သီလ ဆိုတာ ကိုယ်ချင်းစာတရား အပေါ်မှာ အခြေခံပြီး တည်ဆောက်ရတာပါ ။
အဓိကအားဖြင့် ကိုယ်မကြိုက်တဲ့ အမှုကို သူတစ်ပါးအပေါ်မှာ မပြုမိဖို့ပါပဲ ။
မိမိရဲ့အသက်ကို သူတစ်ပါး သတ်ဖြတ်တာ မိမိမကြိုက်ဘူးဆိုရင် သူတစ်ပါးလဲ ငါ့လိုရှိမှာပဲလို့
ကိုယ်ချင်းစာစိတ်ထားပြီး သူတစ်ပါးရဲ့ အသက်ကို သတ်ဖြတ်ခြင်း မပြုတော့တဲ့အခါ
ပါဏာတိပါတ သိက္ခာပုဒ် သီလကို ကျင့်ဆောင်ပြီး ဖြစ်သွားပါတယ် ။

တကယ်ကိုယ်ချင်းစာတတ်ရင် မသတ်ရုံသာမက နာကျင်အောင်လဲ မနှိပ်စက် မညှင်းပန်းပါဘူး ။
ကိုယ်ကာယ နာကျင်မှုကိုသာမက စိတ်ဓာတ်နာကျင်မှုကိုပါ မပြုတော့ပါဘူး ။ သူတစ်ပါး ကိုယ်ဆင်းရဲ
စိတ်ဆင်းရဲ ဖြစ်မယ့် အပြုအမူ ၊ အပြောအဆိုတွေကို လုံးဝ ပြုလုပ်တော့မှာ မဟုတ်တော့ပါဘူး ။
လူအချင်းချင်း မဆိုထားနဲ့ ပိုးမွှားတိရိစ္ဆာန်လေးများကိုပင် နာကျင်ထိခိုက်စေလိုတဲ့ စေတနာ မရှိတဲ့အတွက်
စိတ်ကောင်းလေးတွေဖြစ်ပေါ်ပြီး ကောင်းသောကံ ၊ ကောင်းတဲ့ကုသိုလ်တွေ ဖြစ်ပေါ်ရရှိ လာပါတော့တယ် ။
မိမိပျော်ရွှင်မှုအတွက် တစ်ဖက်သား စိတ်အနှာင့်အယှက် ၊ ထိခိုက်နစ်နာစေမယ့် ကျီစယ်နောက်ပြောင်ခြင်းများပင်
ပြုလုပ်ဖြစ်တော့မည် မဟုတ်ပေ ။ ထိုအခါ လူသည် ကြည်ညိုဖွယ် ဣနြေ္ဒရှင် သိက္ခာရှင် အသွင်ဆောင်လာပါတော့တယ် ။

ယင်းကဲ့သို့ သူတစ်ပါး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်စေမယ့် အပြုအမူမျိုး ၊ အပြောအဆိုမျိုးကို ရှောင်ကြဉ်တာဖြစ်လို့
" ဝါရိတ္တ သီလ " လို့ ခေါ်ရပါတယ် ။ ဒါတင်မက သူတစ်ပါး စိတ်ချမ်းသာ ကိုယ်ချမ်းသာအောင် ကူညီလုပ်ကိုင်ပေးခြင်း
ဆိုတဲ့ " စာရိတ္တ သီလ " ကိုလဲ ပူးတွဲ ဆောင်ရွက်ရပါတယ် ။ ဒီသီလ နှစ်မျိုးဟာ သရက်စေ့ ထက်ခြမ်းခွဲကို နှစ်ခြမ်းပေါင်းမှ
သရက်တစ်စေ့ ဖြစ်သလိုပဲ " ဝါရိတ္တ သီလ " နဲ့ " စာရိတ္တ သီလ " နှစ်မျိုးပေါင်းမှ ပြည့်စုံတဲ့ သီလ ဖြစ်နိုင်ပါတယ် ။
" စာရိတ္တသီလ " ဆိုတာ ဆောင်ရွက်ရန် သီလ ဖြစ်ပြီး ၊ " ဝါရိတ္တသီလ " ဆိုတာ ရှောင်ကြဉ်ရန် သီလ ဖြစ်ပါတယ် ။

