ဘုရားရှင်၏ တရားအနှစ်ချုပ်
*******************
ပိဋကတ်သုံးပုံ၌ ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတော်မူခဲ့သည့် တရားတော်များ
အားလုံးတို့သည် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ဦးတိုက်လျက် ရှိကြ၏။ ကျွတ်ထိုက်သသူ
ဝေနေယျကြာ သတ္တ၀ါတို့၏ အတွင်းသဘောဓာတ်ခံ အလိုအကြိုက် စရိုက်ဝါသနာသို့ လိုက်၍
လည်းကောင်း, ဣနြေ္ဒအနုအရင့်သို့ လိုက်၍လည်းကောင်း အရိယသစ္စာလေးရပ် တရားမြတ်တို့ကို
သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် ဒေသနာတော်ကို
နည်းမျိုးစုံတို့ဖြင့် တန်ဆာဆင်ကာ ဟောကြားပြသ ဆိုဆုံးမထားတော်မူခဲ့၏။

ယင်းတရားတော် အားလုံးတို့ကို အကျဉ်းချုပ်လိုက်ပါက အရိယသစ္စာလေးရပ် တရားမြတ်တို့သာ ဖြစ်ကြပေသည်။
ဤကဲ့သို့သော သဘောတရားကို သစ္စသံယုတ်ပါဠိတော် သီသပါဝနသုတ္တန်တွင် ဘုရားရှင်က ဤသို့
ဟောကြားထားတော်မူခဲ့၏...။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ယင်းတိုက်တော၌ သီတင်းသုံး စံနေတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် အနည်းငယ်သော ယင်းတိုက်ရွက်တို့ကို တစ်ဖက်သော
လက်တော်ဖြင့် ကိုင်ယူတော်မူကာ တစ်ဖက်သော လက်ဝါးပြင်တော်ထက်သို့ တင်ထားတော်မူလျက်
ရဟန်းတော်တို့ကို ဤသို့ မေးမြန်းတော်မူလိုက်၏...။

" ချစ်သားရဟန်းတို့ ...ငါဘုရား ယခု မေးတော်မူမည့် ထိုအကြောင်းအရာကို အဘယ်သို့
မှတ်ထင် ယူဆကြကုန်သနည်း၊ ငါဘုရားရှင်၏ လက်ဝါးပြင်တော်ထက်၌ တင်ထားအပ်ကုန်သော
အနည်းငယ်သော ယင်းတိုက်ရွက်တို့နှင့် ယင်းတိုက်တော တစ်တောလုံးအတွင်းဝယ် ယင်းတိုက်ပင်တို့၏
အထက်၌ တည်ရှိနေကြကုန်သော ယင်းတိုက်ရွက်တို့သည် အဘယ်ယင်းတိုက်ရွက်တို့က
ပို၍ များပြားကြပါသနည်း" -- ဟု ရဟန်းတော်တို့ကို မေးမြန်းတော်မူလိုက်၏။

" မြတ်စွာဘုရား ... ဘုရားရှင်၏ တစ်ဖက်သော လက်တော်ဖြင့် ကိုင်ယူတော်မူကာ တစ်ဖက်
သော လက်ဝါးပြင်တော်ထက်သို့ တင်ထားတော်မူအပ်ကုန်သော ယင်းတိုက်ရွက်တို့သည်ကား
အလွန့်အလွန် နည်းပါးလှပါကုန်၏၊ စင်စစ်သော်ကား ယင်းတိုက်တော တစ်တောလုံးအတွင်းဝယ်
ယင်းတိုက်ပင်တို့၏ အထက်၌ တည်ရှိနေကြကုန်သော ယင်းတိုက်ရွက်တို့ကသာ အလွန့်အလွန်
များပြားလှကြပါကုန်၏" -- ဟု ပြန်လည် လျှောက်ထားတော်မူကြကုန်၏။

"ချစ်သားရဟန်းတို့ ... ဤဥပမာအတူပင် ငါဘုရားရှင်သည် ထူးသော ဉာဏ်တော်မြတ်ဖြင့်
ထိုးထွင်းသိမြင်၍ ဟောကြားတော်မမူအပ်သေးသော တရားသည်သာလျှင် များပြားလှ၏၊ အဘယ့်ကြောင့်
ထိုတရားကို ငါဘုရားရှင်သည် ဟောကြားတော်မမူအပ်ပါသနည်းဟူမူ ..."

