ပထမ ဝါဆိုလပြည့်နေ့ တုံး က တင်ထားတဲ့ပို့စ်လေးကိုဒုတိယဝါဆိုလပြည့်မှာပြန်ရှယ် လိုက်ပါတယ်။

 

ဝါဆိုလပြည့်၊ဓမ္မစင်္ကြာအခါတော်နေ့။
(သို့မဟုတ်) သစ္စာအလင်း-ရောင်-ဆောင်-ရအောင်။

(သစ္စာအလင်း)

*ဝါဆိုဦး* ဆိုတဲ့ နာမည်လေးဟာ အမှတ်တရ များစွာ နဲ့အတူ တစ်ဖန် ရောက်ရှိ လာခဲ့ပြန်ပါပြီ ။ ဝါဆိုလမှာ--တနည်း အရှင်အဿဇိ သောတာပန် တည်တဲ့နေ့မှာ လူ့လောကထဲကိုရောက်ရှိလာခဲ့တဲ့ ဝါဆိုမိုး၊ ဝါဆိုပန်းရနံ့ တွေ၊ ဝါဆိုသင်္ကန်းကပ်လှူပွဲတွေ၊ ဓမ္မစင်္ကြာရွတ်ဆိုပူဇော်သံတွေ ကိုကြားယောင်မြင်ယောင်ရင်း အတိတ်ခန္ဓာ တွေသက်ဝင်လှုပ်ရှား လာခဲ့ ပါတယ်။

မွေးနေ့ပွဲတိုင်း ကိုဝါဆိုသင်္ကန်းကပ်လှူပွဲ နဲ့အတူ လှူဒါန်း ခဲ့ရတာတွေ သတိရနေမိပါတယ်။ဝါဆိုလပြည့်ဆိုတာကတော့ တို့ ဗုဒ္ဓဘာသာဝင်တွေ အတွက် အရေးပါတဲ့နေ့ဖြစ်နေခဲ့ပါတယ်။

(သန္ဓေ တောထွက်၊ဓမ္မစက် မိန့်မြွက်လဝါဆို)ဆိုတာ တော့ မှတ်သားပြီးသားဖြစ်မှာပါ။

(၁) ပဋိသန္ဓေတည်သည့်နေ့ -မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ့ )

(၂) တောထွက်သည့်နေ့ - မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ့ )

(၃) ဓမ္မစင်္ကြာတရားဦးဟောနေ့ - မဟာသက္ကရာဇ်-၁၀၃၊ဝါဆိုလပြည့် (စနေနေ့ )

(၄) သောတာပန်လူသားစပေါ်သည့်နေ့ -မဟာသက္ကရာဇ်-၁၀၃၊ဝါဆိုလပြည့် (စနေနေ့ )

(၅) သံဃာရတနာစပေါ်သည့်နေ့ - မဟာသက္ကရာဇ်-၁၀၃၊ဝါဆိုလပြည့် (စနေနေ့ )

ကျေးဇူးတော်ရှင်မြတ်စွာဘုရား တရားဦးဟောကြားခဲ့လို့ လူ့ဘုံလောကမှာ သစ္စာအလင်းရောင် တွေ ထိန်ထိန်ညီးခဲ့တာပေါ့။

ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါး၊အမှန်တရားကို ဟောပြ ခဲ့တဲ့ သစ္စာအလင်းရောင် ဆောင်ယူပြသခဲ့တဲ့ နေ့ထူးနေ့မြတ်အခါသမယပေါ့နော်။

ဓမ္မစင်္ကြာ-တရားဦး ဟောကြားတော်မူခဲ့တဲ့နေရာလေးကလည်း ရိုးရိုးရှင်း ရှင်းလေး…မြင်ယောင်ရင်းမှန်းဆကြည်ညိုရအောင်ပါ။

့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားဟာ တောမှာဖွားမြင်တော်မူခဲ့ပါတယ်(လုဗ္ဗိနီအင်ကြင်းတော)။
တောမှာ တရားကျင့်ကြံအားထုတ်ခဲ့တယ်။
ဘုရားဖြစ်ပြန်တော့လည်း လူသူမနီးတဲ့ဗောဓိညောင်ပင်အောက်မှာ ဘုရားဖြစ်တော်မူခဲ့ပါတယ်။ (ဥရုဝေဠတော)။