သီလစောင့်ထိန်းသူ တစ်ဦးဟာ သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်း ၊ ညှင်းဆဲခြင်းအမှုကိုတော့ ရှောင်ကြဉ်ပါတယ် ၊
ဒါပေမယ့် မိမိရှေ့မှာ ဒုက္ခရောက်နေသူတစ်ဦးကို တတ်နိုင်ပါလျက် ဘာအကူအညီမှ မပေးဘူးဆိုရင် ဒီပုဂ္ဂိုလ်ရဲ့သီလဟာ
မပြည့်စုံသေးဘူးလို့ ဆိုရမှာပါ ။ အဲဒီမှာလဲ ကိုယ်ချင်းစာစိတ်ရှိခဲ့ရင် မိမိလဲ သူ့လို ဒုက္ခရောက်နေခဲ့သော် ကူညီသူကို
အလိုရှိမှာပဲလို့ ကိုယ်ချင်းစာတရားနဲ့ ကူညီချင်မှာပါပဲ ။

" ဝါရိတ္တသီလ " ဖြင့် ရှောင်ကြဉ်ရုံသာမကပဲ " စာရိတ္တသီလ " ဖြင့် သူတစ်ပါး ကောင်းကျိုးချမ်းသာ ဖြစ်မယ့် အလုပ်မျိုးကို
လုပ်ဆောင်ကြရမှာဖြစ်တယ် ။ ကာယကံ အနေဖြင့် ကိုယ့်ရှေ့မှာ မနိုင်ဝန် သယ်လာသူကို ကူညီဖေးမ ပင့်ချသယ်ယူပေးခြင်း ၊
ဝန်လေးထမ်းရွက်လာသူကို လမ်းဖယ်ပေးခြင်း ၊ လမ်းပေါ်မှ ဆူးငြောင့် ခလုတ် ဖယ်ရှားခြင်း ၊ ကျင်းချိုင့် ရွှံ့ ဗွက်ဖြစ်နေတဲ့လမ်းကို
မြေဖို့ပေးခြင်း ၊ အမှိုက်လှည်းခြင်း ၊ တံတားခင်းခြင်း ၊ ရေတွင်းရေကန်တူးခြင်း ၊ ဇရပ်ဆောက်ခြင်း ၊ ရေအိုးစင် ထားပေးခြင်း ၊
အရိပ်ရသစ်ပင် , အသီးစားရတဲ့ သစ်ပင်များကို အများအတွက် စိုက်ပျိုးခြင်း ၊ မရှိဆင်းရဲသူများကို ထောက်ပံ့ပေးကမ်း ဝေငှခြင်း ၊
ရောဂါဝေဒနာ ခံစားနေရသူတွေအတွက် ဆေးဝါးပစ္စည်း လှူဒါန်းခြင်း ၊ လူနာရဲ့ အညစ်အကြေးကို သုတ်သင်ပေးတဲ့ သူနာပြုလုပ်ငန်း
တွေကို လုပ်ကိုင်ပေးခြင်း စတဲ့ မွန်မြတ်တဲ့ လုပ်ငန်းတွေကို ပြုမူဆောင်ရွက်ပေးခြင်းဟာ " စာရိတ္တသီလ " ဆောက်တည်တာပါပဲ ။

ဝစီကံ အနေဖြင့်လည်း သူတစ်ပါး အကျိုးရှိစေမယ့် စကားမျိုး ၊ တစ်ဖက်သား နားဝင်ချိုပြီး စိတ်ချမ်းသာစေမယ့် အပြောမျိုး ကိုသာ
ပြောရမှာပါ ။ မိမိ မကြားချင်တဲ့စကားမျိုးကို သူတစ်ပါးကို မပြောမိအောင်လဲ ရှောင်ကြဉ်ရမှာပါ ။ မနောကံမှာလဲ သူတစ်ပါး အကျိုးစီးပွားကို
လိုလားနေရမယ် ၊ သတ္တဝါမှန်သမျှကို မိမိနဲ့ထပ်တူ ချစ်ခင်မြတ်နိုးတတ်ရမယ် ၊ အားရှိ အားမဲ့ နိုင်လိုမင်းထက် လုပ်ရမှာကို ရှက်တတ်ရပါမယ် ။
တစ်ဦးတည်းသော သားငယ်ကို မိခင်က ကြင်နာယုယသလို ၊ သတ္တဝါ အားလုံးအပေါ် ကြင်နာယုယနိုင်တဲ့ စိတ်မျိုး မွေးမြူထားရမှာဖြစ်တယ် ။
ဒီလိုပဲ စာရိတ္တသီလကို ကာယကံ ဝစီကံ မနောကံတွေဖြစ်တဲ့ မွန်မြတ်တဲ့ အပြုအမူ အပြောအဆို အကြံအစည်များနဲ့ ဆောက်တည်ရမှာပါ ။