" ချစ်သားရဟန်းတို့ ...ထိုတရားသည် (လူ+နတ်+နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခ
တည်းဟူသော) အကျိုးစီးပွားနှင့် မစပ်၊ အရိယမဂ်တည်းဟူသော အကျင့်မြတ်၏ အစ မဟုတ်၊
သံသရာဝဋ်ဆင်းရဲဒုက္ခမှ ငြီးငွေ့ရန်, တွယ်တာတပ်မက်မှု ကင်းပြတ်ရုပ်သိမ်း ချုပ်ငြိမ်းရန်, ထူးသော
သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်
သိမြင်ရန်, တဏှာမှ ထွက်မြောက်ရန် မဖြစ်။ ထို့ကြောင့် ထိုတရားကို ငါဘုရားရှင်သည် ဟောကြား
တော်မမူအပ်ပေ။

ချစ်သားရဟန်းတို့ ... အဘယ်တရားမျိုးကို ငါဘုရားရှင်သည် ဟောကြားတော်မူအပ်သနည်းဟူမူ ...
၁။ ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရားတည်း'ဟု
ငါဘုရားရှင်သည် ဟောကြားတော်မူအပ်၏၊ ချစ်သားရဟန်းတို့ ...သိအောင် ကြိုးစားအားထုတ်ကြပါ။

၂။ ဤကား ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယအရိယသစ္စာတရ
ားတည်း'ဟု ငါဘုရားရှင်သည် ဟောကြားတော်မူအပ်၏၊ချစ်သားရဟန်းတို့ ...သိအောင် ကြိုးစားအားထုတ်ကြပါ။

၃။ ဤကား ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓအရိယသစ္စာတရား-
တည်း'ဟု ငါဘုရားရှင်သည် ဟောကြားတော်မူအပ်၏၊ချစ်သားရဟန်းတို့ ...သိအောင် ကြိုးစားအားထုတ်ကြပါ။

၎။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းအကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ
အရိယသစ္စာ smile emoticon မဂ္ဂအရိယသစ္စာ)တရားတည်း' ဟု ငါဘုရားရှင်သည် ဟောကြားတော်မူအပ်၏။ချစ်သားရဟန်းတို့ ...
သိအောင် ကြိုးစားအားထုတ်ကြပါ။

ချစ်သားရဟန်းတို့ ...အဘယ့်ကြောင့် ထိုတရားတော်ကို ငါဘုရားရှင်သည် ဟောကြားတော်မူအပ်ပါသနည်းဟူမူ ---
ချစ်သားရဟန်းတို့ ... အရိယသစ္စာလေးရပ် တရားမြတ်တည်းဟူသောထိုတရားတော်သည် (လူ+နတ်+နိဗ္ဗာန်သုံးတန်သော

ချမ်းသာသုခတည်းဟူသော) အကျိုးစီးပွားနှင့်စပ်၏၊

အရိယမဂ်တည်းဟူသော အကျင့်မြတ်၏ အစ ဖြစ်၏၊ ထိုတရားတော်သည် သံသရာ
ဝဋ်ဆင်းရဲဒုက္ခမှ ငြီးငွေ့ရန်, တွယ်တာတပ်မက်မှု ကင်းပြတ် ရုပ်သိမ်း ချုပ်ငြိမ်းရန်, ထူးသော သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့်
အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရန်,
တဏှာမှ ထွက်မြောက်ရန် ဖြစ်၏၊ ထို့ကြောင့် ထိုတရားတော်ကို ငါဘုရားရှင်သည် ဟောကြားတော် မူအပ်ပါပေ၏။

" ဖားအောက်တောရဆရာတော် - သစ္စသံယုတ်ပါဠိတော် သီသပါဝနသုတ္တန်