တစ်ခါတရားဦးဟောကြားတော်မူခဲ့တာလည်း (မိဂဒါဝုန်တော)ထဲမှာ။

ပရိနိဗ္ဗာန်စံဝင်တော့လည်း( ကုသိနာရုံ) ပင်မျိုးစုံသည့်ရဂုံသာမော အင်ကြင်းတောမှာ။

သူတော်ကောင်းတွေ ဟာ သစ်ပင်တောတောင်တွေ ကိုမွေ့လျော်ကြတာ..မှတ်သားစရာ။စိတ်ဝင်စားစရာ်။

သဗ္ဗညုတရွှေဉာဏ်တော်ရရှိခဲ့တဲ့ ဥရုဝေဠတော ကနေ ၁၈ယူဇနာကွာဝေးတဲ့ မိဂဒါဝုန်တောကို ပင်ပင် ပန်း ပန်းခြေလျင်ခရီးကြွတော်မူရှာတယ်။

မိဂဒါဝုန် တောထဲမှာခမ်းခမ်းနားနားလည်းမဟုတ်ဘူး။ ဘုရားရှင် ကလည်းရိုးရိုးလေး ထိုင်လို့၊ ပဉ္စဝဂ္ဂီ ၅ပါးကလည်း ဘေးနားမှာရိုးရိုးလေးထိုင်လို့၊ နေကလည်း အပူရှိန်လျော့ပြီးဝင်ခါနီးဆဲဆဲ လမင်းကလည်းထွန်းသစ်စအချိန် ဆိုတော့အလွန်အေးချမ်းညိမ်သက်နေမှာ ပဲနော်။

အဲလိုနေကြတဲ့အချိန်မှာ မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကို နာယူမယ်လို့ ကြိုးစားလာ ကြတဲ့ နတ်တွေဗြဟ္မာတွေ၊ တရားစတော့မှ အသံတော်ကြားလို့ပြေးလာကြတဲ့ နတ်တွေဗြဟ္မာတွေ လည်း ပတ်ဝန်းကျင်မှာ ရှေ့မှာရော နောက်မှာရော ဘေးမှာရော အကုန်လုံးပြည့်နေကြမယ်ဆိုတာ စိတ် ကူးကြည့်လိုက်ပါနော်။

ရိုးရှင်းမှု ငြိမ်းချမ်းမှုကို ခြံရံထား လို့ စည်ကားသိုက်မြိုက်နေပါတယ်..။အဲဒီနတ်ဗြဟ္မာတွေဟာ--တစ်ဆယ့်ရှစ်ကုဋေ လောက်ရှိတယ်လို့ဆိုပါတယ်။

အဲဒီ နတ်ဗြဟ္မာတွေရဲ့ အလယ်မှာ လူသားထဲက ပဉ္စဝဂ္ဂီ-၅ ဦး ကိုအမှူးထားပြီးသကာလမှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟာ ဓမ္မစင်္ကြာတရား ကိုစတင် ဟောကြားတော်မူခဲ့ပါတယ်။

သစ္စာဆိုတာကတော့ လောကီသစ္စာနဲ့ လောကုတ္တရာသစ္စာ နှစ်မျိုးရှိတာပေါ့နော်။

ဒုက္ခသစ္စာ နဲ့ သမုဒယသစ္စာက လောကီသစ္စာနှစ်ပါး၊

နိရောဓသစ္စာ နဲ့ မဂ္ဂ သစ္စာ က လောကုတ္တရာသစ္စာနှစ်ပါး။

အဲဒီ သစ္စာနှစ်ပါးမှာလည်း ဘုရားရှင်က အကြောင်းသစ္စာနဲ့အကျိုးသစ္စာနှစ်ပါး မှာ အကျိုးသစ္စာဖြစ်တဲ့ ဒုက္ခသစ္စာကိုအရင်ဟောပါတယ်။

ကျေးဇူးတော်ရှင် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ရေးခဲ့ဘူးတယ်။

