သံယောဇဉ် ပယ်သတ်နည်း။
================

(သံယောဇဉ်....သံယောဇဉ်....လူကိုအရူးတပိုင်းဖြစ်စေတယ်.....သံယောဇဉ်......သံယောဇဉ်....နေမြင့်လို့အရူးရင့်ခဲ့တယ်
...ဒီသံယောဇဉ်.....ဒီသံယောဇဉ်....အိုး....အို....သံယောဇဉ်...။)လေးဖြုသီချင်းထဲကစာသားတွေပါ...။
ဒီ.သံယောဇဉ်ဆိုတဲ့..စကားလေးသုံးခွန်းပေမယ့်..ပုထုဇဉ်လူသားတိုင်း
သံယောဇဉ်နဲ့ကင်းတဲ့လူမရှိပါဘူး.သံယောဇဉ်ဆိုရာမှာလဲ
အမျိုးမျိုးသောတော်စပ်၊ ပက်သတ်မှုတွေနဲ့ရှိနေကြတာပါ၊ မိဘကသားသမီး၊သံယောဇဉ်၊ သားသမီးကမိဘအပေါ်သံယောဇဉ်၊
ဇနီးမယား၊ လင်ယောင်္ကျား၊ ချစ်သူ၊ ခင်သူ၊ ဆွေမျိုး၊ မိတ်ဆွေ၊ခွေး၊ကြောင်၊ စုံလို့ပါဘဲ အချို့ကလဲသံယောဇဉ်ကိုကြိုးတချောင်းနဲ့နှိုင်းယှဉ်

ပြီးတင်စားကြတယ်၊ အလွန်ခိုင်မာပြီးမမြင်နိင်သောဖြတ်ရခက်တဲ့ကြိုးလေးတဲ့ ကျနော်ကခေတ်နဲ့အညီ ဒီလိုနံမည်ပေးချင်တယ်ဗျာ
(Wire Less)သံယောဇဉ်လို့ဟုတ်တယ်လေ ဆက်သွယ်မှုလဲရှိတယ် မြင်လို့လဲမရဘူးဆိုတော့ ကျနော်နံမည်တပ်တာမမှားပါဘူးနော်
အင်တာနက်စကားနဲ့သံယောဇဉ်အကြောင်းပြောရရင် ၀ိုင်ဖိုင်စနစ်နဲ့ ဆက်သွယ်မှုလဲရှိတယ် (connection)ကလဲကောင်းသလား
မမေးနဲ့ကမ္ဘာဘယ်အရပ်ရောက်ရောက်စိတ်ကတွေးလိုက်တာနဲ့ သံယောဇဉ်လေးတွေကိုသတိယသွားတာဘဲ ကုန်ကုန်ပြောရရင်
ဘ၀ခြားသွားတာတောင် ဒီသံယောဇဉ်အမျှင်တန်းလို့ သရဲ၊တစ္ဆေ ဘ၀ရောက်သူတွေတောင်ရှိသေး၊ တခုထပ်ပြောရမယ်ဆိုရင်
သံယောဇဉ်မှာတောင် ချစ်သူ၊သမီးရီးစားသံယောဇဉ် ကအပူလောင်ဆုံးလို့ အချို့ယူဆကြတယ်အမှန်တော့ စိတ်ခံစားမှုအနဲ
အများပေါ်မှာဘဲမူတည်တယ်လို့ထင်ပါတယ် ၀ိသာခါကျောင်းအမကြီးတောင် အချစ်ဆုံးမြေးလေးသေတော့အရူးတပိုင်းဖြစ်သွား
တာဘုရားရှင်ရှေ့ရောက်လို့တရားရေအေးအမြိုက်ဆေးတိုက်ကြွေးတော့မှအသိတရားပြန်ဝင်တည်ငြိမ်လာတယ်၊ ပဋာစာရီဆိုလဲ
ပိုဆိုးသေးတယ်၊ လေးဖြုကမှအရူးတပိုင်းဘဲဖြစ်တာ မပဋာကတော့လုံးလုံးရူးသွားတယ် မြတ်စွာဘုရားတရားနာယူလိုက်မှအရူးပျောက်ပြီး
သောတာပန်တည်သွားတယ်၊ ဒါတွေဟာ သံယောဇဉ်ကြောင့်ဖြစ်တာတွေပေါ့ ဒီတော့သံယောဇဉ်ဟာ လူတွေကိုကောင်းကျိုးပေးလားဆိုး
ကျိုးပေးလားစမ်းစစ်တော့ အဆိုးဘဲပေးတာပေါ့၊ ပုထုဇဉ်တွေမှာသာသံယောဇဉ်ရှိကြပြီး အရိယာသူတော်စင်တွေကတော့ပယ်ဖြတ်
ထားကြတယ်၊ ကျနော့်အမျိုးတွေလဲ ဆိုးကျိုးပေးတဲ့ သံယောဇဉ်ကိုပယ်သတ်ချင်တယ်ဆိုရင် ဓမ္မဒူတ ဆရာတော်
ဒေါက်တာပညိဿရ။ဟောတဲ့ တရားလေးဆက်ဖတ်ဗျာ...။(မူကြို)

သံယောဇဉ် ပယ်ဖြတ်နိုင်ဖို့အတွက်
မဟာသတိပဋ္ဌာနသုတ္တန်မှာ မြတ်စွာဘုရား
ဟောကြားထား တာရှိပါတယ်။

