကောင်းမှု စာရိတ္တဖြင့် ဆုံးဖြတ်သည့် မြတ်ဘုရားဘုရားရှင်း၏ အယူအဆမှာ အဖိနှိပ်ခံများအတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်သ လို လောကကြီးကို ကောင်းမွန်သည့် လမ်းကြောင်းကို ရောက်အောင် လမ်းပြပေးသည့် မီးရှုးတန်ဆောင်ပင်ဖြစ်ပေ၏။
ပုဏ္ဏားကြီး ဗေဒင်သုံးပုံကို သင်အံ့လေ့ကျက်ထားသူ ပုဏ္ဏားမျိုးပင်ဖြစ်သော်လည်း မကောင်းမှုကိုပြုလုပ်ပါက ထိုသူကို ယခုဘ၀၌ပင် ပုဏ္ဏားဖြစ်လျှက် သူတပါးသတ်သူ၊သူတပါးမယားပြစ်မှား သူ၊အကျင့်စာရိတ္တာဖောက်ပြန်သူဟု ကဲ့ရဲ့ရှုတ်ချကို မလွဲမသွေခံရပေလိပ်မည်။နောက်ဘ၀၌လည်း မကောင်းသော အပယ်ဘုံဘ၀များသို့ ကျရောက်ပေလိပ်မည်။အမျိုးဇာတ်မြတ်သူဖြစ်သဖြင့် ကဲ့ရဲ့ရှုတ်ချခြင်းကိုလည်းကောင်း အပယ်ဒုက္ခတိသို့ မကျရောက်ရန်လည်းကောင်း မတားမြတ်နိုင်ချေ။
ဘာရဒွါဇပုဏ္ဏားကြီးသည် မြတ်စွာဘုရားရှင်၏ တရားတော်ကို ကြားနာရသည့်အခါ အမြင်မှန်ရရှိ၍ ဗြဟ္မဏ(ဟိန္ဒူ)ဘာသာဝင်အဖြစ်မှ မြတ်စွာဘုရားရှင်၏ တပည့်သာဝက ဥပသကာ (ဗုဒ္ဓဘာသာဝင်)အဖြစ်သို့ ကူးပြောင်းလာပါတော့သည်။
ယခုမူ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ရှင်းလင်းဟောကြားတော်မူထားသည့်အတွက် သူယုတ်မာတို့၏ သဘောလက္ခဏာ အကျင့်စရိုက်တို့ကို သိရှိနာလည်ပြီဖြစ်ပါလိပ်မည် ၊မိမိ၏ဘ၀တလျှောက် ကိုယ်စိတ်နှစ်ပါး ဆင်းရဲမှုနည်းပါးပြီး အေးချမ်းသာယာစွာဘ၀ကိုဖြတ်သန်းလိုပါက ထိုသူယုတ်မာသဘောလက္ခဏာ စရိုက်ရှိသူတို့ကို ရှောင်ရှားရန်အထူးပင်လိုအပ်သည်။နေ့စဉ်နှင့်အမျှ မိမိဘ၀မှာတွေ့ကြုံရင်ဆိုင်နေရသော စိတ်ရှုပ်စရာစိတ်ညစ်စရာ အခက်အခဲအကြပ်အတည်းတို့သည် ထိုသူယုတ်မာတို့ထံမှ ဆက်စပ်၍ ရောက်လာကြသည်ကများပေသည်။ ပတ်ဝန်ကျင်နှင့်ဆက်ဆံရသည့် လူ့လောကကြီးဖြစ်သည့်အားလျှော်စွာ ထိုသူယုတ်မာတို့ကို အမြဲတမ်းမဆက်ဆံရပဲရှိနိုင်မည်မဟုတ်ပေ တချိန်မှဟုတ်တချိန်ချိန်တော့ ဆက်ဆံကြမည်သာဖြစ်သည်။ ထို့သော် ထိုသို့မဖြစ်မနေဆက်ဆံသည့်အခါ လုပ်ငန်သဘောတရားမျှသာသတိထား၍ဆန်ဆံရန်လိုအပ်၏။“ဆက်ဆံခြင်းကို ကျော်လွန်ပြီး ပေါင်းသင်းခြင်းကိုကား မပြုလုပ်သင့်ပေ”
ဆက်ဆံခြင်းနှင့် ပေါင်းသင်းခြင်းသည် အပေါ်ယံသဘောအရတူဟုထင်ရသော်လည်း အဓိပ္ပါယ်မှာ နက်ရှိုင်းခြားနားစွာကွဲလွဲပါသည်။ ဆက်ဆံခြင်းသည် စီးပွားရေး၊လူမှုရေးအရ မဖြစ်သာလို့ အလုပ်သဘောဆက်ဆံခြင်းမျှသာဖြစ်၍ ပေါင်းသင်းခြင်းသည်ကား မိတ်ဆွေသူငယ်ချင်းပြုလုပ်ခြင်းဖြစ်၍ အကျိုး၊အဆိုးနှစ်မျိုးလုံးကို မျှဝေခံစားခြင်းမျိုးဖြစ်သည်။
သူယုတ်မာသဘောစရိုက်လက္ခဏာရှိသူတို့သည် ၎င်းတို့၏ စိတ်အတွင်းသဏ္ဍန်၌ သူယုတ်မာစရိုက်များ ကိန်းဝပ်နေသည့်အတွက် တချိန်မဟုတ်တချိန်သူယုတ်မာဗီဇပြတတ်ကြပါသည်။ ထိုသူတို့သည် သူတပါးထံမှ အရာဝတ္ထုတခုခုရရှိလို၍ ဟန်ဆောင်သထေားထား ကောင်းတတ်ကြသော်လည်း ကြောင်ကြာကြာရေမငုတ်နိုင်ဆိုသကဲ့သို့ အချိန်တန်လျှင် သူယုတ်မာဗီဇပြတတ်ကြပါသည်။သူယုတ်မာတို့ကို ပေါင်းသင်းဆက်ဆံသဖြင့် အကျိုးထက်၊အဆိုးသာ ပိုမိုရရှိနိုင်ပြီး စိတ်စိတ်နှစ်ပါး ဆင်းရဲခြင်းကိုဖြစ်နေနိုင်သဖြင့် ထိုသူတို့ကို ရှောင်ကွင်းကာဖြင့် ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာသည့် ဘ၀ကိုထုဆစ်ပိုင်ဆိုင်နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါတော့သည်။
ဓမ္မ၀ီရ အရှင်တေဇနိယ
ဗုဒ္ဓဂယာ၊အိန္ဒိယ