(လောကီဘုံဝယ် ၊သာယာဖွယ်ဟု
တွယ်တာလေငြား၊ဝေနေများကို၊
တရားသံဝေ၊ရပစေဟု
ထွေထွေဒုက္ခ ၊ဦးစွာ ပြ၏ )

(ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ ၊ဗျာဓိပ
ိဒုက္ခော ၊မရဏံပိဒုက္ခံ ၊အပ္ပိယေဟိ သမ္ပယောဂေါဒုက္ခော၊ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော ယံပိစ္ဆံ နလဘံတိ ၊တံပိဒုက္ခာ သံခိတ္တေန ပဉ္စုပါဒါ နက္ခန္ဓာဒုက္ခာ။)ရယ်လို့ ဒုက္ခခန်းကို ဟောလိုက်ပါတယ်။

အားကျစရာဘာမှာမရှိဘူး။ အကုန်လုံး ဒုက္ခတွေ ချည်းပါပဲ။တကယ်တော့.ဒုက္ခဆိုတာ အကျိုးတရားပါပဲ။အဲဒီကျိုးတရားကိုအရင်ပြပြီးတော့မှ အဲဒီဒုက္ခ ဘာကြောင့်ဖြစ်သတုန်းလို့စဉ်းစားတဲ့ အချိန်ကျတော့ အဓိကဇာတ်လိုက်ကို ဆွဲထုတ်ပြလိုက်တာပေါ့…။

ဇာတ်လိုက်ကျော်ကြီးက တော့ တဏှာပါ။

ကျေးဇူးတော်ရှင်မူလဓမ္မဆရာတော်ဘုရားကြီး ကတော့ တဏှာပေလို့ပဲနော် နှစ်ဏှာ သုံးဏှာ သာဆိုခက်ရချည်ရဲ့လို့ တဏှာရဲ့ နက်ရှိုင်းပုံကို ပြောခဲ့ဘူးတယ်။

တဏှာ ကြောင့်ဖြစ်တာပါလို့ တဏှာကိုဖေါ်ပြခဲ့ပါတယ်။ ဒုက္ခသမုဒယလို့ဖေါ်ပြခဲ့ပါတယ်။

*ဣဒံခေါပန ဘိက္ခဝေ ဒုက္ခသမုဒယော အရိယသစ္စံ၊ယာယံ တဏှာ ပေါနောဗ္ဘ ဝိကာ နန္ဒီရာဂ သဟဂတာ တတြာ တတြာ ဘိနန္ဒိနီ*

ဘိက္ခဝေ ရဟန်းတို့၊ ဣဒံ ခေါ ပန -ဤ ဆိုလတ္တံသော အကြောင်းအရာသည်ကား ၊ဒုက္ခသမုဒယော-ပြခဲ့တဲ့ ဒုက္ခတွေဖြစ်ကြောင်း သမုဒယ ဟူသော၊အရိယသစ္စံ-အရိယာအဖြစ်ကိုပြုတတ်တဲ့ မှန်ကန်သော တရားတစ်မျိုးပေတည်း။

(ဒုက္ခသောင်းပြောင်း တရားပေါင်းလည်း အကြောင်းမဲ့စွာ မဖြစ်ရာရှင့်)
(ဗြဟ္မာနတ်မင်း ဖန်ဆင်းမပြု ဆင်ခြင်မှုကျမ်း တဏှာစွမ်းကြောင့် ပရမ်းပတာ ဖြစ်ကြရာသော သမုဒယော)

*မာနိတာ ယတ္တကာ ယဿ ဒုက္ခတာ တဿ တတ္တကာ၊ကိံနု နော ဒုက္ခဘာယန္တာ ၊ပီယမှာ စ အဘီရုနော။*

(ယဿ- ချစ်လျှင်ပျော်နိုး၊ချစ်စပျိုး၍ ၊ချစ်ရိုးချစ်စဉ် အကြင်ပုထုဇဉ် ၏ ၊မာနိတာ-မြတ်နိုးစုံမက် နှစ်သက်ဖွယ်ရာ ၊အဖြာဖြာတို့သည်၊ယတ္တကာ-တစ်နှစ်သုံးလေး ဂဏန်းရေး က စစ်တွေးဆက်ပွား အကြင်မျှလောက်များကုန်၏။