ကိုယ်ချင်းစာတရား ရှိတဲ့သူဟာ ကိုယ့်ပစ္စည်းကို ခိုးဝှက် လုယက် ယူငင်တာ မကြိုက်သလို သူတစ်ပါးပစ္စည်းကိုလဲ ခိုးမှု ၊ လုယက်မှု ၊ အနိုင်ကျင့်ပြီး
ရယူမှု ၊ လိမ်ညာပြီး ရယူမှုများ မပြုတော့ပါဘူး ။ ကိုယ့်သားမယားကို ဖျက်ဆီး စော်ကားတာမကြိုက်သလို သူတစ်ပါးသားမယားကိုလဲ ကိုယ်ချင်းစာပြီး
မစော်ကား မဖျက်ဆီးဖြစ်တော့ပါဘူး ။ ကိုယ့်အပေါ် လိမ်ညာလှည့်ဖြားတာ မကြိုက်သလို သူတစ်ပါးကို လိမ်ညာလှည့်ပတ်ခြင်း အလျဉ်းမပြုတော့ပါ ။
မိမိရဲ့ မိတ်ဆွေနဲ့ ကွဲပြားအောင် ကုန်းတိုက်စကားပြောခြင်း ၊ မိမိအပေါ် ကြမ်းတမ်းရိုင်းပြစွာ ဆဲရေးတိုင်းထွာ ပြောဆိုခြင်း များကို မိမိမကြိုက်သလိုပဲ
သူတစ်ပါးတို့လဲ မကြိုက်ဘူးဆိုတာ ကိုယ်ချင်းစာမိရင် မပြောဆိုဖြစ်တော့ပါဘူး ။

ထိုနည်းအတူပါပဲ မိမိလိုလားနှစ်သက်တဲ့ အပြုအမူ အပြောအဆိုတွေကို သူတစ်ပါးတို့လဲ ကြိုက်နှစ်သက်မှာပဲ ဆိုတာ ကိုယ်ချင်းစာပြီး သူတစ်ပါးအတွက်
နှစ်သက်နိုင်မယ့် အပြောအဆို အပြုအမူတွေကို ပြောဆိုပြုမူဖြစ်တော့မှာပဲ ဖြစ်ပါတယ် ။

သည့်အတွက် လူတွေဟာ ကိုယ်ချင်းစာတရား လက်ကိုင်ထားကြမယ်ဆိုရင် သီလတွေလုံခြုံ ပြီး လက်ငင်း ပစ္စုပ္ပန်ဘဝမှာလည်း လူသားထုတစ်ရပ်လုံး
ချမ်းသာကြမယ် ၊ သေပြီးတဲ့နောက်လဲ နတ်ပြည်မှာ နတ်ချမ်းသာ ခံစားကြရမှာဖြစ်တယ် ။ ကိုယ်ချင်းစာတရားသာ လက်ကိုင်ထားပြီး အရာရာ ပြုမူ
ပြောဆို နေထိုင် ကျင့်ကြံ ကြမယ်ဆိုရင် ယခုဘဝသာမက သံသရာချမ်းသာကို ရရှိခံစားနိုင်ကြောင်း မြတ်စွာဘုရားရှင်က " ဝေဠုဒွါရေယျသုတ် " မှာ
အတိအလင်း ဟောကြားမိန့်မှာထားခဲ့ပါတယ် ။ ဒါကြောင့် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေရန် ကိုယ်ချင်းစာတရား မွေးမြူကြပါလို့
စေတနာ မေတ္တာဖြင့် တိုက်တွန်းနှိုးဆော်လိုက်ပါတယ် သူတော်ကောင်း အပေါင်းတို့ ။ ။