{(ဓမ္မာနုပဿနာ ၊ အာယတနပဗ္ဗ အပိုင်းမှ)

"ရဟန်းတို့ ဤသာသနာတော်ကရဟန်းသည်
မျက်စိကိုလည်းသိ၏၊။ အဆင်းတို့ကိုလည်းသိ၏၊ ။
ထိုနှစ်ပါးစုံကို စွဲ၍သံယောဇဉ်
ဖြစ်ခြင်းကိုလည်းသိ၏ ။

မဖြစ်သေးသောသံယောဇဉ်၏
ဖြစ်ကြောင်းကိုလည်းသိ၏ ။

ဖြစ်ပြီးသောသံယောဇဉ်၏
ပယ်ကြောင်းကိုလည်းသိ၏ ။

ပယ်ပြီးသောသံယောဇဉ်၏
နောင်ခါမဖြစ်ကြောင်းကိုလည်းသိ၏ ။

ထို့အတူ..

နားကိုလည်းသိ၏ ၊
အသံတို့ကိုလည်းသိ၏ ။

နှာခေါင်းကိုလည်းသိ၏ ၊
အနံ့တို့ကိုလည်းသိ၏ ။

လျာကိုလည်းသိ၏ ၊
အရသာတို့ကိုလည်းသိ၏ ။

ကိုယ်ကိုလည်းသိ၏ ။
အတွေ့အထိတို့ကိုလည်းသိ၏ ။

စိတ်ကိုလည်းသိ၏ ၊
သဘောတရားတို့ကိုလည်းသိ၏ ။}

သံယောဇဉ်တွေဘယ်လိုဖြတ်မည်နည်း။

သံယောဇဉ်တွေဘယ်နေရာမှာ
ဖြစ်သလဲလို့ သိချင်ရင်

နေ့စဉ်ဘ၀မှာ
"လူသားတွေ ဘာလုပ်နေကြသလဲ"
လို့ကြည့်ရပါ မယ်၊၊

မျက်စိနဲ့ကြည့်တဲ့အလုပ်၊
နားနဲ့နားထောင်တဲ့ အလုပ်၊
နှာခေါင်းနဲ့ နမ်းရှူတဲ့အလုပ်၊
လျာနဲ့ အရသာခံ တဲ့အလုပ်၊
ကိုယ်နဲ့ထိတွေ့တဲ့အလုပ်၊
စိတ်နဲ့ကြံစည်စိတ်ကူးတဲ့အလုပ်လို့
အလုပ်ခြောက်မျိုးသာ လုပ်ကြပါတယ်။

မွေးကထဲက သေတဲ့ အထိ
ထိုအလုပ်ခြောက်မျိုးနဲ့သာ
အလုပ်ရှုပ်နေကြတာပါ၊

မျက်စိ နား နှာခေါင်း လျာ ကိုယ် စိတ်
ခြောက်မျိုးကိုသာအလုပ်အကျွေးပြုနေကြရတဲ့
မပြီးနိုင် မဆုံးနိုင်တဲ့
အလုပ်တွေလုပ်နေရတာပါ။

ဒီအလုပ်တွေလုပ်ရင်း
သံယောဇဉ်တွေတွယ်နေကြတာပါ။

သံယောဇဉ်ဖြတ်ချင်ရင်လည်း
ဒီအလုပ်တွေလုပ်ရင်းနဲ့ သံယောဇဉ်ကိုပါးအောင် ဖြတ်ကြရမှာပါ။

မဖြစ်သေးသောသံယောဇဉ်၏
ဖြစ်ကြောင်းကိုလည်းသိ၏ ။
ဖြစ်ပြီးသောသံယောဇဉ်၏
ပယ်ကြောင်းကိုလည်းသိ၏ ။
လို့ဟာတော်မူရာမှာ သံယောဇဉ်ဖြစ်ကြောင်းဆိုတာ
*အယောနိသော မနသီကာရ*
နှလုံးသွင်းမှားခြင်းပါပဲ။

မသင့်မတော်မမှန်မကန်
နှလုံးသွင်းတာကို
*အယောနိသော မနသီကာရ*
နှလုံးသွင်းမှားလို့ ဆိုပါတယ်။

လွယ်လွယ်နဲ့ နားလည်အောင်ပြောရရင်
ရှုမှတ်မှု့မပါ ၊ သတိမပါတာကို
*အယောနိသော မနသီကာရ* လို့
ပြောရမှာပါ။

ဒါ့ကြောင့်ရှု့မှတ်မှု့မပါ သတိမပါရင်
သံယောဇဉ်တွေဖြစ်လာ တယ်လို့
ပြောရပါမယ်။

ဖြစ်ပြီးသောသံယောဇဉ်၏
ပယ်ကြောင်းကတော့
*ယောနိသော မနသီကာရ*
နှလုံးသွင်းမှန်ခြင်းပါ။

သင့်တော်မှန်ကန်စွာ နှလုံးသွင်းခြင်းပါ ။
ရှု့မှတ်မှု့သတိ အမြဲရှိနေတာ
သတိအမြဲဖြစ်နေတာကို
*ယောနိသော မနသီကာရ* လို့
ပြောရမှာပါ။

ဒါ့ကြောင့်ရှု့မှတ်မှု့မှာသတိပါရင်
သံယောဇဉ်တွေကိုပြတ်တယ်လို့
ပြောနိုင်ပါတယ်..။

ဓမ္မဒူတ ဆရာတော်
ဒေါက်တာပညိဿရ။