တဿ-ချစ်လျှင်ပျော်မည့်အထင်ရှိ၍ ခင်မိခင်ရာ ခင်ကြရှာတောင်း ထိုပုထုဇဉ် အပေါင်း၏ဒုက္ခတာ- မကင်းစမြဲ အတင်းတွဲ၍ ဆင်းရဲရန်ကြောင်း ဒဏ်အပေါင်းသည်တတ္တကာ-ချစ်ချစ်သမျှ တစ်နှစ်ကလျှင် စ၍ တွက်ရေ ထိုမျှလောက်ပင်များပြားလေကုန်၏။

နော-သူတော်သူမြတ် အတူမှတ်၍ လူဇာတ်ရှောင်သွေတို့တစ်တွေသည်ဒုက္ခဘာယန္တာ-ဒုက္ခမြောက်မြား ရောက်မသွားဘို့ ထောက်ထားထိုထို ကြောက်အားပိုကြပါကုန်လျက်ပိယမှာ စ-ဒုက္ခဖြစ်ကြောင်း အချစ်အပေါင်းမှကားကိံနုအဘီရုနော-မကြောက်နိုင်ပဲရဲကြီးရဲ၍ အမြဲပုံသေ အဘယ်ကြောင့် ချစ်ခင်၍ နေဝံ့ကြလေကုန်သတည်း။

ရင်ထဲထိရှခံစား၊သိမ်းဆည်းသွားစေတဲ့ကဗျာလေးပါပဲ။

ချစ်လျှင်ပျော်မိ အထင်ဆိုတာလည်းမရှိတော့ပါဘူးလေ။
တဏှာလျော့လေ--ဒုက္ခလျော့လေ။
တဏှာ နည်းလေ---ဒုက္ခနည်းလေ။
တဏှာမရှိရင်ဒုက္ခ မရှိတော့။
တဏှာ များနေသရွေ့ ဒုက္ခများနေတော့မှာပါ လို့
တောင်မြို့ဆရာတော် ဘုရားကြီးကဟော ကြားခဲ့တာ နာယူရင်း သမုဒယ၊အနုအလှ၊အယုအယ မှန်သမျှ ဒုက္ခ တွေပါလို့ ဆင်ခြင်ကျင့်သုံးနေဖြစ်ခဲ့ပါတယ်။

ကျေးဇူးတော်ရှင်မြတ်စွာဘုရားဟာ လောကုတ္တရာနယ်ပယ်ရောက်တော့လည်း နိရောဓသစ္စာကို ရှေးဦးစွာဟောကြားခဲ့ပါတယ်။

နိရောဓသစ္စာဆိုတာ အကျိုးသစ္စာ၊ပြီးတော့မှ ဒီနိရောဓသစ္စာ ဖြစ်တဲ့ နိဗ္ဗာန်ကိုရောက်ကြောင်း အကျင့်ဆိုတဲ့ တရားက ဟောဒီမဂ္ဂသစ္စာပဲလို့ အကြောင်းတရားကို ဒုတိယပြခဲ့တယ်။

အဲလိုနဲ့ ဒုက္ခတွေကိုကြောက်ပါပြီ.. ဘယ့်နှယ်လုပ်ရပါ့မလဲ ။ဒီဒုက္ခလွတ်တဲ့ နေရာရှိမှရှိပါ သေးရဲ့လားလို့ အဲဒီလို စိတ်ထဲကတွေးပြီး ရတက် ဗျာပါရ တွေများနေတဲ့အချိန်မှာ ဘုရားရှင် က---

--(သုံးလောကတွင် ဒုက္ခ ထင်၍လွတ်ခွင်ထွက်ရာ၊ ရတက်ဖြာသော်၊သက်သာစေရန် အနေဖန်လျက် ဧကန်တတိယ နိရောဓတဲ့)

သက်သာစရာရှိတယ်၊ဒုက္ခချုပ်တဲ့နေရာရှိတယ်။ဒုက္ခမဖြစ်တဲ့ နေရာရှိတယ်လို့ သိရအောင် သုံးကြိမ်မြောက်မှာ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာကို ပြတော်မူခဲ့ပါတယ် .။

(နိဗ္ဗာနနန်း ရောက်ဘို့မှန်းကဤလမ်းဖြင့်တက် ဤမဂ်ကိုပွား မိန့်သည့်လားသို့လေးပါးမြောက်တွင် မဂ်လမ်းထွင်သည် ဟောစဉ်လက်ရိုးဆူဆူတည်း။)

ဒါကြောင့် ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်းတဲ့ နိဗ္ဗာန ဓာတ်ကိုတွေ့ချင်မြင်ချင်ကြလို့ ရှိရင်မဂ်ကိုပွားရပါမယ် တဲ့။မဂ္ဂင်ရှစ်တန် အကျင့်မှန် ကို အားထုတ်ပါလို့ လေးကြိမ်မြောက်ပြတော်မူတယ်။
ကျန်သောဘုရားအဆူဆူလည်းသည်အတိုင်းပြတော်မူခဲ့ပါတယ်။

တရားအဆုံးမှာ အရှင်ကောဏ္ဍည မှာ သစ္စာလေးပါးတရား ကိုသိမြင်နိုင်တဲ့ သောတပတ္တိမဂ်ဆိုတဲ့ ဉာဏ်စက္ခုပေါ်လာတော့တယ်။

အကြိုက်ဆုံး ပါဠိစကားလုံးလေးဖော်ပြချင်မိပါသေးတယ်။

ယံကိဉ္စိ -ကြွင်းမဲ့ဥဿုံ အလုံးစုံသော တေဘူမကတရားဟူသမျှတို့သည် ၊သမုဒယဓမ္မံ -ဖြစ်ခြင်းသဘောရှိ၏။

တံသဗ္ဗံ- ထိုဖြစ်ခြင်းသဘောရှိတဲ တေဘူမကတရား ဟူသမျှတို့သည် နိရောဓံ-ချုပ်ခြင်းသဘောရှိ၏။

အရှင်မြတ်ရဲ့ သောတာပတ္တိမဂ်ဉာဏ်စက္ခုမှာလည်း ဝိရဇံ-အပါယ်သို့လားရောက်ကြောင်း မကောင်းသော ရာဂ ဒေါသ မောဟတည်းဟူသော မြူမရှိတော့ပါဘူး .။

အရှင်ကောဏ္ဍည သည် ဧဟိဘိက္ခုဆိုတဲ့စကားနဲ့အတူ ရဟန်းဖြစ်ခဲ့ပါတယ်။ရဟန်း အစ ကောဏ္ဍညလို့ ဆိုခဲ့တော့ ဝါဆိုလပြည့် နေ့သည် သောတာပန်လူသား ပေါ်ထွက်ခဲ့ပြီး သံဃာ ရတနာ ပေါ်ပေါက်ခဲ့တဲ့နေ့လည်းဖြစ်နေပါတယ်။

သည်လပြည့်နေ့မှာတော့ အားလုံးရဲ့ သစ္စာအလင်း သည်လောကီသစ္စာ ၂ပါး(ဒုက္ခသစ္စာ+သမုဒယသစ္စာ)ကို သိမြင်နားလည် ပယ်ရှားပြီး (သိ၊ပယ်)

လောကုတ္တရာ သစ္စာအလင်းရောင်တွေ ထွန်းညှိပူဇော်နေမိရင်း (နိရောဓသစ္စာ+ မဂ္ဂသစ္စာတွေ -ဆိုက်၊ပွား)နိုင်တဲ့ သစ္စာအလင်း ---အစစ်အမှန် ဖြစ်အောင်ကြိုးစားအား ထုတ်ကြပါစို့လား။
.
မဂ္ဂင်၈ပါးတရားတော်တွေ၊နတ်ဗြဟ္မာတွေ ကြွေးကြော်ကြတာတွေ--- အနတ္တ လက္ခဏာသုတ္တန်ဟောကြားတော်မူခဲ့တာ တွေလည်း ထပ်ပြောပြပါအုံးမယ်။

*လေးစားကြည်ညိုရပါသော ကျေးဇူးတော်ရှင်တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ရေးသားသော(ဓမ္မစကြာတရားတော်)ကို ဦးခိုက်-ပူဇော်လျက် ရေးသားပါသည်။*

မေတ္တာဖြင့်-သစ္စာအလင်း။